ခေါင်းဆောင်တွေ ပေါ်ပေါက်လာတယ်။ ပြီးတော့ ပြန်ထွက်သွားကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ရဲစွမ်းသတ္တိ၊ အသိဉာဏ် ပညာနဲ့ ဖြောင့်မတ်မှန်ကန်မှုတွေက သူတို့တွေ ရာထူးကိုစွန့်လွှတ်သွားပြီးတဲ့နောက် ဒါမှမဟုတ် ကမ္ဘာမြေကို စွန်ခွာသွားခဲ့ ပြီးတဲ့နောက်မှာလည်း ဆက် ရှင်သန် ကျန်နေခဲ့တယ်။ ကွယ်လွန်သွားတဲ့ နယ်လ်ဆင်မန်ဒဲလားကလည်း လူသားမျိုးနွယ်ရဲ့ ထူးခြားတဲ့ ခေါင်းဆောင်တွေထဲက တဦးအဖြစ် အမြဲအမှတ်ရနေကြမယ့်သူပါ။
တောင်အာဖရိကက မန်ဒဲလားဟာ အောင်မြင်မှုတွေ အများကြီး ရခဲ့တဲ့သူပါ။ “မန်ဒဲလား ကျင့်သုံး လုပ်ဆောင်နိုင်ခဲ့တဲ့ သဘောထား ကြီးမြတ်မှုနဲ့ ပြန်လည်သင့်မြတ်ရေးကြောင့် သူ့ရဲ့သက်တမ်းတလျှောက်လုံး အကြီးအကျယ် အသိအမှတ်ပြုခံရမျိုး အရင်က သမိုင်းမှာ တယောက်မှ မရှိခဲ့ဘူး” လို့ အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲမှာ ရဲဘော်ရဲဘက်ကြီးတဦးဖြစ်တဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးခဲ့တယ်။
ချီးကျူးဂုဏ်ပြုစကားတွေနဲ့ အတူ ဒက်စ်မွန် တူးတူး ထောက်ပြခဲ့တဲ့ အချက်တခုက မြန်မာနိုင်ငံအနေနဲ့ အလေးထား သတိပြုသင့်တဲ့ အချက်တခု ပါတယ်။ အဲဒါက မန်ဒဲလားဟာ သူတော်စင် တပါး မဟုတ်ဘူးလို့ ဆိုတယ်။
“မန်ဒဲလားရဲ့ အဓိက အားနည်းချက်က သူ့ရဲ့အဖွဲ့ အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာရှိလွန်းတာပဲ။ အရည်အချင်း မပြည့်ဝတဲ့ ဝန်ကြီးတွေ ပါဝင်နေတဲ့ စွမ်းဆောင်ရည်နိမ့်တဲ့ အစိုးရအဖွဲ့ကို ဆက်ထိန်းထားခဲ့တယ်။ သာမန်အဆင့်လောက်ပဲ ရှိတဲ့ အနေအထားကို လက်ခံထားခဲ့တာကြောင့် ဒီအခြေအနေမျိုးကို ပိုပြီးကျယ်ပြန့်လာစေဖို့ အကျင့်ပျက် ခြစားမှုတွေ တိုးပွားလာစေဖို့ မျိုးစေ့ချပေးသလို ဖြစ်ခဲ့ရတယ်” လို့ ဒက်စ်မွန် တူးတူးက ပွင့်ပွင့်လင်းလင်းပဲ ရေးတယ်။
မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်တွေကို ဆန့်ကျင်ရာမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တယ်။ အခုဆိုရင် အားနည်းချက်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ စနစ်တခုထဲမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တယောက်အဖြစ်နဲ့ အလုပ်လုပ်နေရတယ်။ ဒေါ်အောင်ဆန်းစုကြည်က နယ်လ်ဆင်မန်ဒဲလားကို “လူသားမျိုးနွယ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်တဲ့ ကြီးမြတ်တဲ့ လူသားတဦး ဖြစ်ပြီးတော့ ကမ္ဘာကိုပြောင်းလဲနိုင်ဖို့ အခြားသူတွေကို ဆွဲဆောင် စည်းရုံးနိုင်ခဲ့သူ” လို့ ပြီးခဲ့တဲ့ သောကြာနေ့က ဂုဏ်ပြုစကားပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ်က မန်ဒဲလားနဲ့ နှိုင်းယှဉ်ခံရတယ်။ ၂၀၁၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာတော့ တချို့ သတင်းစာတွေက “မန်ဒဲလားကာလ”လို့ ခေါ်တဲ့ မန်ဒဲလား လွတ်မြောက်ပြီးကာလက ညှိနှိုင်းဆွေးနွေးဝိုင်းတွေကနေ ဒီမိုကရေစီအခြေခံတဲ့ ဖွဲ့စည်းပုံကို အစိုးရနဲ့ အတိုက်အခံအားလုံးက သဘောတူပြီး နောက်ဆုံး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာခဲ့တဲ့ ဝမ်းမြောက်ပျော်ရွှင်ဖွယ် နိုင်ငံရေးဖြစ်စဉ် မြန်မာနိုင်ငံမှာလည်း ဖြစ်ပြီလို့ ဟောကိန်း ထုတ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ခုထိ ဒီကာလကို မြန်မာတွေ စောင့်မျှော်နေရတုန်းပဲ ရှိပါသေးတယ်။
မန်ဒဲလားလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မီဒီယာတွေက ဒီမိုကရေစီ စံပြပုံရိပ်အဖြစ် ချီးမြှောက်ရေးသားမှုတွေ ရှိခဲ့တယ်။ သူတော်စင် တမျှပါပဲ။ ဒါပေမယ့် သူဒီလို မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုတယ်။
“ကျမ သေသေချာချာ ပြောပါရစေ။ ကျမ သူတော်စင် မဟုတ်ပါဘူး။ ကျမကိုယ် ကျမ နိုင်ငံရေးသမားတယောက် လို့ပဲ မြင်ပါတယ်။ စံပြပုံရိပ်တခုလည်း မဟုတ်ပါဘူး” လို့ မကြာသေးခင်က သွားရောက်ခဲ့တဲ့ သြစတေးလျခရီးစဉ်မှာ ဆစ်ဒနီမြို့က ပရိသတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။
၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားသူတယောက်က နိုင်ငံရေးသမားလို့ ကိုယ့်ကိုယ်ကို တံဆိပ်တပ်တာဟာ နားလည်လို့ရတဲ့ ကိစ္စပါ။ ဒါပေမယ့် ရိုးသားတဲ့ နိုင်ငံရေးသမား တယောက်ဟာ စစ်တပ်နဲ့ ခရိုနီ အရင်းရှင်ဝါဒီတွေ အကျိုးစီးပွား ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံမှာ မရိုးသားတဲ့ ကစားပွဲတခုကနေ ရုန်းလွတ်နိုင်ပါမလားလို့ စဉ်းစားစရာလည်း ရှိတယ်။
စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်လာခွင့် မရှိအောင် ထိထိရောက်ရောက် တားဆီးထားသေးတယ်။ သမ္မတဖြစ်မယ့်သူအတွက် သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေထဲမှာ သမ္မတလောင်းရဲ့ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးတွေဟာ နိုင်ငံခြားသား မဟုတ်ရဘူး ဆိုတဲ့ အချက်တခု ထည့်သွင်း ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သူ ခင်ပွန်းသည် မစ္စတာမိုင်ကယ် အဲရစ်နဲ့ သားနှစ်ယောက်ဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်တယ်။ အခြေခံဥပဒေအရ သမ္မတဟာ စစ်ရေးအတွေ့အကြုံရှိဖို့ လိုအပ်တယ်လို့လည်း ဆိုထားတယ်။
ဒီလို ပိတ်ပင်မှုတွေကို ပြုပြင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်နှစ်ရပ်လုံးက ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းရဲ့ သဘောတူ ထောက်ခံမှုကိုလိုအပ်ပါတယ်။ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကလည်း ရွေးကောက်ပွဲဝင်စရာမလိုတဲ့ စစ်သားကိုယ်စားလှယ်တွေပါ။
အတိုက်အခံ ရွေးကောက်ခံကိုယ်စားလှယ် တယောက်အနေနဲ့ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည် ကြိုးစားတယ်။ မန်ဒဲလားလိုပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပြန်လည်ရွေးချယ် အသုံးပြုခြင်းက သူရဲ့ အားနည်းချက်နဲ့ ဟာကွက်တွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။ တချို့ဆို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာကို မှားယွင်းမှုတခုလို့တောင် ပြောကြတယ်။
၂၀၁၁ ခုနှစ် သြဂုတ်လမှာ သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးတွေ့ဆုံခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ဟာ ဟန်မဆောင်တတ်သူတယောက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ကန့် သတ်မှုတွေ ရုပ်သိမ်းပေးဖို့ကိုလည်း ထောက်ခံတောင်းဆိုတယ်။ ဒါပေမယ့် အစိုးရဟာ သူတရားဝင် အသိအမှတ်ပြု ခံရဖို့နဲ့ အင်အားကြီး အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းသွားစေဖို့ အတွက် သက်သက်ပဲ ဒေါ်အောင်ဆန်းစု ကြည်ကို အသုံးချခဲ့တာလို့ ဝေဖန်သူတွေသာမက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထောက်ခံသူ အချို့က ပြောဆိုကြတယ်။
အကဲခတ်လေ့လာသူတွေကတော့ လှည့်ဖျားမှုတွေနဲ့ အသုံးချခြင်းကို ဒေါ်အောင်ဆန်းစုကြည် အချိန်နှောင်းမှ သတိထား မိခဲ့တယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာ နည်းလမ်းပြောင်းသွားပြီး ဦးသိန်းစိန်ရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရဲ့ ကြားက ဆက်ဆံရေး ခပ်တန်းတန်းဖြစ်သွားတယ်လို့ ဆိုနိုင်တယ်။
ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ စစ်အစိုးရဆန့်ကျင်ရေး အသိုင်းအဝိုင်းတွေကြားမှာလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးကထဲက ဝေဖန်ပြောဆိုမှုတွေရှိခဲ့တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ ဆောင်ရွက်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ဥပေက္ခာပြုခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အဓိက ထောက်ပံ့မှုတွေပြုခဲ့တဲ့ အရင်းအမြစ်တွေပါ။
ဒီ့အပြင် တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပဋိပက္ခတွေကို ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် အရင်က သူ့ကိုထောက်ခံခဲ့တဲ့ ကချင်တိုင်းရင်းသားတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုတွေ ကျဆင်းသွားရတယ်။ မြန်မာနိုင်ငံထဲက လူနည်းစု မွတ်ဆလင်တွေကို လူများစု ဗုဒ္ဓဘာသာဝင်တွေက တိုက်ခိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေမှာလည်း နှုတ်ဆိတ် ငြိမ်သက်နေခဲ့တဲ့အတွက် သူ့ရဲ့ ရပ်တည် မှုဟာ ပြီးခဲ့တဲ့နှစ်ကစလို့ လွှတ်တော်ကို ဝင်ရောက်ခဲ့ ပြီးတဲ့နောက်မှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာတယ်လို့ ယူဆစရာတွေ ရှိလာတယ်။
မန်ဒဲလားနဲ့ အာဖရိကန် အမျိုးသားကွန်ဂရက် (ANC) ပါတီလို ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ရုပ်လုံးဖော်သူပါ။ သူ ပူးတွဲတည်ထောင်ပြီးတော့ ဦးဆောင်ခဲ့တဲ့ NLD ပါတီက ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ကို အသိအမှတ်ပြု မခံခဲ့ရပါဘူး။ သူတို့ နှစ်ယောက်လိုမျိုး သြဇာအရှိန်အဝါ ကြီးမားသူတွေ မပါရင် ဒီပါတီနှစ်ခုလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ဦးတည်ပြီး ကြည့်လိုက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ အစိုးရကို တောင်းဆိုထားပြီး စစ်တပ်၊ လွှတ်တော်၊ အစိုးရနဲ့ အတိုက်အခံ NLD ပါတီတို့ ၄ ပွင့်ဆိုင်ဆွေးနွေးဖို့ အဆိုပြုထားတယ်။ အစိုးရကတော့ ဒီအဆိုပြုချက်ကို ငြင်းပယ်ခဲ့ပြီး ဖြစ်ပါတယ်။ ခုချိန်ထိ မြန်မာနိုင်ငံမှာ စစ်တပ်က တိုင်းပြည်ရဲ့ အရေးကိစ္စတွေကို လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်တယ်ဆိုတဲ့ အချက်ကို ဘယ်သူမှ သံသယမရှိပါဘူး။ ဒီအတိုင်းဆိုရင် အာရှရဲ့ မန်ဒဲလားဟာ အန္တရာယ်များတဲ့ ကစားပွဲတခုကို ဝင်ပါနေရတာ သေချာပါတယ်။
တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းမှာလည်း အခြေခံကွဲပြားမှုတွေ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြောင်းလဲမှုဟာ အထက်ကနေ အောက်ကို အမိန့်အတိုင်း စီးဆင်းရတဲ့ ဖြစ်စဉ်ဖြစ်ပြီးတော့ ကန့်သတ်မှုတွေ ရှိနေတယ်။ စစ်တပ်က သတိကြီးကြီးနဲ့ ထိန်းချုပ်ထားတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း အာဏာနဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်ကြွယ်ဝမှု အများစုကို ဆက်လက် ထိန်းချုပ်ထားတယ်။ ခရိုနီတွေကလည်း ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်တွေကို တတ်နိုင်သမျှ အကြာဆုံး ဖက်တွယ် ထားကြမှာပါ။
ဝေဖန်မှုတွေနဲ့ ကြုံနေရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ရေပန်းစားမှုနဲ့ ထောက်ခံမှုတွေကို ထိန်းသိမ်း ထားနိုင် မယ်လို့ မျှော်လင့်ရတယ်။ သူနဲ့ သူ့ရဲ့ပါတီက အခြား ဒီမိုကရက်တွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင်မကြည်လင်မှုတွေကို ဖယ်ရှားပစ်ပြီး ထောက်ခံမှုတွေ ပြန်လည် ရယူနိုင်ဖို့ လိုလာပါပြီ။ ကွန်ရက်ဟောင်းကို ပြန်လည် တည်ဆောက်တာနဲ့ထပ်တူ အရေးကြီးတာကတော့ မျိုးဆက်သစ် ခေါင်းဆောင်တွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ ဆွဲဆောင်မှုကောင်းတဲ့ ပုံရိပ်၊ သြဇာကြီးမားတဲ့ ခေါင်းဆောင်အဖြစ်ရှိနေ ဆဲပါ။ ဒါပေမယ့် သူ့ရဲ့ အသက်က ၇၀ နားကပ်လာခဲ့ပါပြီ။ အချိန် တဖြည်းဖြည်း နည်းလာနေပါပြီ။ အခုချိန်အထိတော့ လူတိုင်းက မြန်မာနိုင်ငံရဲ့“မန်ဒဲလား ကာလ” ကို စောင့်မျှော်နေကြတုန်းပါ။
(AUNG ZAW ၏ Waiting for Our ‘Mandela Moment’ ကို နိုင်မင်းသွင် ဘာသာပြန်သည်)