မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် ယခင်ကထက် ပိုမို လွတ်လပ်လာသော်လည်း ပုဒ်မ ၁၈ ရှိနေသဖြင့် အသက်ဝင်မှု အားနည်းနေဆဲဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အလုပ်ရုံ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသည့် Equality Myanmar လူမှုအဖွဲ့အစည်းမှ Administrative Training Coordinator ဒေါ်နန်းခမ်းယုံက ပြောသည်။
လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တို့တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများစွာ ရှိနေသေးကြောင်း ဒေါ်နန်းခမ်းယုံက ပြောသည်။
နန်းခမ်းယုံက “ဒီ ၁ နှစ်၊ ၂ နှစ် အတွင်းမှာတော့ အရင်ကထက်စာရင် နည်းနည်းလေး ပြောခွင့်ရလာတယ်။ အများသိအောင် အောက်ခြေလူထု မသိသေးတဲ့လူတွေ သိအောင် စည်းရုံးဖို့ လိုတယ်။ ပြောပြဖို့လိုတယ်။ ကိုယ်တယောက်တည်း သိလို့မဖြစ်ဘူး။ ကိုယ့်အခွင့်အရေး ဘာရှိလဲဆိုတာ လူတိုင်းသိအောင် အများသိအောင် ပြောပြဖို့ လိုတယ်။ ပုဒ်မ ၁၈ ရှိနေသေးတဲ့အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို မနေ့က နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အောင်ဓမ္မရိပ်သာလမ်း၊ လှိုင်မင်္ဂလာခန်းမ၊ လှိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ သူက ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန့် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်းသို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။
သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ပုဒ်မ ၁၈ ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြဋ္ဌာန်းထားသည့်အတိုင်း အခွင့်အရေးဆိုင်ရာ လှုံ့ဆော်သူများ၊ ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည် လမ်းလျှောက်သူများနှင့် ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်သည့် ကျောင်းသားများကို အမှုဖွင့် အရေးယူခြင်းများ ရှိနေသည်။
လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသည် မြန်မာပြည်တွင် ပထမဆုံး ဆွေးနွေးပွဲဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ပြည်သူလူထု ကြုံတွေ့ ခံစားနေရသော လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများအား ပြည်သူလူထု ကိုယ်တိုင်ပါဝင် အကြံပေး ဆွေးနွေးမှုများ ပြုလုပ်ကာ အစိုးရသိအောင် ထုတ်ပြန်ပေးနိုင်ရန် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူ Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြုမှုနေထိုင်သူများ (LGBT Group, Kings & Queens) အဖွဲ့ ကိုယ်စားပြု တက်ရောက်လာသည့် ဦးတင်ကိုကိုက “ကျနော်တို့ကို ဖိနှိပ်ချုပ်ချယ်ထားတဲ့အတွက် ပုဒ်မ ၃၇၇ ကို လုံးဝပယ်ဖျက်ဖို့ တောင်းဆိုသွားမယ်။ လိင်တူချင်း ချစ်ကြိုက်တာဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ပြောနေကြတဲ့အပေါ် ပြောချင်တာက ကျနော်တို့ ယဉ်ကျေးမှုကို ညစ်နွမ်းအောင် လုပ်တာ မဟုတ်ဘူး။ ယဉ်ကျေးမှုနဲ့ မဆိုင်ဘူး။ ကျနော်တို့ လုပ်နေတာဟာ လူ့အခွင့်အရေး အပြည့်အ၀ ရဖို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကလေးသူငယ် အခွင့်အရေး အခြေအနေ၊ မသန်စွမ်း အခွင့်အရေး အခြေအနေ၊ LGBT အခွင့်အရေး အခြေအနေ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဖွဲ့စည်းခွင့်နှင့် စီတန်းလှည့်လည်ခွင့် အခြေအနေများ၊ အမျိုးသမီး အခွင့်အရေး အခြေအနေ၊ အလုပ်သမားဆိုင်ရာ အခွင့်အရေး အခြေအနေ၊ လယ်သမားဆိုင်ရာ အခွင့်အရေး အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများ အစရှိသည့် ကဏ္ဍ ၈ ခုအား ဦးတည် ဆွေးနွေးခဲ့ကြသည်။
“အလုပ်ရုံ ဆွေးနွေးပွဲရဲ့ အားသာချက်က ပြည်သူလူထု ကိုယ်တိုင်ပါဝင် ဆွေးနွေးခွင့်ရှိတယ်။ တတ်နိုင်သလောက် အောက်ခြေ အသံကို ရအောင် စုစည်းပြီး အသံတွေကို လွှတ်တော် ကိုယ်စားလှယ်တွေတင် မကဘဲ သမ္မတနဲ့ လူ့အခွင့်အရေး ကော်မရှင်ကို တင်မယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုသည့် အသုံးအနှုန်းကို ပြောဆိုခြင်းသည်ပင် နိုင်ငံရေးလုပ်သည်ဟု ဆိုကာ လုပ်ဆောင်ခွင့်၊ ဖော်ထုတ် ပြောဆိုခွင့်များကို ကန့်သတ်ခံခဲ့ရကြောင်း ဒေါ်နန်းခမ်းယုံက ပြောသည်။
သူက “ဒါဟာနိုင်ငံရေး ဆိုတာထက် လူသားတိုင်းရဲ့အရေး၊ နိုင်ငံရဲ့အရေးလို့ ပြောလို့ရတယ်။ နိုင်ငံတနိုင်ငံကို လူသားတွေနဲ့ တည်ဆောက်ရမယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ လူ့အခွင့်အရေးကလည်း အရေးကြီးတယ်” ဟု ဆိုသည်။
ထို့ပြင် ကျောင်းသား အခွင့်အရေးများ ဆုံးရှုံးနေခြင်းနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း တက်ရောက်လာသည့် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) မှ ဒုဥက္ကဌ ကိုဇင်လင်းအောင်က ပြောသည်။
၎င်းက ဆက်လက်၍ “ကျောင်းသားတွေ အများဆုံး ချိုးဖောက်ခံနေရတာ ကတော့ ရွေးချယ်ပိုင်ခွင့်ပေါ့။ ပညာရေးမှာ ကျနော်တို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ နောက်ပြီး ကျောင်းသားတွေကို ကျောင်းသားလို မဆက်ဆံတဲ့ အတွက် တန်ဖိုးထားမှု၊ ကျောင်းသား ဂုဏ်သိက္ခာ ပျောက်ဆုံးမှု၊ အဲဒီ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်” ဟု သူ၏ ဆွေးနွေးချက်ကို ရှင်းပြသည်။
မြန်မာနိုင်ငံတွင် လတ်တလော လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများနှင့် ပတ်သက်၍ ထင်ရှားသည့် သာဓကမှာ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံး နိုင်ငံပေါင်း ၃၅ နိုင်ငံအနက် အမှတ်စဉ် ၈ နေရာတွင် ရှိသည်။