မြန်မာနိုင်ငံမှာ ၂ဝ၁၅ ဆိုရင် နောက်ထပ် အထွေထွေရွေးကောက်ပွဲတခု ကျင်းပမှာဆိုတော့ အခုကနေ လက်ချိုးရေတွက်ရင် သိပ်မလိုတော့ပါဘူး။ အခုအချိန်မှာ ရွေးကောက်ပွဲအကြောင်းကို ပြောတော့ စောနေသေးတယ်လို့ တချို့က ထင်ကောင်း ထင်ပါလိမ့်မယ်။ တကယ်တန်းက အကြမ်းဖျဉ်းတွက်မယ်ဆိုရင် တနှစ်နဲ့ဆယ်လ လောက်သာလိုပါတော့ တယ်။ နိုင်ငံရေး ပါတီတိုင်းဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အငြင်း မပွားလိုပါ။ သို့သော်လည်း ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ခြိမ်းခြောက်တာ လိမ်တာညစ်တာမျိုး မပြုလုပ်ဘဲ ရိုးရိုးသားသား ပြိုင်ဆိုင်ကြဖို့တော့ လိုပါတယ်။
ဥပမာအားဖြင့် ဘာသာရေး လူမျိုးရေး ကိစ္စတွေကို ခုတုံးလုပ်ပြီး မဲနိုင်အောင် လုပ်တာမျိုး၊ မတရားတဲ့နည်းလမ်းတွေကို အသုံးပြုပြီး မဲဆွယ်တာ မဲဝယ်တာ မဲခိုးတာမျိုးတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ နောက်တချက်ကတော့ အတိတ် ကာလတုန်းက မတရားသဖြင့် ပြဌာန်းထားတဲ့ ဥပဒေတွေကို အကာအကွယ်ယူပြီး အသာစီးရအောင် လုပ်တာမျိုးတွေ လည်း မရှိသင့်ပါဘူး။ ရွေးကောက်ပွဲဆိုတာ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးသာ ဖြစ်သင့်ပါ တယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်းမရှိ တရားမျှတခြင်းလည်း မရှိဘူးဆိုရင် သဘောထား ကွဲလွဲမှုတွေနဲ့အတူ လူ့အဖွဲ့အစည်း အတွင်းက ငြိမ်းချမ်းမှုကို ပျက်ပြားစေပါတယ်။ ငြိမ်းချမ်းမှု ပျက်ပြားရင် နောက်ဆက်တွဲအဖြစ် ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။
ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မကြာသေးခင် နှစ်အတွင်းက ဖြစ်ခဲ့တာလေးတွေကို ပြောလိုပါတယ်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လထဲတုန်းက ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲတခု ကျင်းပပြုလုပ် သွားခဲ့ပါတယ်။ ရွေးကောက် ပွဲမှာ အပြတ်အသတ်နဲ့ မဲအနိုင်ရရှိသွားတဲ့ ပါတီကတော့ ရှပ်နီတွေလို့ လူသိများတဲ့ “ဖုဝထိုင်း” ဆိုတဲ့ ပါတီ ဖြစ်ပါတယ်။ အဆိုပါ ရွေးကောက်ပွဲ မတိုင်မီ အစိုးရအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှပ်ဝါတွေလို့ လူသိများတဲ့ “ဒီမိုကရက်ပါတီ” ကတော့ အတိုက်ခံပါတီ ဖြစ်သွားခဲ့ပါတယ်။ ဖုဝထိုင်းပါတီကနေ ဝန်ကြီးချုပ်အသစ် ဖြစ်လာသူကတော့ ယဉ်လတ်ရှီနာဝတ် လို့ ခေါ်တဲ အမျိုးသမီး ခေါင်းဆောင်တဦးဖြစ်ပါတယ်။ သူဟာ ထိုင်းစစ်တပ်က အာဏာသိမ်းလို့ ၂ဝဝ၆ ခုနှစ်မှာ ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရှီနာဝတ်ရဲ့ ညီမအငယ်ဆုံးလည်း ဖြစ်ပါတယ်။ ယဉ်လတ်ဟာ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်စဉ်မှာ အသက်အရွယ်အားဖြင့် ၄၄ နှစ်သာ ရှိပါသေးတယ်။ နိုင်ငံရေး အတွေ့ အကြုံလည်း အတော်ကလေး နည်းပါးသူလို့ ဆိုနိုင်ပါတယ်။
ဒီမိုကရက်ပါတီနဲ့ ဖုဝထိုင်းပါတီတို့ဟာ ပြိုင်ဖက်တွေ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲအကြို ကာလ အတောအတွင်းမှာ အကြမ်းဖက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ဟိုယခင်တုန်းက ရွေးကောက်ပွဲများနဲ့ နှိုင်းစာမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျင်းပနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် သတင်းမီဒီယာလောကဟာ ရွေးကောက်ပွဲ သတင်းများကို အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် အချိန်နဲ့တပြေးညီ ထိုင်းပြည်သူတွေဆီ တင်ပြနိုင်ခဲ့တာဟာ လည်း တိုးတက်မှု အသစ်တရပ်အဖြစ် မြင်နိုင်ပါတယ်။ မီဒီယာတွေက နိုင်ငံရေး ပါတီတခုခုကို ဘက်လိုက်ပြီး သတင်း တင်ဆက်တာမျိုးတွေ အတော်လေးကင်းစင် ခဲ့တာကလည်း ချီးမွမ်းစရာပါ။
နောက်တချက်ကတော့ အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ် ကိုယ်တိုင်က ဒီရွေးကောက်ပွဲမှာ ဘက်လိုက်မှု မရှိဘဲ ကြားနေ အဖွဲ့အစည်း အဖြစ် ရပ်တည်ပေးခဲ့တာကလည်း အများသာဓု ခေါ်စရာ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း ထိုင်းပြည်သူ တွေဟာ အကြောက်တရား ကင်းကင်း လွတ်လွတ်လပ်လပ်နဲ့ သူတို့ရွေးချယ်လိုတဲ့ နိုင်ငံရေးပါတီများ အမတ်လောင်းများ ကို သူတို့ရဲ့ မဲဆန္ဒနဲ့ ရွေးချယ်ခဲ့ကြတာကလည်း အားရစရာလို့ ဆိုနိုင်ပါတယ်။ တချို့အစွန်အဖျားကျတဲ့ နယ်တွေမှာ မဲဝယ်မဲရောင်းတဲ့ ပြဿနာမျိုး ရှိခဲ့ပေမယ့် ဟိုအတိတ်ကာလ တုန်းက ရွေးကောက်ပွဲများမှာလို ပြောင်ကျကျ မဲဝယ်တာမျိုး အတော်ကြီး နည်းသွားတာကိုလည်း တွေ့ရပါတယ်။
အရင်တပတ်က အာဏာရခဲ့တဲ့ ဒီမိုကရက်အစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ အဘီဆစ်က သူတို့ပါတီ ရှုံးနိမ့်ပြီး ဖုဝထိုင်းပါတီ နိုင်သွားတယ် ဆိုတာကို သိတာနဲ့ တပြိုင်နက်ထဲ အစိုးရသစ်ရဲ့ ဝန်ကြီးချုပ်လောင်းဖြစ်သူ ယဉ်လတ်ကို တယ်လီဖုန်း ဆက်ပြီး လူသိရှင်ကြား ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ တဖက်ကရှုံးလို့ နိုင်တဲ့ဖက်ကို အပုတ်ချတဲ့ အသရေဖျက်တဲ့ စကားမျိုး မပြောဆိုဘဲ ချီးကျူးဂုဏ်ပြု စကားပြောကြားတယ် ဆိုတာ အားလုံးအတွက် မင်္ဂလာရှိတဲ့ အခြေအနေလို့လည်း ဆိုနိုင်ပါတယ်။ ဒါကလည်း ၂ဝ၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတယ်ဆိုတဲ့ အခြေအနေ ကြောင့် ပေါ်ပေါက်လာရတဲ့ အကျိုးဆက်လို့လည်း ဆိုနိုင်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိဘူး၊ မဲဆန္ဒရှင် ပြည်သူတွေဟာ တဖက်ဖက်ကို ကြောက်နေရတယ်၊ မဲခိုးမယ် မဲလိမ်မယ်၊ မဲဝယ်မယ် ဆိုတာမျိုးတွေ နိုင်ငံနဲ့ အဝှမ်း ဖြစ်ခဲ့တယ်ဆိုရင် ပြိုင်ဖက် နိုင်ငံရေးပါတီတွေဟာ တဦးနဲ့တဦး မခေါ်မပြောနိုင်ဘဲ ရန်လိုတဲ့ စကားများသာ ကြားရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင် ရွေးကောက်ပွဲဟာ လိမ်စဉ်ကြီးတခုလို ဖြစ်သွားပြီး ရွေးကောက်ပွဲ ကျင်းပတာသာ အဖတ်တင်ပါလိမ့်မယ်။ အဲတာကြောင့် နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမှာ မဟုတ်ပါဘူး။
နောက်တချက်ကတော့ ယဉ်လတ်ဦးဆောင်တဲ့ ဖုဝထိုင်းပါတီဟာ ဘာကြောင့် အလုံးအရင်းနဲ့ နိုင်သွားတာလည်း ဆိုတာ ကို လေ့လာ့သင့်ပါတယ်။ နောက်ကြောင်းကို နည်းနည်းပြန်ပြောရရင် ဒီမိုကရက်ပါတီဟာ ဟိုတုန်းကထဲက အောက်ခြေ ပြည်သူ လူထုနဲ့ ထိတွေ့မှု နည်းပါးပါတယ်။ အထူးသဖြင့် တောနယ်လူတန်းစားတွေနဲ့ ဝေးကွာနေပြီး မြို့ပေါ် လူလတ် တန်းစား ပညာတတ်များ အကြားမှာသာ ရေပန်းစားပါတယ်။ ဖုဝထိုင်း ပါတီကတော့ ယဉ်လတ်ရဲ့အကိုဖြစ်သူ တပ်ဆင် လက်ထက်တုန်းက “ထိုင်းရပ်ထိုင်းပါတီ” အမည်နဲ့ ရပ်တည်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဖုဝထိုင်းပါတီအဖြစ် အမည် ပြောင်းခဲ့တာ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် တပ်ဆင်ဝန်ကြီးချုပ်အဖြစ် အစိုးရကို ဦးဆောင်နေတဲ့ လက်ထက်တုန်းက သူတို့လည်း ခြောက်ပစ်ကင်း သဲလဲစင ်အစိုးရမျိုးတော့ မဟုတ်ပါဘူး။ သို့သော်လည်း တပ်ဆင်ဟာ သူ့ရဲ့ အကျိုးစီးပွားကို ကြည့်သလို တချိန်ထဲမှာလည်း တောနယ်တွေမှာ ကုန်ထုပ်လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ပေးခဲ့ဘူးပါတယ်။ သက်ဆိုင်ရာ နယ်မြေဒေသတခု ချင်းစီရဲ့ မတူကွဲပြားတဲ့ ထုတ်ကုန်တွေ ဈေးကွက်မှာ သွက်သွက်ရောင်းနိုင်အောင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
မြေသိမ်းတာတွေ ယာသိမ်းတာတွေ တောင်ဖြိုတာတွေ မလုပ်ခဲ့ပါဘူး။ အဲတာအပြင် ထိုင်းပြည်သူတွေ ကျန်းမာရေး အတွက် ဆေးရုံတခါပြ ဘတ် ၃ဝ (မြန်မာကျပ်ငွေ ၉ဝဝ ခန့်) စီမံကိန်းဟာလည်း လူကြိုက်များ ထောက်ခံခဲ့တဲ့ ကိစ္စ ဖြစ်ပါ တယ်။ အဲဒီအကျိုးဆက်ကို ညီမဖြစ်သူ ယဉ်လတ် လက်ထက်မှာ ဆက်လက်ခံစား ရတယ်လို့ ဆိုရင်လည်း မမှားပါဘူး။
နောက်ထပ်တချက်ကတော့ ရှပ်နီတွေ အတိုက်ခံဘဝက ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ အကြီးအကျယ် ဆန္ဒပြ နေတုန်း အာဏာရ ဒီမိုကရက်အစိုးရက စစ်တပ်ကို အသုံးပြုပြီး နှိမ်နင်းခဲ့ပါတယ်။ ၂ဝ၁ဝ မေလအတွင်းမှာ ဖြစ်ခဲ့တာပါ။ အဲသလို အင်အားသုံး နှိမ်နင်းတဲ့အတွက် လူပေါင်း ၉ဝ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၂ဝဝဝ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ မဲအရနည်းတာ အဲဒီ အချက်ကြောင့်လည်း ပါတယ်လို့ ပြောနိုင်ပါ တယ်။ အဲတာအပြင် ၂ဝဝ၆ ခုနှစ်တုန်းက တပ်ဆင်ဦးဆောင်တဲ့ အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချ လိုက်တာကို ထိုင်းနိုင်ငံသား အတော်များများက နောက်ပိုင်းမှာ လက်မခံပါဘူး။ ဆိုလိုတာကတော့ လူထုမဲဆန္ဒနဲ့ တက်လာတဲ့ အရပ်သား အစိုးရကို စစ်တပ်က အာဏာသိမ်း ဖြုတ်ချတယ်ဆိုတာ ဒီမိုကရေစီကို ထိပါးခြင်းလို့ ယူဆတဲ့ အတွက်ဖြစ်ပါတယ်။
တဖက်မှာလည်း ပြန်ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ စီးပွားရေးတိုးတက်လာပြီး မြို့ပြယဉ်ကျေးမှု တိုးမြင့်လာနေပေမယ့် ကနေ့ကာလအထိ ကျေးလက်အခြေခံ လူဦးရေက အတော်များများ ရှိနေပါသေးတယ်။ အဲတာကြောင့် ယဉ်လတ်ရဲ့ ဖုဝထိုင်းပါတီက ကျေးလက်က လူထုတွေအတွက် ကောင်းကျိုးကို ပိုလို့ဆောင်ရွက်ပေးမယ်လို့ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလတွေမှာ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။ အခုလက်ရှိ ကာလမှာလည်း ထိုင်းနိုင်ငံမှာ ကုန်ဈေးနှုန်းတွေက မြင့်တက်လာနေပါတယ်။ ဒါကြောင့် နိုင်ငံသားအားလုံးရဲ့ သက်သာချောင်ချိမှုကိုလည်း ဦးစားပေး ဆောင်ရွက်မယ်လို့ ဖုဝထိုင်းပါတီက ကြွေးကျော်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဖုဝထိုင်းပါတီက တောင်သူလယ်သမားတွေနဲ့ ပတ်သက်လို့ ပေါ်လစီတခုကို ချမှတ်ပါတယ်။
အဲဒီပေါ်လစီကတော့ သူတို့သာ အာဏာရလာခဲ့ရင် ထိုင်းဆန် အကောင်းစား တတန်ရဲ့ တန်ဖိုးကို ဘတ်နှစ်သောင်း၊ ပုံမှန်ဆန် တတန်ရဲ့ တန်ဖိုးဆိုရင် ဘတ်တသောင်းငါးထောင် အထိ ဈေးရစေရမယ်လို့ ဖုဝထိုင်း ပါတီက အတိအလင်း အာမခံ ပြောကြား ထားခဲ့ပါတယ်။ အရင်တုန်းက လယ်သမားတွေ စိုက်ပျိုးလို့ ထွက်လာတဲ့ ဆန်စပါးတွေအပေါ်မှာ စပါးကြိတ်ခွဲတဲ့ စက်ရုံပိုင်ရှင်တွေ၊ ကုန်သည်ပွဲစားတွေက ကြားကနေ ခေါင်းပုံဖြတ်တဲ့အတွက် လယ်သမားတွေဟာ စပါးစိုက်ပျိုးခြင်းကနေ အမြတ်အစွန်း ရတယ်ဆိုပေမယ့် ရသင့် သလောက် အမြတ်ကို မရရှိခဲ့ပါဘူး။ ဒါကြောင့် ဖုဝထိုင်းပါတီက အာမခံပြီး လယ်သမားတွေအတွက် နောင်မှာ စပါးဈေး တန်ရာတန်ကြေး ရစေရမယ်လို့ အာမခံခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအချက် တွေကလည်း ဖုဝထိုင်းပါတီ မဲပိုရစေဖို့ အကြောင်း အရင်း များထဲက တချက်လို့ ဆိုနိုင်ပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင် ထိုင်းပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုသံဟာ မြင့်မားတယ် ဆိုတာကို မြင်နိုင်သလို တိုင်းပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ တွေကို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီဘောင်ထဲက ဖြေရှင်းလိုတယ်ဆိုတဲ့ ဆန္ဒကို ပြီးခဲ့တဲ့ ၂ဝ၁၁ ရွေးကောက်ပွဲကနေ တဆင့် မြင်နိုင်ပါတယ်။ မြန်မာပြည်မှာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ အခုလက်ရှိ ရင်ဆိုင် နေတဲ့ ပြဿနာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်အလက် အတော်များများဟာ မတရားတဲ့ ပြဌာန်းချက်တွေ ဖြစ်နေတယ်လို့ ထောက်ပြတာတွေကိုလည်း ကြားသိနေရပါတယ်။
တဖက်မှာလည်း ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆန္ဒမရှိတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ ရှိနေတာကိုလည်း မြင်ရပြန်ပါတယ်။ အကယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် သဘောထားကွဲလွဲကြလို့ ဆန္ဒပြပွဲတွေ တောင်းဆိုပွဲတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် လက်ရှိ အာဏာရအစိုးရ အနေနဲ့ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။ အခုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအဝဝ၊ ပြဿနာ အထွေထွေတွေကို အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ၊ ဒီမိုကရေစီ ဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြမယ်ဆိုရင် မြန်မာနိုင်ငံသားတွေ တိုးတက်ဖွံ့ဖြိုးလာဖို့ အုတ်မြစ်ကောင်း ချပေး သလို ဖြစ်လိမ့်မယ်ဆိုတာကို ပြောလိုပါကြောင်း။
(စာရေးသူသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုအပြီး မန္တလေးမြို့မှ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်လာပြီး ကျောင်းသားတပ်မတော်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)