အိန္ဒိယပြည်နယ် ကီရာလာက ညွှန့်ပေါင်းစနစ်ကတော့ တမူထူးခြားတဲ့ အခြေအနေတွေ အတွင်းက ပေါ်ပေါက်လာခဲ့တယ်။ ကီရာလာက စနစ်ဟာ အချိန်နဲ့အမျှ လူမျိုးစု တိမ်းစောင်းမှုဒဏ်တွေကို ခံရတယ်။ ကီရာလာ ပြည်နယ်မှာ နိုင်ငံရဲ့ အဓိက နိုင်ငံရေးသြဇာရှိ အဖွဲ့ ၄ ဖွဲ့ရှိတယ်။ ခရစ်ယာန်တွေ၊ ဟိန္ဒူဇာတ်မြင့်၊ ဇာတ်နိမ့်နဲ့ မွတ်ဆလင်တွေ ဖြစ်တယ်။ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်ကာလတွေမှာ အဲဒီ အဖွဲ့ ၄ ဖွဲ့ထဲက ဘယ်အဖွဲ့မှ ပြည်နယ်ကို တဦးတည်း အုပ်ချုပ်နိုင်ခြင်း မရှိတာကို တွေ့ရတယ်။ နောက်ဆုံးမှာ နိုင်ငံတော်ဟာ ပြည်နယ် အပြိုင်အဆိုင်ရှိတဲ့ ညွှန့်ပေါင်းစနစ်ထဲကို သက်ဆင်းသွားခဲ့ရတာပဲ။ ဒီညွှန့်ပေါင်းထဲမှာ အဓိကအဖွဲ့ ၄ ဖွဲ့က အဖွဲ့ဝင်တချို့ အနည်းနဲ့အများ တဖွဲ့ချင်းစီကတော့ ထည့်သွင်းပါဝင်ခွင့် ရကြတယ်။
ဒါပေမယ့် အချိန်နဲ့အမျှ အဲဒီအဖွဲ့ဝင် ထည့်သွင်းပါဝင်မှု အချိုးအစားဟာ အမျိုးမျိုးဖြစ်နေပြီး မတည်ငြိမ်ဘူး။ အဖွဲ့တွေ အားလုံး အနှေးနဲ့ အမြန်ဆိုသလို ပါဝါတချို့ကို ကျင့်သုံးတာမျိုး ရှိပေမယ့် ကြီးမားခမ်းနားတဲ့ ဂရန်းညွှန့်ပေါင်း တဖွဲ့တော့ မဟုတ်ပေဘူး။ ဒီထဲမှာ အင်အားအရှိန်ကောင်းတဲ့ အတိုက်အခံတဖွဲ့ အမြဲတမ်းရှိတယ်။ အုပ်စုတခုကနေ ကွဲအက် ပဲ့ထွက်လာတဲ့ အုပ်စုတဖွဲ့ရဲ့ ခေါင်းဆောင်၊ ဒါမှမဟုတ် အုပ်စုတစုဟာ ညွန့်ပေါင်းအဖွဲ့က ပေးကမ်းတာကို မကျေနပ်ဘူး။ ဒီတော့ အဲဒီအဖွဲ့က ညွန့်ပေါင်းကို အပြောင်းအလဲလုပ်ဖို့ သူ့ဘက်အားပေးမှုတွေကို စုစည်းနိုင်တယ်။ ညွန့်ပေါင်းကို အပြောင်းအလဲဖြစ်စေမယ်၊ သူ့ဘက်ကို အားပေးပါလို့ ကျန်အဖွဲ့တွေကို ကမ်းလှမ်းလိုက်နိုင်တဲ့ သဘောပဲ။ ဒီသူ့ရဲ့ ကမ်းလှမ်းချက်ဟာ ကျန်အုပ်စုတွေရဲ့ အမျိုးမျိုးသော အကျိုးအမြတ်တွေကို ချိန်ဆကြည့်လာနိုင်စေတယ်။ အလွှာအဆင့်ဆင့်၊ အမျိုးမျိုးရှိတဲ့ မဲဆန္ဒနယ်တွေမှာ မဲတွေကို ညွန့်ပေါင်း ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံဖို့ လူမျိုးစုစည်းချထားမှုတွေကို ကျော်ဖြတ်ပြီး စုပေါင်းထားတယ်။
ညွန့်ပေါင်းတဖွဲ့စီရဲ့ အစီအစဉ်က ညှိနှိုင်း အပေးအယူလုပ်တာပဲ။ အဲဒီအဖွဲ့ရဲ့ ပုံရိပ်အတိအကျ ဘယ်လိုရှိမလဲဆိုတာက အဖွဲ့တွင်း ပါဝင်သူတွေရဲ့ အတိုင်းအဆအပေါ် မူတည်တယ်။ ဒါပေမယ့် ကွဲပြားမှုနက်နဲတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ ဖယ်ထုတ်ခြင်းဆိုတာ အမြဲတမ်း ဖြစ်နေနိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ညွန့်ပေါင်းအဖွဲ့တွေဟာ အသေ မဟုတ်ဘဲ အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် အပြိုင်အဆိုင် ညွန့်ပေါင်းတွေ ရှိနေမှုဟာ လူမျိုးစု အုပ်စုတွေအတွင်း အကွဲအပြဲတွေကို အားပေးတယ်။ ဒါမှ ကွဲထွက်လာတဲ့ အဖွဲ့တဖွဲ့ဟာ တခြား ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်းသွားနိုင်တာ ဖြစ်တယ်။ ဒီလိုပဲ အခြားတဖွဲ့ကလည်း နောက်ထပ် တဖွဲ့နဲ့ မဟာမိတ် ဖြစ်သွားနိုင်တယ်။ ပြောင်းလဲနိုင်တဲ့ သဘာဝရှိရင် ပြောင်းလဲမှုကို ဖြစ်ပေါ်စေတာပါပဲ။ လူမျိုးစု အကြမ်းဖက်မှုပုံစံတွေ ဝန်းရံနေတဲ့ နိုင်ငံတနိုင်ငံမှာ ကီရာလာပြည်နယ်ဟာ သိသာထူးခြားတဲ့ ခြွင်းချက် ဖြစ်ရပ်တခုပါပ။ဲ
ကီရာလာပြည်နယ်ရဲ့ ခြွင်းချက်အသွင်အပြင်ဟာ ပဋိပက္ခတွေ ကင်းမဲ့မှု ဒါမှမဟုတ်၊ ခါးခါးသီးသီး ဖက်ပြိုင်မှု ပြဿနာတွေ မရှိတဲ့အတွက် မဟုတ်ဘူး။ ဒါနဲ့ ဆန့်ကျင်ဘက်က ဟိန္ဒူဇာတ်နိမ့်တွေရဲ့ ဇာတ်မြင့်တွေအပေါ် မကျေနပ်ချက်တွေဟာ မပြီးဆုံးနိုင်ဘဲ ဖြစ်နေတဲ့အတွက်ပဲ။ ဟိန္ဒူနဲ့ မွတ်ဆလင်တွေဟာ တဖက်ကိုတဖက် ကြောက်နေကြတယ်။ နောက်ပြီးတော့ ဒီနှစ်ဖက်စလုံးကလည်း ခရစ်ယာန်တွေ ပါဝါပိုကြီးထွားလာမှာကို စိုးရိမ်တယ်။ တလှည့်စီအားဖြင့် ခရစ်ယာန်တွေကလည်း ဟိန္ဒူတွေအပေါ် လွှမ်းမိုးမယ့် ရည်ရွယ်ချက် အငြိုးအတေးတွေ ထားနေသူတွေဆိုပြီး မယုံကြည်ဘူး။ ကီရာလာပြည်နယ်ရဲ့ ညွန့်ပေါင်းအဖွဲ့တွေဟာ ပဋိပက္ခ အလွန်အကျူးမဖြစ်တဲ့ လမ်းနောက်ကို လိုက်တာမဟုတ်ဘဲ အဲဒီ အစား ပဋိပက္ခတွေကို ညွှန့်ပေါင်းအဖွဲ့တွေက အလွန်အကျွံ မဖြစ်အောင် ထိန်းတာပဲ ဖြစ်တယ်။
ကီရာလာပြည်နယ်မှာ ဒီလိုမျိုး ညွန့်ပေါင်းအဖွဲ့တွေကို အချင်းချင်း ယှဉ်ပြိုင်အံတုနေကြမှု ကြီးထွားလာတဲ့ အခြေအနေကို ကျောထောက်နောက်ခံ ပြုထားတဲ့ အနေအထား ၄ ခု ရှိတယ်။ ပထမတခုက ပြည်နယ်ရဲ့ ပေါင်းစုံပါဝင်နေတဲ့ ဝင်ရိုးစွန်းကြီး မတည်ငြိမ်မှုပဲ။ ဒီအနေအထားက ညွန့်ပေါင်းအဖွဲ့ ပုံစံမျိုးသွားဖို့ ရှောင်လွှဲလို့ မရနိုင်ဖြစ်ရတာ အရှင်းလင်း ကြီးပဲ။ ဒုတိယတချက်က ညွန့်ပေါင်းအဖွဲ့တွေဟာ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် သဘောတူညီချက်တွေ လုပ်ထားကြတာပါ။ စာရင်းတခုတည်းကနေ တဖွဲ့ချင်းစီက ယှဉ်ပြိုင်ရတဲ့အခါ နေရာခွဲဝေပေးဖို့က အဓိက ပြဿနာ ဖြစ်လာတယ်။ တဆက်တည်းမှာပဲ မလေးရှားမှာလိုပေါ့၊ အုပ်စုတဖွဲ့က မဲဆန္ဒရှင်တွေဟာ နောက် ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ တိုက်တွန်း စေ့ဆော်ခံရတာပဲ ဖြစ်တယ်။ ဒါမျိုးက လူမျိုးစုပြဿနာရပ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းစေ့စပ်မှုမျိုး လုပ်မှသာ ဖြစ်နိုင်တာပဲ။
တတိယတချက်က မလေးရှားမှာ အဓိက ဦးစားပေးဖို့ တောင်းဆိုမှုတွေဟာ လူမျိုးစု ဝန်းရံမှုတွေရှိမှသာ အခွင့်အရေးတွေ ရနိုင်ပြီး အုပ်စုအဖွဲ့ ၃ ပိုင်း ကွဲထွက်သွားစေခဲ့တယ်။ မလေးရယ်၊ လူမျိုးစုအချင်းချင်းနဲ့ မလေး မဟုတ်သူဆိုပြီးတော့ပါပဲ။ ကီရာလာပြည်နယ်မှာ ဘယ်အဖွဲ့ကမှ သူတို့က ဌာနေတိုင်းရင်းသား ပိုဖြစ်တယ်ဆိုပြီး အရေးဆိုလို့မရဘူး။ အကျိုးရလဒ်ကတော့ စိတ်ပျက်သွားကြတဲ့ တောင်းဆိုရေးသမားတွေဟာ အပြိုင်အဆိုင်မကင်းတဲ့ ညွန့်ပေါင်းအဖွဲ့ထဲက ိုကျဆင်းသွားနိုင်တာပဲ ဖြစ်တယ်။ ညှိနှိုင်းစေ့စပ်မှုလုပ်လာဖို့ အတိုက်အခံ ဖြစ်သွားတာထက် ဒီညွန့်ပေါင်းချောက်ထဲ ပိုပြီး ထိုးကျသွားနိုင်တာပါ။ ဒါဟာ လူမျိုးစု မကျေနပ်ချက် အန္တရာယ်သံသရာထဲ တဝဲလည်လည်နဲ့ ဆုံးတော့မှာ မဟုတ်ဘူး ဖြစ်သွားစေတယ်။ အစိုးအရ အပြောင်းအလဲတခုဟာ ပါဝါကို ဦးတည်မယ့် ကွဲပြားတဲ့လူမျိုးစုပေါင်းစုံ ညွှန့်ပေါင်း အဖွဲ့တဖွဲ့ကို ဖြစ်ပေါ်စေတယ်။ စတုတ္ထအချက်ကတော့ ပထမတချက်တုန်းက ညွှန့်ပေါင်းအဖွဲ့တွေဟာ အမျိုးသားရေး အဆင့် အိန္ဒိယပါတီတွေ အဝန်းအဝိုင်းထဲမှာ အခြေပြုတာ။ အဲဒီပါတီတွေဟာ အပြင်ပန်းအရ လူမျိုးစုမဟုတ်တဲ့ ပါတီတွေ
ဖြစ်ကြတယ်။ ကွန်ဂရက်နဲ့ ကွန်မြူနစ်တွေဆိုပြီးတော့ ရှိခဲ့ကြတာပဲ။ လူမျိုးစုအဖွဲ့တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် နိုင်ငံတော်အဆင့် ပါတီတွေကို ထိန်းသိမ်းထားတာ။ ဒါပေမယ့် အချို့ ခေါင်းဆောင်တွေဟာလည်း ဒီအမျိုးသား ပါတီတွေထဲကို ဝင်ခဲ့ကြတာတွေ ရှိပါတယ်။ ကီရာလာပြည်နယ်ဟာ စေ့စပ်အပေးအယူလုပ်ဖို့နဲ့ ညွှန့်ပေါင်းဖွဲ့ဖို့ ဖြစ်စဉ်တွေ စတင်ဖို့ လူမျိုးစုဆိုင်ရာ ရည်မှန်းချက်တွေအတွက် ဒီလူမျိုးစုမဟုတ်တဲ့ယာဉ်တွေကို အစကတည်းက ပိုင်ဆိုင်ထားခဲ့တာ
မဟုတ်ဘူးဆိုရင် နိုင်ငံတော်ရဲ့ နိုင်ငံရေး အခင်းအကျင်းဟာ သိမ်မွေ့ညင်သာတဲ့ ပုံစံနဲ့ ဖြစ်ပေါ်တိုးတက်မှု ရှိလာလေ
မလားဆိုပြီး စောင့်ကြည့်ချင်စရာ ကောင်းလိမ့်မယ်။
ညှိနှိုင်းပြေလည်နိုင်မယ့် အင်စတီကျူးရှင်းတွေကို တည်ဆောက်ခြင်း
မလေးရှားနဲ့ ကီရာလာပြည်နယ် နှစ်ခုစလုံးက ညွှန့်ပေါင်းအဖွဲ့တွေရဲ့ ဖွဲ့စည်းမှုထဲမှာ ပုဂ္ဂိုလ်တဦးချင်းအလိုက် ထူးခြားမှုတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာခဲ့တယ်။ ကြွဲပားမှုနက်နဲတဲ့ လူ့အဖွဲ့ အစည်းတွေထဲမှာ ဒီလိုညွန့်ပေါင်းတွေ ဖွဲ့ကြတော့ ညှိနှိုင်းပြေလည်နိုင်မယ့် အင်စတီကျူးရှင်း အနည်းငယ်ကို တွေ့မိနိုင်တာ အံသြစရာတော့ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ လူမျိုးစုအချင်းချင်း ညှိနှိုင်းပြေလည်မှုရဖို့အတွက် မက်လုံးတွေကို တည်ဆောက်ဖို့ ရွေးကောက်ပွဲ စနစ်တွေကို ဘယ်လို အစီအစဉ်တကျ တည်ဆောက်မလဲ ဆိုတာကို လျစ်လျုရှုထားမိကြတာလည်း မဆန်းဘူး။ ဒါမှမဟုတ်၊ အုပ်စု နှစ်ခြမ်းကွဲမှုတွေကို လျှော့ချဖို့နဲ့ လူမျိုးစုပေါင်းစုံ ပြေပြေပြစ်ပြစ် ပေါင်းစည်းနိုင်ရေးကို တိုးတက်ဖော်ဆောင်ဖို့ ဘယ်လို ဖက်ဒရယ်နိုင်ငံတော်ကို ဖန်တီးကြမလဲဆိုတာကို ဘေးချိတ်ထားမိကြတာလည်း အံသြစရာ မဟုတ်ပေဘူး။ လူမျိုးစု ပေါင်းစည်းမှုတွေဆိုတာ နိုင်ငံရေး အဆက်အစပ် ပေါ်မူတည်ပြီး အထိခိုက်မခံတဲ့ကိစ္စပဲ။ လူမျိုးစု ပေါင်းစုံဝင်ရိုးစွန်းကြီး ပြေပြစ်မှုမျိုး ရှိလာရင် ဒါကို ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတွေကိုလည်း တွေ့လာရနိုင်တယ်။ နိုင်ငံရေးသမားတွေဟာ အထူးသဖြင့် နိုင်ငံရေးမက်လုံးတွေကိုသာ တုံ့ပြန်ကြတယ်။ ရွေးကောက်ပွဲ မတိုင်ခင် မဲအသီးသီး စုပေါင်းပါဝင်တဲ့ ညွန့်ပေါင်းတွေဟာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေက လိုအပ်တဲ့ အရာဆိုရင်၊ အဲဒီအရာတွေရဲ့ အဆုံးသတ်အတွက် နည်းလမ်းတွေကိုလည်း တွေ့လာနိုင်ပါတယ်။ အနည်းဆုံး ပဋိပက္ခဖြစ်လွယ်တဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း တချို့မှာ တွေ့ရနိုင်တယ်။ ဒါပေမယ့် ညှိနှိုင်းအဖြေရှာမယ့် အင်စတီကျူးရှင်းတွေကို ဖန်တီးမြှင့်တင်ဖို့ အစီအစဉ်တွေဟာ ထိရောက်မှု သိပ်မရှိဘဲ အားနည်းခဲ့ကြတာကို တွေ့ရပြီး တိုက်ဆိုင်မှုဖြစ်သလိုလို ချွတ်ချော်မှုတွေရှိခဲ့တဲ့ မလေးရှားနဲ့ ကီရာလာ ပြည်နယ်ဖြစ်ရပ်နှစ်ခုကနေ ပြနေတာက လူမျိုးစုပါတီတွေဟာ စေ့စပ်အပေးအယူလုပ်ဖို့ နိုင်ငံရေးမက်လုံးတွေ အခိုင်အမာရှိထားရင် သူတို့ဘက်က စေ့စပ်ညှိနှိုင်းလိမ့်မယ်ဆိုတာပဲ။ တချို့နေရာတွေမှာ လူမျိုးစုအချင်းချင်း ညှိနှိုင်း ပြေလည်မှုရဖို့ စုပေါင်းအားထုတ်မှု နည်းလမ်းနဲ့ မြှင့်တင်ဖို့ ကြိုးစားကြတာမျိုးတွေ သိပ်မတွေ့ရဘူး။ အဲဒီကြိုးစားမှုတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက လိုက်လျောထားချက် ဖြစ်သယောင်ယောင် ပုံဖမ်းတတ်ကြသေးတယ်။ နိုင်ငံရေးမက်လုံး အဆောက်အအုံ၊ လူနည်းစု ဗီတိုအာဏာတရပ်၊ အစိုးရအဖွဲ့အတွင်း လူနည်းစုလွှမ်းမိုးမှု အချိုးမညီခြင်း၊ ပါဝါခွဲဝေမှုများ၊ လူမျိုးစုဘက်က အယူခံဝင်ဖို့ တားမြစ်ထားတဲ့ ပါတီတွေ အစရှိတဲ့ ပုံစံမျိုးယူထားကြတာပဲ။ ဒီအသုံးအနှုန်းတွေရဲ့ အခြေခံ ဖောင်ဒေးရှင်းတွေကတော့ မခိုင်မာဘဲ ပေါ့တိပေါ့ပျက် ဖြစ်နေကြတယ်။ နိုင်ငံရေးသမားတွေရဲ့ အကျိုးအမြတ်တွေမှာ ဖြစ်ဖြစ်၊ ဘယ်ဟာက မှားနိုင်သလဲဆိုပြီး ဂရုတစိုက် ထုတ်ဖော် အတည်ပြုတဲ့နေရာမှာ ဖြစ်ဖြစ် အခြေခံမှုတွေဟာ မလုံလောက်ဘဲ အားနည်းနေကြတာပဲ ဖြစ်တယ်။ ဒီတော့ ကျရှုံးဖို့က သေချာသလောက် နီးပါး ဖြစ်ခဲ့တာပဲ။
ဒီမိုကရေစီ နိုင်ငံသစ်တွေမှာ ဖွဲ့စည်းပုံရေးဆွဲသူတွေဟာ အရင်က လူမျိုးစုပျက်ပြားမှုတွေကို ဖြစ်ထွန်းစေခဲ့တဲ့အင်စတီကျူးရှင်းတွေကို ပြန်ထိန်းသိမ်းဖို့ဘက်မှာ သာယာနေတတ်ကြတယ်။ ဒါမှမဟုတ် အရင် ကိုလိုနီဟောင်းတွေရဲ့ အင်စတီကျူးရှင်း ပုံစံတွေ၊ ပိုကျယ်ပြန့်ပြီး အသွင်အားဖြင့် အောင်မြင်မှုရတဲ့ အနောက်ဒီမိုကရေစီ မိုဒယ်တွေ အတိုင်းသွားဖို့ရှာဖွေတတ်ကြတယ်။ ဖရန်ကိုဖုန်းနိုင်ငံတော်ဟာ ပြင်သစ်အင်စတီကျုးရှင်းတွေကို ငှားယူအသုံးပြုထားတာ မဆန်းပါဘူး။ ဒီအတိုင်းပဲ အင်္ဂလိုဖုန်းနိုင်ငံတော်တွေဟာလည်း ဗြိတိသျှအင်စတီကျူးရှင်းတွေကို ငှားသုံးတာ မထူးဆန်းဘူး။ အမေရိကန် ပြည်ထောင်စုက ဥပဒေကုန်သည်ပွဲစားတွေကလည်း အဆင်သင့်ပြုလုပ်ပြီးသား အခြေခံဥပဒေ ပုဒ်ထီးပုဒ်မတွေကို အာဖရိကသားတွေ၊ အာရှသားတွေနဲ့ အရှေ့ဥရောပသားတွေဆီ ရောင်းချခဲ့ပါတယ်။ အမေရိကန် အခြေခံဥပဒေက သူ့နိုင်ငံအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲထားလို့ အစွမ်းထက်လှပေမယ့် လက်ခံဝယ်ယူသူနိုင်ငံတွေနဲ့တော့ မကိုက်ညီပါ။ ဒီမိုကရေစီ ဖော်ဆောင်မှုလှိုင်းလုံးတွေက လမ်းကြောင်းပေါ်ရောက်လာပြီး အရှိန်ကောင်းနေချိန်မှာ လူမျိုးစု အချင်းချင်း ပြေလည်ညှိနှိုင်းရေးအတွက် ဖွဲ့စည်းပုံအခြေခံကနေ ပြင်ဆင်ပေးရမယ့် အဓိက အခွင့်အရေးတရပ် ပျောက်ဆုံးနေပြီ။ ဒီအတွက် အကျိုးရလဒ်တွေကိုလည်း တွေ့မြင်နေရပြီ။ ဒါဟာ အမေရိကန်နဲ့ အနောက်ကမ္ဘာကြီးအတွက် လေးနက်တဲ့ နိုင်ငံခြားရေးပေါ်လစီ ကျရှုံးမှုတရပ် ဖြစ်တယ်။
ဒီအတွက် လက်တွေ့ကျင့်သုံးမှုပိုင်းမှာ လွယ်လိမ့်မယ်လို့တော့ ပြောချင်တာ မဟုတ်ဘူး။ အဓိကအချက်ကရွေးကောက်ပွဲနဲ့ အစိုးရအဖွဲ့ အဆောက်အအုံတွေကို အခိုင်အမာ အသုံးပြုဖို့ပဲ။ အဲဒီ အဆောက်အအုံတွေဟာ နိုင်ငံရေးသမားတွေကို တနည်းမဟုတ် တနည်းနဲ့ ပြုမူဆောင်ရွက်လာစေမယ့် နိုင်ငံရေးမက်လုံးတွေ ပေးလိုက်တာပဲဖြစ်တယ်။ ဒါဟာ အဓိကသော့ချက်ကိစ္စပဲ။ ဒီအကျိုးရလဒ်ကို ဖော်ဆောင်ရယူဖို့ အခက်အခဲတွေကလည်း တပုံတပင်ရှိနေသေးတယ်။ ခေတ်ကာလအများစုမှာ နိုင်ငံရေးခေါင်းဆောင်တွေဟာ ပြေလည်ညှိနှိုင်းမှုထက် ပဋိပက္ခနောက်ကို လိုက်ပြီး အကျိုးအမြတ်ရှာတဲ့ အမြင်မျိုး ထားကြတယ်။ ဒီတော့ မက်လုံးတွေကို အမျိုးမျိုး တည်ဆောက်ပေးထားတဲ့ အင်စတီကျူးရှင်းတွေကို လက်ခံဖို့ကို စက်ဆုပ်နေကြလိမ့်မယ်။ ရည်ရွယ်ချက် လမ်းကြောင်း တခုအတွင်းက မက်လုံး အနည်းငယ်လောက်ကို ဖန်တီးပေးတဲ့ ကွက်ကြားကွက်ကြား ဆန်းသစ် ပြောင်းလဲမှုတွေကို တဖက်စောင်းနင်း မဖြစ်အောင်ထိန်းထားတဲ့ မက်လုံးတွေကို ဖန်တီးပေးတဲ့ အခြားဆန်းသစ် ပြောင်းလဲမှုတွေနဲ့ ကျော်လွှားပစ်ကြတယ်။
ပဋိပက္ခကို လျှော့ချပစ်နိုင်မယ့် နည်းစနစ်တွေ ရှင်းရှင်းလင်းလင်း ရှိထားဖို့တော့ လိုတယ်။ အဲဒီ ရှင်းလင်းမြင်သာမယ့် အပြီးသတ် နည်းစနစ် အထုပ်အပိုးထဲမှာ ရွေးကောက်ပွဲဆိုင်ရာ စနစ်တွေကို ထည့်သွင်းထားမယ်၊ အဲဒီစနစ်တွေက လူမျိုးစုအချင်းချင်း ပူးပေါင်းမှုအတွက်၊ နောက်ပြီး မဲအသီးသီး စုပေါင်းထားမှုကို အခြေခံတဲ့ ရွေးကောက်ပွဲ မတိုင်ခင်ညွန့်ပေါင်းအဖွဲ့တွေ ဖွဲ့စည်းခြင်းအတွက် မက်လုံးတွေကို ဖန်တီးပေးမှာ ဖြစ်တယ်။ နိုင်ငံအတော်များများအတွက် ဖက်ဒရယ်စနစ်၊ ဒါမှမဟုတ်၊ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဖန်တီးပေးထားတဲ့ အခြေအနေတွေလည်း ရှိပါလိမ့်မယ်။ ဒေသန္တရသဘောကို စူးစိုက်တဲ့ အဖွဲ့တွေကို ဗဟိုနေရာထဲမှာ ခိုင်မာတဲ့ အနေအထားပေးထားတဲ့ ပေါ်လစီတွေနဲ့ တပြိုင်တည်းပေါင်းပြီး ဗဟိုက အာဏာကို ခွဲဝေပေးမယ်ဆိုရင် ခွဲခြားရေးမူဝါဒ (Separatism) ကိုရှောင်လွှဲနိုင်ပါတယ်။ နယ်မြေပိုင်နက်တွေကို ခွဲခြမ်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဖို့လိုတယ်။ ဒါမှ လူမျိုးပေါင်းစုံ ဝင်ရိုးစွန်းကြီး ပြေပြေပြစ်ပြစ်ရှိနေမယ့် သဘောကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်။ အဲဒီလူမျိုးပေါင်းစုံ ဝင်ရိုးစွန်းဟာ ပြေပြစ်နေမှုရှိမှ အုပ်စုနှစ်ခြမ်းကွဲမယ့် အခြေအနေမျိုး မရောက်ဘဲ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် လူမျိုးစု နယ်ခြားမျဉ်းတွေချပြီး အခြေချတည်ရှိနေတဲ့ လူမျိုးစု ယူနစ်တြွေကားထဲမှာ ဘုံသဘာ၀ ခံယူချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နိုင်ငံရေးသမားတွေ အတွက်ကလည်း ဗဟိုနေရာကို မရောက်ခင် ဖျန်ဖြေရေးကို လေ့ကျင့်နိုင်တဲ့ အခွင့်အရေးတရပ်ရ သွားစေနိုင်တာပဲ။
ဒီဆန်းသစ်ပြောင်းလဲမှုတွေ အားလုံးဟာ သူတို့ရည်ရွယ်တဲ့ အကျိုးသက်ရောက်ချက်ကို ရရှိဖို့ လုံလောက်တဲ့ယုတ္တိယုတ္တာ အချက်အလက်တွေကို ကိုင်ပြီး တင်သွင်းပြနိုင်ဖို့က ခက်ခဲမှာ အမှန်ပဲ။ ဒီဆန်းသစ်မှုတွေဟာ ရွေးကောက်ပွဲ စနစ်တွေကို ပုံစံတမျိုးနဲ့ ရှုမြင်သုံးသပ်ကြည့်နိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်။ ရွေးကောက်ပွဲ စနစ်တွေက ဘယ်လိုရည်မှန်းချက်တွေ၊ ဥပမာ မဲနေရာခွဲတမ်း အချိုးကျဖြစ်ရေး၊ ကိုယ်စားလှယ်တွေရဲ့ တာဝန်ယူနိုင်မှု အနေအထား၊ အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ သက်တမ်းကာလ အစရှိတဲ့ ရည်ရွယ်ချက်တွေထဲမှာ ဘယ်အရာကိုများ ဦးစားပေးအနေနဲ့ ထားရမလဲ ဆိုတာကို လမ်းကြောင်းပေးတာပဲ ဖြစ်တယ်။
ဒီရည်ရွယ်ချက်တွေ အားလုံးက တကယ် စဉ်းစားသင့် စဉ်းစားထိုက်တာတွေ ဖြစ်တယ်။ ကွဲပြားမှုပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ အဲဒီရည်မှန်းချက်တွေဟာ လူမျိုးစုအချင်းချင်း အစွန်းမရောက်အောင် ထိန်းချုပ်ပေးနိုင်မယ့် အသက်ကယ် ရည်မှန်းချက် (Life saving goal) မျိုးအောက်မှာ ရှိထားသင့်တာတွေ ဖြစ်ပါတယ်။ စီစဉ်သူတွေဟာ စနစ်ကို လည်ပတ်ပေးရမယ့် နိုင်ငံရေးသမားတွေ ရင်ဆိုင်နေရတဲ့ ရှိနေဆဲ မက်လုံးတွေကို ဥပေက္ခာပြုထားသလို ဖြစ်နိုင်တာကိုတော့ မေ့မထားသင့်ဘူး။ အဲဒီအစား အပြုအမူ လိုအပ်ချက်ဆိုတာမျိုးတွေကို အသုံးပြုသွားနိုင်တဲ့ စွန့်စားမှုတော့ရှိနေတယ်။ အပြုအမူလိုအပ်ချက်ဆိုတာ နိုင်ငံရေးမက်လုံးတွေထဲမှာ ဒြပ်မဲ့ သဘောမျိုးသက်သက်ပဲ။ အခိုင်အမာ ကိုယ်ထည်ကြီးနဲ့ ရှိနေတာမဟုတ်ဘူး။ ဖျန်ဖြေရေးစည်းမျဉ်းတွေဟာ အကန့်အသတ်ပုံစံမျိုး ဖြစ်နေတာမျိုး မလုပ်ရဘူး၊ ပြန်လည်သင့်မြတ်ရေးကို ဦးတည် အားပေးပြီး ကိုယ့်အကျိုးအမြတ်ကို မရှာဖွေတဲ့ နိုင်ငံရေးသမားတွေဟာ အကန့်အသတ်ပုံစံမျိုးနဲ့ ဖျန်ဖြေရေးစည်းမျဉ်းတွေ ကျင့်သုံးတာကို ကျော်လွှားရပါမယ်၊ ဒါမှမဟုတ်၊ လျစ်လျူပြုထားရပါမယ်။
ဒါ့အပြင် နှစ်ဖက် ပြေလည်စေမယ့် အခြေအနေနဲ့ ကိုက်ညီဆက်စပ်မှုရှိမယ့် အပြီးသတ် အခွင့်အလမ်းတရပ်ကို ဆွေးနွေးမှု ဖိုရမ်အတွင်းကနေ အတည်ပြုပေးထားရပါမယ်။ ဒီလိုအခြေအနေမျိုးရှိမှ ပါဝင်သူတွေဟာ အလျှော့အတင်း၊ အပေးအယူ ကိစ္စကို စေ့စပ်ညှိနှိုင်းလာမှာ ဖြစ်တယ်။ အပေးအယူလုပ် စေ့စပ်တယ်ဆိုတာ ကောင်းကျိုးတွေ အများကြီးရှိတဲ့ ကိစ္စပါ။ ဒါပေမယ့် အပေးအယူလုပ် ညှိနှိုင်းစေ့စပ်မှုတွေတိုင်းမှာ ကိုယ်လိုချင်တဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတာမျိုး (Consistency of purpose) နဲ့ ညှိနှိုင်းလို့ရတဲ့ ရလဒ်နဲ့ အဆီအငေါ်တည့်တာမျိုး (Coherence of outcome) အမြဲတမ်းရှိနေမယ်လို့တော့ မျှော်လင့်လို့မရဘူး။ ဒါကြောင့် ဘေယုယျအားဖြင့်တော့ ကျင့်သုံးဖို့လိုအပ်တဲ့ အရာနဲ့ ကျင့်သုံးမယ့်ဖြစ်စဉ်ကြား ထိပ်တိုက်မဆုံမိဘဲ လွဲချော်မှု တချို့တလေတော့ ရှိပါလိမ့်မယ်။
နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ ညှိနှိုင်းပြေလည်မှု အကျိုးကျေးဇူးတွေကို မြင်မိသွား၊ ဒါမှမဟုတ် လွှဲရှောင်လို့ မရတော့ အောင်မြင်ဖို့ တွန်းအားပေးခံသွားရနိုင်တဲ့ အခိုက်အတန့်ကာလတွေ ရှိတယ်။ အဲဒီ အခိုက်အတန့် ကာလတခုကို ၁၉၇၈ ခုနှစ် နိုင်ဂျီးရီးယားမှာ တွေ့ခဲ့ရတယ်။ အဲဒီတုန်းက အရပ်ဘက်ခေါင်းဆောင်တွေ၊ အရပ်သား ပြည်သူ့ခေါင်းဆောင်တွေဟာ ဆုတ်ယုတ် ကျဆင်းသွားတဲ့ စစ်တပ်အုပ်ချုပ်ရေးနေရာမှာ ဘယ်လို အင်စတီကျူးရှင်းတွေနဲ့ အစားထိုးသင့်သလဲ ဆိုတာကို တွေးတောကြံဆနေခဲ့ကြချိန်ပဲ။ တိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်တဲ့ ပြည်တွင်းစစ်ကြောင့် ဦးကျိုးခဲ့ရတဲ့ သူတို့တွေဟာ အလားတူ အခြေအနေမျိုးတွေ ပြန်ဖျက်လာခဲ့ရင် နောက်တကြိမ်မှာ ဘယ်သူ ထိခိုက်နာကျင်မလဲ ဆိုတာကို မသိခဲ့ကြဘူး။ ဂျွန်ရောလ်ပြောတဲ့ မောဟဇာပုဝါ (Veil of ignorance) လွှမ်းခြုံထားလေ သယောင်ယောင် ပြုမူနေခဲ့ကြတာပါ။ ဒီရပ်တည်ချက်ဟာ တချို့နေရာတွေမှာ ဆန်းသစ်ပြောင်းလဲမှုတွေကို လုပ်ကြည့်ဖို့ တွေးလာစေနိုင်တာပဲ။ အဲဒီ ခေါင်းဆောင်တွေထဲက အချို့ဟာ နောက်ပိုင်းမှာ တဖက်စောင်းနင်း မဖြစ်စေမယ့် မက်လုံးတွေရှိတဲ့ အင်စတီကျူးရှင်းတွေရဲ့ လွှမ်းမိုးမှု ခံလိုက်ကြရတယ်။ ဆိုဗီယက်၊ အာဖရိကနဲ့ အာရှမှာ တပါတီ၊ စစ်တပ်အုပ်ချုပ်ရေးစတဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေကို ရင်ဆိုင်ရပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ကြတဲ့ နိုင်ငံတွေက ခေါင်းဆောင်အချို့ဟာ အထက်က ရပ်တည်ချက်မျိုးကိုပဲ လိုက်ကျင့်သုံးဖို့ စေ့ဆော်ခံကြရတယ်။ ဖော်ထုတ် အတည်ပြုရမယ့်အရာနဲ့ လိုက်လျော ခွင့်ပြုထားမှုတွေကို ပိုပြီး ဂရုတစိုက် စူးစမ်းအလေးထားမှုတခု ပေါ်ပေါက်လာနိုင်တယ်။ အများစုကတော့ အဲဒီကာလကို ဖြတ်သန်းသွားနိုင်ကြတယ်။ ဒီတော့ နိုင်ငံအတော်များများဟာ သူတို့ရဲ့အစောပိုင်း အတွေ့အကြုံကို ပြန်ခံစားကြည့်ကြဖို့ ဦးတည်သွားတတ်ကြတာကို တွေ့ရမယ်။
၁၉၇၉ တိုင်းပြည် လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲ အတားအဆီးတွေထက် ၁၉၇၉ ခုနှစ်တုန်းက အရပ်သား အုပ်ချုပ်ရေးဆီကို ပြန်သွားချိန်မှာ တွေ့ရတဲ့အခက်အခဲ အတားအဆီးတွေက ပိုများတယ်ဆိုတာ ရှင်းလင်းလာပါတယ်။ အလိုရမ္မက်တွေ ဖောင်းပွနေတဲ့ စစ်တပ်ဟာ အစောပိုင်း လူမျိုးစု ပဋိပက္ခတွေ၊ ပြည်တွင်းစစ်နဲ့ အာဏာရှင် အုပ်ချုပ်ရေးထဲကနေ ထွက်ပေါ်လာခဲ့တယ်။ ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ၊ ဖျန်ဖြေ စေ့စပ်ပေးတဲ့ အင်စတီကျူးရှင်းတွေကို လမ်းကြောင်းမှန်ပေါ်မှာ အခိုင်အမာ ချမှတ်တာဟာ အများကြီး အကျိုးထူးစရာ ဖြစ်ပါလိမ့်မယ်။ ဒီသဘောဟာ ယေဘုယျအားဖြင့် နေရာတိုင်းမှာ မှန်ကန်တာဖြစ်လိမ့်မယ်။ တကြိမ်ကျရှုံးမှုဟာ နောက်တကြိမ်အတွက် ပိုခက်ခဲမယ့် သင်္ကေတပဲ။ နှစ်ကြိမ်ကျရှုံးရင်တော့ နောက်တကြိမ်ဟာ ပြဿနာဖြစ်မယ့် အဆင့်အထိ ရောက်သွားလိမ့်မယ်။ ဒီအနေအထားထဲကို မကြာခင် နိုင်ငံအတော်များများ ကျရောက်လာလိမ့်မယ်။ ဒီမိုကရေစီနည်းကျဖြစ်တဲ့ လူမျိုးစုပေါင်းစုံပါဝင်တဲ့ နိုင်ငံတော်တခုကို စီစဉ်တည်ဆောက်ရာမှာ အစောပိုင်းကတည်းက ခြေလှမ်းသွက်သွက်နဲ့ လုပ်ထားရင် ပိုကောင်းတယ်လို့ အခိုင်အမာဆိုလိုက်ပါရစေ။
(ဒေါ်နယ် အယ်လ် ဟိုရိုဝစ်ဇ် (Donald L. Horowitz) သည် Duke University မှ ဥပဒေနှင့် နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး လူမျိုးစုပဋိပက္ခ လေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ သူရေးသားခဲ့သော Ethnic Groups in Conflict (1985)၊ A Democratic South Africa? Constitutional Engineering in a Divided Society (1991) နှင့် The Deadly Ethnic Riot (2001) စာအုပ်များကို ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဒီမိုကရေစီမြှင့်တင်ရေး အကြံပေးကော်မီတီဝင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ Educational Initiatives အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)