မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အခြားကမ္ဘာ့ နိုင်ငံများ ကြုံတွေ့နေရသည့် အသွင်ကူးပြောင်းရေး ကာလ မတည်ငြိမ်မှုနှင့် လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုများ မဖြစ်ပွားစေရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ် တွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ပြင်ဦးလွင်တွင် ကျင်းပသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ အပတ်စဉ် ၁၆ ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်ပြီး အေးချမ်း တည်ငြိမ် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတခုဖြစ်စေရန် ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု အလေး ပေးပြောဆိုသည်။
“ဒီမိုကရေစီဖော်ဆောင်ရာမှာ ဒီနေ့ ကမ္ဘာ့နိုင်ငံတချို့မှာ ကြုံတွေ့နေရတဲ့ အသွင်းကူးပြောင်းရေးကာလ မတည်ငြိမ်မှုနဲ့ လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုတွေကို သင်ခန်းစာ ရယူပြီး အေးချမ်းတည်ငြိမ် ဖွံ့ဖြိုး တိုးတက် တဲ့နိုင်ငံတခု ဖြစ်အောင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ လိုတယ်´´ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
လက်ရှိ နိုင်ငံတွင် ကျင့်သုံးနေသော ဒီမိုကရေစီစနစ်သည် တပ်မတော်က တွန်းတင်ပေးခဲ့သော လမ်းကြောင်း တွင် လျှောက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ပိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို လုံး၀ လက်မခံကြောင်း၊ ဒီမိုကရေစီစနစ်ဟု ဆိုရာတွင် ရပိုင်ခွင့်တခုတည်းမဟုတ်ဘဲ ပေးဆပ်မှု လည်း ပါဝင်ကြောင်း၊ ပေးဆပ်မှုဟုဆိုရာတွင် စည်းကမ်းနှင့် ဥပဒေများကို အားလုံးက လေးစား လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်
“ ဒီမိုကရေစီ ဆိုရာမှာ ရယူခြင်း တခုသာ မဟုတ်ဘဲ ပေးဆပ်ရမယ့် တာဝန် ဝတ္တရားတွေလည်းရှိတယ်ဆိုတာ မမေ့ဖို့ လိုတယ်။ အထူးသဖြင့် စည်းကမ်းနဲ့ ဥပဒေတွေကို လိုက်နာပြီး အနိမ့်ဆုံး အဆင့်ပေးဆပ်ဖို့ တာဝန် ရှိတယ်။ ထင်သာမြင်သာမရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အများဆန္ဒကို အလေးထားမှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည် ရှိမှု နဲ့ တရားဥပဒေ စိုးမိုးမှု ရှိဖို့လိုအပ်တယ်။ ဒီမိုကရေစီစနစ်က လွတ်လပ်မှုကို အခြေခံတဲ့ စနစ်မို့ အားလုံးက စည်းကမ်းနဲ့ ဥပဒေကို လေးစားလိုက်နာပြီး အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားကြဖို့ အထူး လိုအပ်တယ်´´ ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး အဓိက ဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ကာကွယ်စောင့်ရှောက်ရေးသည်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ပင်ဖြစ်သည်ဟု ဆိုသည်။
“ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုရာမှာ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက် ဖို့ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ ဒို့တပ်မတော်မှာ အဓိက တာဝန်ရှိတယ်ဆိုတာကို မှာကြားလိုတယ်´´ ဟု ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားစဉ် ပြည်ထောင်စု တပ်မတော် ဆိုသော စကားရပ် သူ၏ မိန့်ခွန်းတွင် ထပ်ခါ တလဲလဲ အသုံးပြုပြောဆိုသွားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ လွန်ကာလ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံနိုင်ရသော အလားအလာရှိသည့် သမ္မတလောင်းအဖြစ် တပ်မတော် အသိုင်းအဝိုင်းတွင် ရေပန်းစား နေသူဖြစ်သည်။