ဒီခေတ် ငွေရေးကြေးရေး အဆင်ပြေသူ မိဘများရဲ့ ကလေးတွေ လက်ထဲမှာ အနည်းဆုံးတော့ တက်ပလက် တလုံးစီလောက် ရှိနေကြပါပြီ။ ကွန်ပျူတာ၊ တက်ပလက်၊ အိုင်ပက်၊ ဟန်းဆက် စတာတွေဟာ ကျမတို့ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အရာတွေ ဖြစ်လာကြ ပါတော့တယ်။ ၂ နှစ်၊ ၃ နှစ် အရွယ်လေးပေမယ့် တက်ပလက်က ဂိမ်းတွေကို ကောင်းကောင်း ကစားတတ်ကြတာ၊ ဟန်းဆက်ထဲမှာ သွင်းထားတဲ့ ဂိမ်းတွေကို ရှာတတ်ကြ၊ ကစားတတ်ကြတာကို အံ့သြစရာ ကောင်းအောင် တွေ့နေ ကြရတာပါပဲ။
တီဗီတွေ၊ ဗီဒီယိုတွေ ပေါ်လာတဲ့ အချိန်မှာ မိဘများက ကလေးငြိမ်အောင်လို့ ဆိုပြီးတော့ တီဗီတွေ၊ ဗီဒီယိုတွေ ဖွင့်ပြပြီးတော့ ကလေးထိန်းကြ သလိုပဲ၊ အခု ဟန်းဆက်တွေ၊ တက်ပလက်တွေ ပေါ်လာပြန်တော့လည်း ဟန်းဆက်တွေ၊ တက်ပလက်တွေ ထဲက ဂိမ်းတွေကို ကလေးငြိမ်အောင်လို့ ဆော့ကစားခိုင်းပြီးတော့ ကလေး ထိန်းကြပြန်ပါတယ်။
ကလေးဟာ တက်ပလက်မှာ၊ ဟန်းဆက်မှာပါတဲ့ ဂိမ်းတွေကို လက်နဲ့ ဟိုရွှေ့၊ ဒီရွှေ့ ကစားရင်း နာရီများစွာ ငြိမ်သက် နေတာကို မိဘ တော်တော်များများက သဘောကျ နေတတ်ကြပါတယ်။ ဘယ်နေရာကိုပဲ ရောက်နေနေ ကလေးဟာ သူကစားနေတဲ့ ဂိမ်းက လွဲလို့ ဘာကိုမှ စိတ်မဝင်စားတော့ပါဘူး။ စူးစမ်းလေ့လာခြင်းလည်း မပြုတော့ပါဘူး။ အမှန်တော့ တွေးကြည့်မယ် ဆိုရင်ဖြင့် ဒါဟာ ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးရေး အတွက် အင်မတန်မှကို အန္တရာယ်ကြီးတဲ့ ကိစ္စ တရပ်ပါပဲ။
ကလေးတို့ သဘာဝဟာ စူးစမ်းတတ်ကြ၊ မေးမြန်းတတ်ကြတဲ့ သဘာဝပါ။ ဥပမာ – ကားပေါ်က နေပြီးတော့ လမ်းပြင်တာကို မြင်ကြရတယ် ဆိုပါတော့။ ကလေးမှာ မေးမြန်းစူးစမ်းချင် စရာတွေ အများကြီး ပေါ်လာ ပါတော့တယ်။ ဒါဘာလဲ …၊ ဘာလုပ်နေတာလဲ၊ ဒီစက်ကြီးတွေက ဘာတွေလဲ စသဖြင့် မေးစရာတွေ များစွာ ပေါ်လာပါတော့တယ်။ အဲဒီလို မေးမြန်း စူးစမ်းတာဟာ ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အရေးကြီးလှပါတယ်။ များများ မြင်တွေ့ လေ့လာ၊ စူးစမ်းခွင့်ရတဲ့ ကလေးတို့ရဲ့ ဦးနှောက်ဟာ လေ့လာစူးစမ်းခွင့် မရတဲ့ ဦးနှောက်ထက် ပိုပြီးတော့ ဖွံ့ဖြိုးမှု အားကောင်းစေပါတယ်။ လွယ်လွယ် ပြောရမယ် ဆိုရင်တော့ ဉာဏ်ပိုကောင်းစေတယ်ပေါ့။
တက်ပလက် တလုံး၊ ဖုန်းတလုံးပေါ်မှာ မျက်နှာ အပ်ပြီးတော့ အချိန်များစွာ ဆော့ကစားနေတဲ့ ကလေးတို့ ခမြာမှာတော့ ပတ်ဝန်းကျင်ကို လေ့လာ စူးစမ်းခွင့် မရတော့ပါဘူး။ ကိုယ့်ဘေးနားမှာ ဘယ်သူ ထိုင်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာလည်း မသိတော့ပါဘူး။ သူ့အာရုံဟာ ဂိမ်းထဲမှာပဲ ရှိနေပါတော့တယ်။
ကလေး သုတေသီ ပညာရှင်တို့ရဲ့ အဆိုအရ ဂိမ်းတွေ၊ တက်ပလက်တွေ၊ ကွန်ပျူတာ ဂိမ်းတွေ များများ ဆော့ကစားတဲ့ ကလေးများဟာ အာရုံစူးစိုက်မှုမှာ အားနည်းစေတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစက်ပစ္စည်းတွေမှာ ပါတဲ့ လှုပ်ရှားမှုဟာ အပြင်က တကယ့် လှုပ်ရှားမှုနဲ့ စာရင် သိပ်ကို မြန်ပါတယ်။ စက်တွေလောက် အပြင်က လှုပ်ရှားမှုတွေက မမြန်ဆန် နိုင်တဲ့အခါ မှာတော့ ကလေးဟာ ပျင်းရိ ငြီးငွေ့လာပြီးတော့ အာရုံ မစိုက်နိုင်တော့ပါဘူး။ ဒါကြောင့် စာသင်ကြားတဲ့ အခါမှာ အာရုံမစိုက်နိုင်တာတွေ၊ သူတို့ကို တယောက်ယောက်က စကားသွားပြောတဲ့ အခါမျိုးမှာ ပြောနေတဲ့ စကားကို အာရုံစိုက်ပြီးတော့ နားမထောင်နိုင်တာတွေကို တွေ့လာရတယ်လို့ ဆိုပါတယ်။
တက်ပလက် တလုံး၊ ဖုန်းတလုံးနဲ့ တနေရာတည်းမှာ တယောက်တည်း ဆော့ကစားနေတတ်တဲ့ ကလေးမျိုးဟာ လူ့လောက အတွက် အင်မတန် အရေးကြီးတဲ့ ပေါင်းသင်း ဆက်ဆံရေးမှာလည်း ညံ့သွားတတ်ပါတယ်။ ကလေး အချင်းချင်း မကစားတတ်၊ မဆော့တတ်ကြတော့ပါဘူး။ တချို့အိမ်များမှာဆို ညီအစ်ကို သုံးယောက်ရှိရင် တက်ပလက် သုံးလုံး ဝယ်ပေးထားတာမျိုး ကျမ တွေ့ဖူးပါတယ်။ ကျောင်းက ပြန်လာရင် တက်ပလက် တလုံးစီနဲ့ ငြိမ်နေတတ်တာမို့ မိဘတွေက ကလေး ငြိမ်တယ် ဆိုပြီးတော့ သဘောကျ နေတတ်ကြပါတယ်။ ကလေးတွေဟာ တယောက်နဲ့ တယောက် စကား မပြောကြ၊ မဆော့ကြ တော့ပါဘူး။ ပုံဆွဲတာ၊ ပြေးလွှား ခုန်ပေါက် ကစားတာ၊ စူးစမ်းလေ့လာတာ ဘာဆိုဘာမှ မလုပ်ကြတော့ပါဘူး။ တက်ပလက် ထဲက ဂိမ်းကိုပဲ သဲကြီးမဲကြီး ဆော့ကစားနေကြ တာပါ။
တကယ်တော့ တက်ပလက်က ဂိမ်းတွေ၊ ဟန်းဆက်က ဂိမ်းတွေ၊ ကွန်ပျူတာက ဂိမ်းဆိုတာတွေဟာ ကျမတို့ ရှောင်လွှဲလို့ မရတဲ့ အရာတွေပါ။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ကလေးထိန်းစက် မဟုတ်သလို၊ ကလေး ငြိမ်အောင်လို့ ထိန်းခိုင်းထားရမယ့် အရာတွေ မဟုတ်ပါဘူး။ လုံးလုံး မကစားခိုင်းဘဲနဲ့လည်း နေလို့ ရတဲ့ အရာတွေ မဟုတ်တာမို့ အချိန်လေး သတ်မှတ်ပြီးတော့ ကစားခိုင်းမယ် ဆိုရင်ဖြင့် ကလေးတို့အတွက် အကျိုးရှိစေ ပါတယ်။ ဒါပေမယ့် မိဘတို့ အနေနဲ့ ကိုယ့်ကလေး ကစားနေတဲ့ ကွန်ပျူတာ၊ တက်ပလက်၊ ဟန်းဆက် စတဲ့ ပစ္စည်း တွေထဲက ဂိမ်းတွေဟာ ဘယ်လို ဂိမ်းမျိုး ဖြစ်တယ် ဆိုတာ ကိုတော့ သိထားဖို့လိုပါတယ်။ ကလေး အရွယ်နဲ့ မသင့်တော်တဲ့ ဂိမ်းတွေ၊ ကလေးစိတ်ကို ကြမ်းတမ်း ရိုင်းပြစေတဲ့ ဂိမ်းတွေ ကစားနေတယ် ဆိုရင်ဖြင့် ခွင့်မပြုသင့်ပါဘူး။
ကွန်ပျူတာ ဂိမ်းတွေ၊ တက်ပလက် ဂိမ်းတွေ နေရာမှာ ကလေးအရွယ်နဲ့ သင့်တော်တဲ့၊ ကလေး အချင်းချင်း (မောင်နှမ အချင်းချင်း) ကစားလို့ ရတဲ့ မြွေတက်တမ်း ကစားနည်းလိုမျိုး၊ ချက်စ် ကစားနည်းလိုမျိုး၊ မိုနိုပိုလီ ကစားနည်းလိုမျိုး၊ စတဲ့ ကစားနည်း လေးတွေကိုလည်း အစားထိုး ကစားခိုင်းလို့ ရပါတယ်။ နေရာကျယ်ကျယ် ရှိမယ် ဆိုရင်တော့ ဘောလုံးကန်တာလိုမျိုး၊ ကြက်တောင် ရိုက်တာလိုမျိုး၊ စိန်ပြေးတမ်း ကစားတာလိုမျိုး ကစားနည်းတွေကို ကစားခိုင်းမယ် ဆိုရင်ဖြင့် ကလေးတို့ရဲ့ ခြေထောက်လေးတွေမှာ ရှိတဲ့ ကြွက်သားမျှင်တွေ သန်စွမ်း လာစေမှာပါပဲ။
အချိန် ကန့်သတ်မှု မရှိဘဲနဲ့ ကလေးများကို ဂိမ်းများ ပေးကစားခြင်းဟာ ကလေးတယောက် အတွက် လိုအပ်တဲ့ တီထွင် ဖန်တီးမှု၊ ကိုယ်လက် ကြံ့ခိုင်မှု၊ ပေါင်းသင်းဆက်ဆံမှု၊ သတိပြု စူးစမ်း လေ့လာတတ်မှု၊ အာရုံ စူးစိုက်နိုင်မှု စတဲ့ စွမ်းရည်တွေကို ချို့ယွင်းသွားစေနိုင်တဲ့ အထိ အန္တရာယ် ရှိလှပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့ မိဘများ အနေနဲ့ ကလေးကို ချစ်လို့ အလိုလိုက်သည် ဖြစ်စေ၊ ငြိမ်အောင်လို့ ထိန်းခိုင်းသည် ဖြစ်စေ စည်းကမ်းလေး သတ်မှတ်ပြီးတော့ ဂိမ်းတွေကို ပေးကစားကြပါ။ ကလေးတို့ အတွက် လိုအပ်တဲ့ တခြား စွမ်းရည်လေးများ ကိုလည်း ဖွံ့ဖြိုးလာအောင်လို့ လေ့ကျင့်ပေးကြပါဦးလို့။