ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ဆောက်လုပ်သော တန်းဖိုးမျှတ အိမ်ယာများရှိ အိမ်ခန်း တခန်းလျှင် ကျပ်သိန်း ၃၀၀ ကျော်ဖြင့် အရစ်ကျ ရောင်းချသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြား လိုက်သည်။
ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး (ပထမနေ့) တွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်သက် ၂၅ နှစ် အထက် နိုင်ငံ့ ဝန်ထမ်းများ အတွက် တန်ဖိုးနည်း (သို့မဟုတ်) တန်ဖိုးမျှတ နေအိမ် တိုက်ခန်းများကို အရစ်ကျ ငွေပေးချေ စနစ်ဖြင့် ပေးသွင်းရမည့် အပေါ် ဆောက်လုပ်နေသည့် အဆိုပါ တိုက်ခန်းများ၏ ဈေးနှုန်းအပေါ် မေးမြန်းစဉ် ထိုသို့ ဖြေကြားခြင်း ဖြစ်သည်။
သတ်မှတ်ဈေးနှင့် ပတ်သတ်၍ မြို့တော်ဝန် ဦးလှမြင့်က “ဗိုလ်ဗထူး တန်ဖိုးမျှတ စီမံကိန်း တည်ဆောက် ကာလအတွင်း ၄ ခန်းတွဲ ၈ ထပ် တခန်းကို ကျပ် ၃၁၉ သိန်းနဲ့ ၃၄၇ သိန်း ဆိုပြီးတော့ အစားစားရှိတယ်။ ဗိုလ်မင်းရောင် ဘက်ကတော့ တခန်းကို ၂၀၀ ကျော် ပေါက်ဈေး ရှိပါတယ်။ တိတိကျကျဆို ၂၈၉ သိန်းနဲ့ ၂၄၉ သိန်းနဲ့ ရောင်းချပေးမှာပါ” ဟု တိုင်းဒေသကြီး လွှတ်တော်တွင် ဖြေကြားထားသည်။
ဆောက်လုပ်နေသည့် အဆိုပါ တန်ဖိုးမျှတ အိမ်ရာများမှာ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး အိမ်ရာနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် အိမ်ယာတို့ဖြစ်ပြီး အဆိုပါ အိမ်ရာစီမံကိန်းမှ အခန်းများကို အရစ်ကျ စနစ်အပြင် ဘဏ်ချေးငွေ ဖြင့်ပါ ဝယ်ယူနိုင်မည် ဖြစ်သည်။
အဆိုပါ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများမှာ ဝန်ထမ်းများ၊ ပြည်သူများနှင့် ကုမ္ပဏီ ဝန်ထမ်းများ အိုးပိုင်အိမ်ပိုင် ဖြစ်ရေးအတွက် ရည်ရွယ်၍ အရစ်ကျနှင့် ဘဏ်ချေးငွေယူကာ ဝယ်ယူနိုင်ရန် ဆောက်လုပ် ရောင်းချခြင်း ဖြစ်သော်လည်း သတ်မှတ်သည့် ဈေးနှုန်းများမှာ ဝန်ထမ်းတဦး အနေဖြင့် ဝယ်ယူနိုင်မည့် အခြေအနေတွင် မရှိကြောင်း သိရသည်။
အနည်းဆုံး သတ်မှတ်ဈေး ၂၄၉ သိန်းတန်ကို အရစ်ကျ ဝယ်ယူမည်ဆိုပါက ပထမဦးစွာ တန်ဖိုးငွေ၏ ၃၀ ရာခိုင်နှုန်းကို ပေးသွင်းပြီးနောက် တလလျှင် ကျပ် ၅ သိန်းကျော် အရစ်ကျ ပေးသွင်းရမည်ဖြစ်ရာ ထိုသို့ ပေးချေမှသာ ၄ နှစ်တွင် အဆိုပါ အခန်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သောကြောင့် လစာ ကျပ် ၅ သိန်းအောက် ဝင်ငွေရှိသူ ဝန်ထမ်းများ ဝယ်ယူနိုင်မည် မဟုတ်ပေ။
“တန်ဖိုးမျှတသာ ပြောတာပါ။ ဒီဈေးနဲ့ဆို ဘယ်ဝန်ထမ်းက ဝယ်နိုင်မှာလဲ။ သူတို့ပြောတဲ့ ၄ နှစ် ဆက် ဆိုပေမယ့် အတိုးက မနေဘူးလေ။ ဒီလိုဆို ဘယ်သူမှ ဝယ်နိုင်မယ် မထင်ဘူး။ လူချမ်းသာတွေ လောက်ပဲ ဝယ်နိုင်မှာပါ။ ဝန်ထမ်း လစာက အများဆုံး ရတာ အရာရှိမှ ၁ သိန်းကျော် ၂ သိန်းပေါ့။ ဘယ်ဝန်ထမ်းက ဝယ်နိုင်မှာလဲ။ ၄ နှစ်အတွင်း အဲဒီ ဝယ်တဲ့ ဝန်ထမ်းက သေဆုံးခဲ့ရင် အဲဒီ ငွေတွေက ဘယ်လို လုပ်မလဲ။ ဆပ်ရမှာက မနည်းဘူးလေ” ဟု မြန်မာ့ဆက်သွယ်ရေး ဝန်ထမ်း တဦးက ပြောသည်။
အဆိုပါအရစ်ကျစနစ်တွင် ဝန်ဆောင်ခကို ထည့်သွင်း တွက်ထားခြင်းလည်း မရှိသေးပေ။ ထိုသို့ ဝန်ဆောင်ခပါ ထည့်သွင်း တွက်ချက်မည် ဆိုပါက ၁ လလျှင် ပေးသွင်းရငွေမှာ ပိုမိုများပြား လာမည်ဖြစ်ပြီး ဘဏ်တိုးဖြင့် ချေးယူမည် ဆိုပါကလည်း လက်ရှိ ဘဏ်တိုးမှာ ၁၀ ကျပ်တိုးအထက် ရှိနေသည့်အတွက် အဆိုပါဈေးနှုန်းများမှာ လခစား ဝန်ထမ်းများအတွက် မတတ်နိုင်သည့် နှုန်းတခုသာ ဖြစ်ကြောင်း သုံးသပ်သူများရှိသည်။
တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ၄ ခန်းတွဲ ၈ ထပ်တိုက် ပုံစံဖြင့် တည်ဆောက်လျှက် ရှိကြောင်း၊ အရစ်ကျ ရောင်းချရာတွင် ပုံမှန်ဝင်ငွေရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပုံမှန် ဝင်ငွေရှိ ကုမ္ပဏီဝန်ထမ်းများ၊ ပြည်သူများနှင့် အငြိမ်းစား ဝန်ထမ်း များကို ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
“ဘဏ်ချေးငွေနဲ့ ဝယ်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်း ချေးယူ ရရှိနိုင်ပြီး ပြန်ဆပ်ရမယ့် ကာလက ၄ နှစ်အတွင်း ဖြစ်ပါတယ်။ ၄ နှစ်ထက်ပိုတိုးပြီး အရစ်ကျ ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး အနေနဲ့ တန်ဖိုးမျှတ ဆောင်ရွက်ရာမှာ လုပ်ငန်းဆောင်ရွက်သူက ငွေကြေး အပြည့်အဝ စိုက်ထုတ်ရတော့ ဆောက်လုပ်သူနဲ့ နေထိုင်သူ နှစ်ဘက် အဆင်ပြေဖို့ ဒီထက် နှစ်များရင် ဘဏ်တိုးငွေ မြင့်တက်လာနိုင်တာ ကြောင့်ပါ” ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
ဘဏ်ချေးငွေဖြင့်ဝယ်ယူပါက ဘဏ်တိုးနှင့်နဲ့ဝန်ဆောင်ခကို ဝယ်ယူသည့်အခန်းကျသင့်တန်ဖိုးတွင် ထပ်ဆောင်းပေးဆောင် ရမှာဖြစ်ကြောင်းတိုင်းဒေသကြီးလွှတ်တော်တွင် ၎င်းကရှင်းလင်းပြောကြားခဲ့သည်။
“လက်ရှိမှာ မြေပြင်ရှင်းပြီး ပိုင် ရိုက်နေတယ်။ ပြီးရင် ဆောက်တာ မြန်မှာပါ။ ဘဏ်က ငွေချေးရမယ် ဆိုတာက ဆောက်တဲ့ ကုမ္ပဏီကနေ ချိတ်ဆက်ထားတာပါ။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ ချေးယူရမှာထက် အရစ်ကျနဲ့လည်း ရတယ်၊ ဘဏ်နဲ့လည်း ချိတ်ဆက်နိုင်တယ်။ ဘယ်ဘဏ်နဲ့ ချိတ်ဆက်တယ် ဆိုတာကိုတော့ အသေးစိပ် ပြောမရသေးဘူး” ဟု ဧရာဝတီမှ မေးမြန်းစဉ် အဆောက်အဦးဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ဖြေကြားသည်။
အဆိုပါ တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းကို အောင်မြေတိုးတက် ကုမ္ပဏီဖြင့်လည်းကောင်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်းကို မြန်မာပြည်ပိုင် ကုမ္ပဏီတို့ဖြင့် လည်းကောင်း ပူးတွဲလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
နေ့စား စည်ပင် ဝန်ထမ်းအနေဖြင့် လုပ်ဆောင်နေသည့် အမှိုက်သိမ်း ဝန်ထမ်း ဥက္ကာအောင်က “ကျနော်တို့ ဌာနက လုပ်တယ် ဆိုပေမယ့် သူတို့ အထက်ဝန်ထမ်းတွေ လောက်ပဲ ဝယ်နိုင်မှာပါ။ ရောင်းမယ့်အထဲတောင် ကျနော်တို့ မပါဘူး ထင်တယ်။ ကျနော်တို့က နေ့စားလေ။ အမြဲတမ်း ဝန်ထမ်းတောင် ဒီဈေးဆို ဘယ်ဝယ်နိုင်မှာလဲ။ ဒီလောက် ဈေးက လစာ ၃၊၄ သိန်း ရတဲ့ သူတွေတောင် စဉ်းစားမယ့် ဟာပဲ။ မလွယ်ပါဘူး” ဟု ပြောသည်။
အဆိုပါ အိမ်ရာနှင့် ပတ်သက်၍ ဝန်ထမ်းများ အနေဖြင့် မည်သို့ ဝယ်ယူရမည်ကိုမူ တိကျသော အချက်အလက်ဖြင့် သက်ဆိုင်ရာ ဌာနမှ ပြောကြားနိုင်ခြင်း မရှိသေးသကဲ့သို့ သတ်မှတ် နှုန်းထားများ အလိုက် ပေးမည့် ဝန်ဆောင်မှု၊ အခန်းအကျယ်နှင့် ပါဝင်မည့် အခန်းအပြင်အဆင်များ အကြောင်းကို ပြောကြားနိုင်ခြင်း မရှိသေးပေ။