စင်ကာပူနိုင်ငံ Little India ခေါ်သော အရပ်တွင် ယမန်နေ့ညက လူ ၄၀၀ ခန့်က ကားများကို မီးရှို့ဖျက်ဆီး ဖြစ်ပွားခဲ့ပြီး ယခုအခါ စင်ကာပူ ရဲတပ်ဖွဲ့က လူ ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်မှ နိုင်ငံသားများ အများအပြား လာရောက်အလုပ်လုပ်ရာ ရပ်ကွက်ကြီးတွင် ဘတ်စ်ကားတစီးက နိုင်ငံခြားသား အလုပ်သမားတဦးအား တိုက်မိရာက စပြီး လူအုပ်ကြီးက အဆိုပါ ဘတ်စ်ကား၊ ရဲကားများနှင့် သူနာပြု ကားတို့ကို ဖျက်ဆီး မီးရှို့ခဲ့ကြသည်။ ယင်းဖြစ်ရပ်တွင် လူ ၁၈ ဦး ထိခိုက် ဒဏ်ရာရပြီး အများစုသည် ရဲအရာရှိများဖြစ်သည်။
“မနေ့ညက ဖြစ်ခဲ့တဲ့ Little India က ဆူပူအုံကြမှုဟာ အတော်အတင့်ရဲတဲ့ ဖြစ်ရပ်ပါ။ ရဲအရာရှိတွေလည်း တော်တော်များ များ ဒဏ်ရာရသွားတယ်။ မော်တော်ယာဉ်တွေလည်း ဖျက်ဆီးခံရလို့ ပျက်ဆီး ဆုံးရှုံးသွားတယ်။ အခြေအနေကတော့ အခု ထိန်းချုပ်ထားနိုင်ပြီး စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကသူ၏ ဖေ့စ်ဘုတ်တွင် ရေးသား ထားသည်။
သူက ဆက်လက်ပြီး “ဘယ်လိုအကြောင်းကြောင့် ဆူပူမှုစခဲ့တာဖြစ်ပါစေ ဒီလို ဖျက်လိုဖျက်ဆီး၊ ရာဇဝတ်သားတွေလို လုပ် တဲ့ အပြုအမူ အကြမ်းဖက်မှုမျိုးကို ခွင့်လွှတ်လို့မရဘူး”ဟုလည်း ဆိုသည်။
ပြစ်မှု ကျူးလွန်သူများကို စင်ကာပူနိုင်ငံ၏ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဝန်ကြီးချုပ် လီရှန်လွန်း က စင်ကာပူနိုင်ငံသားများအား အေးချမ်းစွာ နေကြရန်လည်း တိုက်တွန်း ပြောဆိုထားသည်။
ယခု နိုင်ငံခြားအလုပ်သမား အုံကြွမှုသည် နှစ် ၄၀ အတွင်း စင်ကာပူတွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး လူဦးရေ ၅ ဒဿမ ၃ သန်းရှိသော ကြွယ်ဝချမ်းသာသည့် ကျွန်းနိုင်ငံပေါ်တွင် လာရောက်အလုပ်လုပ်နေကြသော နိုင်ငံခြားသား အလုပ်သမား ၁ ဒဿမ ၃ သန်းအရေး ပိုအာရုံစိုက်လာစရာဖြစ်သည်။
ပြီးခဲ့သောနှစ်များအတွင်း အလုပ်ရှင်များက ခေါင်းပုံဖြတ်၍ လုပ်ခနည်းအလုပ်သမားများ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်သားများအကြား မကျေနပ်ချက်များ ပေါ်ထွက်လာသလို မနှစ်ကလည်း တရုတ်နိုင်ငံမှ လာပြီး ဘတ်စ်ကားမောင်းနေကြသော အလုပ်သမား ၁၇၀ ၏ တရားမဝင် ဆန္ဒပြမှုတစ်ခုလည်း ဖြစ်ခဲ့သည်။
စင်ကာပူနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးမှ High Commissioner က ယနေ့ ကြေညာချက်တစောင်ထုတ်ပြန်ရာ ဘတ်စ်ကားအတိုက်ခံရသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားသည် ပြဿနာ စတင်ဖန်တီးသူ အဖြစ် သတင်းမီဒီယာတချို့၏ ဖော်ပြမှုအပေါ် ငြင်းဆိုသွားခဲ့ပြီး အဓိကရုဏ်းဖြစ်ပွားမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တဦးတလေမျှ မပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ နိုင်ငံသားများအား အေးချမ်းစွာ နေထိုင်ရန်နှင့် တရားဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
ယနေ့ နံနက်ပိုင်းက အခင်းဖြစ်ပွားခဲ့သည့် Little India အရပ်တွင် ပိတ်ဆို့တားမြစ်မှုများ မရှိတော့ပဲ ပုံမှန်အခြေအနေအတိုင်း ဖြစ်နေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း နောက်ဆုံးရရှိသော သတင်းများက ဆိုသည်။ သို့ရာတွင် ဆိုင်အများအပြား ပိတ်ထားဆဲ ဖြစ်သည်။
စင်ကာပူနိုင်ငံသားများအဖို့ ယခုဖြစ်ရပ်သည် ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခများကို အမှတ်ရစရာ ဖြစ်လာစေသည်။ စင်ကာပူ၏ နောက်ဆုံးအကြိမ် လူမျိုးရေးအဓိကရုဏ်းမှာ ၁၉၆၉ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး လူများစု တရုတ်များနှင့် လူနည်းစု မလေးတို့အကြား တင်းမာမှုကြောင့် ဖြစ်သည်။