တနသာၤရီတိုင်း ထားဝယ်ဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကြီးတခု ဖွံဖြိုးလာမှုနှင့်အတူ ဒေသခံ အများပိုင် ကုမ္ပဏီများနှင့် ထားဝယ်ဒေသခံများကြား မြေယာပိုင်ဆိုင်မှုများ အငြင်းပွားလာပြီး တိုင်းဒေသကြီးအစိုးရ၊ ကုမ္ပဏီများနှင့် ဒေသခံများကြား ပြဿနာ များစွာ ပေါ်ပေါက်လာနေသည်။
ထားဝယ်ဒေသမှာ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း အက်ဒမန်ပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ကျွန်းစု ၈၀၀ ခန့်တည်ရှိကာ ဖွံ့ဖြိုးလာသော စီးပွားရေးပတ်ဝန်းကျင်နှင့်အတူ မြေယာပြဿနာ အမြောက်အများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ထားဝယ်ဒေသတွင် ပြည်တွင်းကုမ္ပဏီများစွာမှာ ဒေသဖွံဖြိုးရေးဟု ဆိုကာ မြေယာသိမ်းဆည်မှုများကို ပြုလုပ်လျက်ရှိရာ ဒေသခံများ၏ စီးပွားရေး ၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်လျက်ရှိကြောင်း ထားဝယ်ဒေသခံများက ဧရာဝတီသို့ ပြောသည်။
“ဖွံ့ဖြိုးမှုဆိုတဲ့ အသံကြားရင် ကျနော်တို့ ကြောက်နေပြီ။ ကျနော်တို့မှာ စိုက်စရာမြေမရှိတာ့ဘူး။ ယဉ်ကျေးမှုတွေ မရှိတော့ဘူး။ အစိုးရနဲ့ ပေါင်းတဲ့ ခရိုနီကြီးတွေ ချမ်းသာလာတာကို ဒေသဖွံဖြိုးရေးလို့ပြောတာ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး”ဟု ထားဝယ်တက္ကသိုလ် မြန်မာစာဌာနမှ ဆရာဇော်သူရက ဧရာဝတီသို့ ပြောသည်။
ထားဝယ်ဒေသ မြေယာသိမ်းဆည်းမှုများတွင် အများဆုံးပါဝင် ပတ်သက်နေသော “ထားဝယ် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီ”မှာ ဒေသဖွံ့ဖြိုးရေး အကြောင်းပြလျက် ထူထောင်ထားသော ကုမ္ပဏီဖြစ်ပြီး ထားဝယ်သား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အလွန်နီးစပ်မှု ရှိသည်ဟု ဒေသခံများက ယုံကြည်နေကြသည်။
အစိုးရအာဏာပိုင်များနှင့် နီးစပ်မှုရှိကြောင်း ထားဝယ်ဖွံဖြိုးမှု အများပိုင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးရဲထွဋ်နိုင်က ဝန်ခံသော်လည်း ကုမ္ပဏီမှာ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဏ္ဏဝါလွှမ်းကုမ္ပဏီ ပိုင်ရှင် ဦးခင်စိုး၏ လမ်းညွှန်ချက်နှင့် အညီ ထူထောင်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“ဝန်ကြီးချုပ်ကလည်း ပြောတယ်။ မင်းမြေလာတောင်းရင် ငါမပေးရဲဘူးတဲ့။ မင်းတို့အများပိုင် ကုမ္ပဏီကတော့ ထားဝယ်ဒေသကြီးတခုလုံးကို ကိုယ်စားပြုတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ငါပေးရဲတယ်တဲ့။ ဒီအချိန်မှာ မင်းတို့ကို မပေးရင် ငါဘယ်သူ့ကို သွားပေးရမလဲတဲ့” ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။
ထားဝယ်ဖွံဖြိုးမှု အများပိုင် ကုမ္ပဏီအနေဖြင့် ထားဝယ်ဒေသတွင် လေကြောင်းလိုင်း၊ 3 Star ၊ 4 Star ဟိုတယ် ၊ သတ္တုတွင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ ၊ နိုင်ငံတကာ အဆင့်မီ Shopping Mall ၊ ဂေါက်ကွင်း ၊ မောင်းမကန် ကမ်းခြေအပန်းဖြေ ဘန်ဂလိုများ ၊ စိုက်ပျိုးရေး လုပ်ငန်းများကို အမေရိကန်ဒေါ်လာ သန်းချီ ရင်းနှီးမြှုပ်နှံ၍ စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်ဟု ထားဝယ်ဖွံဖြိုးမှုအများပိုင် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးရဲထွဋ်နိုင်က ပြောသည်။
“ ဂေါက်ကွင်းဆိုရင် ပြီးနေပြီ။ မဖွင့်ရသေးဘူး။ ကမြောကင်းတံတားထိပ်မှာ Shopping Mall ကြီးတခု စဆောက်နေပါတယ်။ လာမယ့်နှစ် ၈ လပိုင်းလောက်မှာ ဖွင့်နိုင်အောင် ကြိုးစားနေတယ်။ အမေရိကန် ဒေါ်လာ ၃ သန်းရင်းနှီးမြှပ်နှံထားတယ်။ မောင်းမကန်မှာတော့ ဘန်ဂလိုတွေ စဆောက်ပြီးသွားပြီ။ 3 star ၊ 4 star က Plan ပြီးသွားပြီ။ ခန့်မှန်းဧည့်သည် ၂၀၀ တည်းနိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဇန်နဝါရီလဆန်းလောက်မှာ ပန္နက် စရိုက်မှာပါ။ ဘန်ဂလိုလေးကတော့ လူ ၅၀ လောက်တည်းလို့ ရနိုင်တယ်။ ကျနော်တို့က ရေနက်ဆိပ်ကမ်း အခြေအနေလေးကြည့်ပြီး လှုပ်ရှားနေရတာ။ အခု ကျနော်တို့က မြေနေရာတွေယူထားပြီး ဘာလို့ လုပ်ငန်းမစသေးတာလဲဆိုတဲ့ ဝေဖန်မှုတွေရှိတယ်။ တချို့ Plan တွေက လုပ်ပြီးပြီ။ ဒေသ အခြေအနေကို ကြည့်ပြီး မဖွင့်ဘဲ စောင့်နေရတာမျိုးတွေလည်း ရှိတယ်”ဟု ဦးရဲထွဋ်နိုင်က ပြောသည်။
ထားဝယ် ဖွံဖြိုးမှု အများပိုင်ကုမ္ပဏီ တည်ထောင်သူလည်းဖြစ် အဏ္ဏဝါလွှမ်းကုမ္ပဏီပိုင်ရှင် ဦးခင်စိုးမှာ ထားဝယ်သားတဦး ဖြစ်ပြီး ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးနှင့် ပူးပေါင်းပြီး စီးပွားရှာဖွေခဲ့သော ငါးဖမ်းလှေများစွာ ပိုင်ဆိုင်သော “ခရိုနီ”တဦး ဖြစ်ကြောင်း၊ ထို့နောက် ထားဝယ်ဒေသသို့ လာရောက်ကာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အများပိုင်ကုမ္ပဏီ တခုထောင်ကာ မြေယာသိမ်းဆည်းမှုများစွာ ပြုလုပ်ခဲ့ကြောင်း ထားဝယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သူ ဒေါက်တာသန်းဝင်းက ဧရာဝတီသို့ ပြောသည်။
“ဦးခင်စိုးနဲ့ ဒီကလူတွေ အရင်က အဆက်အစပ် သိပ်မရှိလှဘူး။ ဒီမြို့ပေါ်က သူဌေးတွေ ဖြစ်တဲ့ ဦးရဲထွဋ်နိုင်၊ ဦးယုစိန်၊ ဦးဇော်လင်း၊ ဦးသန်းစိန် တို့က အများပိုင်ကုမ္ပဏီဆိုတော့ အများအကျိုးလုပ်ရမယ်ဆိုပြီး အဟုတ်မှတ်လို့ ဝင်သွားကြတယ်။ လယ်သမားတွေက သူတို့မြေတွေ ပြန်ပေးဖို့တောင်းဆိုတော့ ထားဝယ်က သူဌေးတွေ တော်တော်စိတ်ထိခိုက် သွားကြတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်ကုန်တယ်”ဟု ဒေါက်တာသန်းဝင်းက ပြောသည်။
ထားဝယ်ဖွံဖြိုးမှု အများပိုင်ကုမ္ပဏီက မောင်းမကန်ကမ်းခြေအနီးတွင် သစ်တောကြိုးဝိုင်း အပါအဝင် မြေဧက ၃၂၀ ကျော်ကို ဒေသ ဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် သစ်တောဦးစီးဌာနသို့ ကျပ်သိန်း ၂၀၀ ကျော်သွင်း၍ လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းပိုင်မြေများမှာ အခမဲ့ လုပ်ပိုင်ခွင့်ရှိထားကြောင်း သိရသည်။
ယင်း သစ်တောကြိုးဝိုင်း ဒီရေတောကို အားပြု၍ စားဝတ်နေရေး ဖန်တီးနေရသော ကြိုးဝိုင်းအနီးရှိ မောင်းမကန်ရွာနှင့် ကဗွီးနှစ်ပင်ရွာတို့မှ ဒေသခံများ၏ လူမှုစီးပွားရေးဘဝများကို လွန်စွာထိခိုက် ပြောင်းလဲသွားစေကြောင်း မောင်းမကန်ရွာသား ဦးထွန်းကြည်က ဧရာဝတီသို့ ပြောသည်။
“အရင်က ဒီတောထဲမှာ သီဟိုသီးခူး၊ ထင်းရှာ၊ သားငါး၊ ဖား ၊ ပုဇွန် အကုန်ဝင်ရှာလို့ ရတယ်။ အခုကုမ္ပဏီက ခြံစည်းရိုးအပြည့်ခတ်လိုက်တော့ ရွာသားတွေက ဝင်မရှာရဲတော့ဘူး။ ဒေသအာဏာပိုင်တွေကလည်း ကုမ္ပဏီဘက်ကို ပါတယ်လို့ ကျနော်တို့က ယုံကြည်တယ်”ဟု ဦးထွန်းကြည်က ဆိုသည်။
ယင်းသစ်တောကြိုးဝိုင်းနှင့် ကပ်လျက်ရှိသော မောင်းမကန်ဒေသအပိုင် ကဗွီးနှစ်ပင်ရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး လူ ၃၀၀ ခန့်နေထိုင်လျက်ရှိရာ ယင်းရွာသို့ ဧရာဝတီသတင်းဌာနက သွားရောက်သတင်းရယူခဲ့ရာ ရွာသားများ စုဝေးစဉ် မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူးက အများနှင့် ဆိုင်သော ဘုရားဝတ်ပြုသည့် နေရာကိုခွင့်မပြုခဲ့သောကြောင့် အနီးရှိ မြေကွက်လပ်တွင် ပြုလုပ်ခဲ့ရသည်။
ယင်းနေရာသို့ ဒေသခံအာဏာပိုင်တချို့အပါအဝင် အရပ်ဝတ်ရဲများပါရောက်ရှိလာပြီး စောင့်ကြည့်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နောက်အကြိမ်များတွင် သတင်းရယူလိုပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးရန် မောင်းမကန်နယ်ထိန်းက လာရောက်ပြောဆိုသည်။
“ကျနော်တို့ရွာသားတွေ အားလုံး ဒီရေတောလေးကို အမှီပြုနေရတာ။ ကုမ္ပဏီက ရွာမှာ ဆရာမ နှစ်ယောက် လာငှားပေးထားတာက လွဲရင် ဘာအကူအညီမှ မပေးပါဘူး။ ကုမ္ပဏီကို သွားပြောတော့ ရွာလူကြီးတွေကို သိန်း ၂၀၀ ကျော်အပ်ထားတယ်ပြောတယ်။ ကျနော်တို့ တပြားမှ မရပါဘူး”ဟု ကဗွီးနှစ်ပင်ရွာသား ကိုလှဝင်းက ပြောသည်။
“ကုမ္ပဏီက ကျမတို့ကို တဲအသစ်ဆောက်တာမျိုး ခွင့်မပြုတော့ဘူး။ ဘယ်တော့ ဖယ်ခိုင်းမလဲတော့ မသိသေးဘူး။ ဒီမှာနေလို့မရရင်တော့ နေစရာရော၊ စားစရာပါ မရှိတော့ဘူး။ အခုတော့ ကနန်းလေး ပုဇွန်လေး ဖမ်းရောင်းနေတာ စားလောက်တယ်”ဟု သစ်တော်ကြိုးဝိုင်း ဒီရေတောထဲတွင် ၁၀ နှစ်ခန့်နေထိုင်ခဲ့သူ ကလေး ၅ ယောက်အမေ ဒေါ်စန်းဌေးက ပြောသည်။
မောင်းမကန်ဒေသတွင် ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများအတွက် ကျပ်သိန်း ၆၀၀ ကျော် ပံ့ပိုးပေးထားပြီး ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာပါက ဒေသခံများကို ဦးစားပေးမည် ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။
“ထားဝယ်လူမျိုးက သစ်ပင်စားပင်စိုက်ပြီးတော့ ရိုးရိုးသားသားနေလာကြတယ်။ သို့သော် စီးပွားရေးအပြောင်းအလဲ ဖြစ်တဲ့အခါမှာ ခေတ်သစ်စီးပွားရေးနဲ့ နီးစပ်တဲ့လူငယ်တွေက ဒီအပြောင်းအလဲကို ဝင်ချင်တယ်။ ကျနော်တို့ မဝင်လဲ ပြည်မက စီးပွားရေးသမားတွေ။ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာမှာပဲ။ အခုဒေသခံတွေ ဖားရှာ ငါးရှာပြီး ဆင်းရဲနေကြတယ်။ ခေတ်ပြောင်းသွားတဲ့အခါမှာ ဖားရှာ ငါးရှာပြီး ကျန်ခဲ့လို့မရတော့ဘူး။ ကျနော်တို့က သူတို့ကို ဆင်းရဲတွင်း ဆွဲတင်နေတာကို မြင့်တယ်ဆိုပြီး ခုန်ချနေကြတာ။ ကျနော်တို့ ထားဝယ်ပြဿနာက ဘာနဲ့တူလဲဆိုရင် အရမ်းချမ်းသာတဲ့ သူဌေးကြီးနဲ့ သူ့ညီမ ထမိန်လျှော်တဲ့ သူဆင်းရဲမ ဇာတ်လမ်းလိုပဲ။ သူဌေးကြီးက အရမ်းချမ်းသာပေမဲ့ သူ့ညီမက ထမိန်လျော်နေတော့ ဘယ်လိုမှ မသင့်တော့ဘူး။ ညီမဖြစ်သူကလည်း တနေ့လုပ် တနေ့စား ရတာကို ပျော်မွေ့နေပြီ။ ထားဝယ်ပြဿနာက ဒါပဲ”ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။
ထားဝယ်ဒေသအရှေ့ဘက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ဒေသများတွင် ကုမ္ပဏီများစွာက နေပြည်တော် အစိုးရထံမှ ထောက်ခံချက်များဖြင့် မြေပိုင်ဆိုင်ကြောင်း လာရောက်ရယူမှု များပြားလာသည့်အတွက် မြေယာရောင်းဝယ်ခွင့် လုံးဝခွင့်မပြုတော့ဘဲ မြေယာအရောင်းအဝယ်များကို KNU က ထိန်းချုပ်ထားသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဗိုလ်ကြီးတဦးက ဧရာဝတီသို့ ပြောသည်။
“ နေပြည်တော် ခွင့်ပြုချက်ပါတယ်ဆိုပြီး ထောက်ခံစာမျိုးစုံနဲ့ မြေယူဖို့ ရောက်လာတဲ့သူတွေ အများကြီးပဲ။ ဒီမှာ စီးပွားရှာချင်နေကြတယ်။ အဲဒီမှာ ဒေသခံတွေနဲ့ ပြဿနာတွေ တက်လာတော့ ကျနော်တို့မြေအရောင်းအဝယ် မလုပ်ခိုင်းတော့ဘူး။ သူတို့တွေ စီးပွားရေး လာလုပ်မှ ကျနော်တို့ ဒေသခံတွေ ပိုဆင်းရဲလာတယ်”ဟု ယင်းပုဂ္ဂိုလ်က ပြောသည်။