နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် သဘာဝဘေး ကြိုတင် သတိပေးမည့် မိုးလေဝသ စခန်းတခုကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (JICA) အကူအညီဖြင့် ပထမဆုံး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ မိုးလေဝသစခန်းကို ၂၀၁၄ ခုနှစ်တွင် စတင် လည်ပတ်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ JICA နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လက စတင်ကြိုးပမ်း ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ဧရာဝတီကို ပြောသည်။
“ဒါက နာဂစ်ဒေသမှာ ပထမဆုံး တည်ဆောက်မယ့် မိုးလေဝသစခန်း ဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းနိုင်တဲ့ ပင်လယ်ဒီရေ တက်မှာတို့ မုန်တိုင်းတို့လို သဘာဝဘေးအန္တရာယ် ကျရောက်မှာကို အဒီဒေသက လုပ်သားပြည်သူတွေ သဘာဝဘေးနဲ့ ပတ်သတ်ပြီး ကြိုတင် သတင်းအချိန်မီရောက်အောင် ဆောင်ရွက်မယ့် စနစ်ပေါ့။ ၂၀၁၄ မှာ စီမံကိန်း အပြီးလုပ်ဖို့ လျာထားပါတယ်” ဟု ၎င်းက ပြောသည်။
မိုးလေဝသစခန်း တည်ဆောက်ရန် လပွတ္တာမြို့နယ်ရှိ ကွကွလေးကျေးရွာကို ရွေးချယ်ထားပြီး စက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရန်အတွက် သက်ဆိုင်ရာဌာနမှ ဝန်ထမ်း ၁၀ ဦးကို ဂျပန်နိုင်ငံသို့ ပညာတော်သင်
စေလွှတ်ထားသည်ဟု သိရသည်။
“စီမံကိန်း အောင်မြင်ခဲ့ရင် တခြားဒေသတွေမှာလည်း ဆက်ပြီး လုပ်ပေးမှာပါ။ ဒါက ကျမတို့တိုင်းမှာ ပထမဆုံး
စမ်းသပ်တာပေါ့” ဟု လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက ပြောသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး ၅ နှစ်ကျော်အကြာတွင် မုန်တိုင်း၊ ဆူနာမီရေလှိုင်းနှင့် ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပေးမည့် မိုးလေဝသ စခန်းတခုကို ကမ်းရိုးတန်းဒေသ၌ ပထမဆုံးတည်ဆောက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
အိမ်နီးချင်း နိုင်ငံများကဲ့သို့ ပင်လယ်ကမ်းရိုးတန်း အခြေစိုက် မိုးလေဝသစခန်း တည်ဆောက် ထားခြင်းအားဖြင့်
ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့် တပြေးညီ ကြိုတင်သတိပေးနိုင်မှာ ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။
ဧရာဝတီတိုင်း နာဂစ်မုန်တိုင်း ဒဏ်သင့်ဒေသများတွင် သဘာဝဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကျေးရွာများ၌ ဟောပြောလေ့ကျင့်ပေးခြင်း၊ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ ဆောက်လုပ်ခြင်းတို့ ပြုလုပ်နေသော်လည်း သဘာဝဘေးများကို ကြိုတင်သတိပေးနိုင်ခြင်း မရှိပါက ရှောင်တိမ်းနိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။