မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ယနေ့ ညပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ် အကူအညီ များစွာ ရယူခဲ့ပြီး မြန်မာက ရယူထားသော အကူအညီများတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအဝင် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များ ရယူခြင်း များ ပါဝင်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် အစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yang Houlan က ပြောဆိုခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ အကူအညီနှင့် အထောက်အပံ့များ အဓိက ရယူခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို သိသာစေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ခွဲမထွက် နိုင်သေးသည်ကို မြင်သာ ထင်သာရှိစေသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဘေဂျင်းအိုလံပစ်ကို ဖွင့်ခဲ့တဲ့ အတိုင်းပဲ တရုတ်က ဒီမှာလာလုပ်နေတယ်။ ဖွင့်ပွဲလုပ်မဲ့ အားကစားရုံကြီးကလည်း တရုတ် ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပဲ။ ပြည်တွင်း ကုမ္ပဏီကတာဝန်ယူ ဆောက်တယ်ဆိုပေမယ့် တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံဉာဏ်နဲ့ ဆောက်ထားတာ။ ဖွင့်ပွဲပိတ်ပွဲ ကိုလည်း တရုတ်ရဲ့ ကူညီပံပိုးမှုနဲ့ပဲ လုပ်ရတယ်။ အဲလိုလုပ်နိုင်ဖို့ တရုတ်ပညာရှင်တွေ လွန်ခဲ့တဲ့ ၂ လ လောက် ကတည်းက နေပြည်တော်ကို ရောက်နေတာ။ ဒါတွေကို ကြည့်ရင် မြန်မာဟာ တရုတ်သြဇာကနေ မလွတ်သေးဘူးဆိုတာ တွေ့ရတယ်´´ ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိုးရွားစွာကျဆင်းလျက်ရှိသော တရုတ်နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန် ကြိုးစားသည့်အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွှေးကောက်ပွဲအပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန်နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာပြည်သူများ လက်ခံလာစေရန် နည်းဗျူဟာပြောင်း၍ အပေးအယူလုပ်နေခြင်းဟု ယုံကြည်ကြောင်း ပြည်တွင်းဂျာနယ်များတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“တရုတ်အလံတောင် မီးရှို့ခံနေရတဲ့အတွက် ပြည်တွင်းမှာ တရုတ်ရဲ့ ပုံရိပ်က လုံးဝမကောင်းဘူး။ မြန်မာကို စီးပွားရေးအရ နယ်ချဲ့ဖို့က အရင်အစိုးရလို ပေါ်တင်လုပ်လို့ မရတော့ဘူး။ Hard Power (အမာပုံစံ) ဝင်လို့ မရတော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေနဲ့ ပြန်ဝင်လာတယ်။ ဆေးရုံဆောက်ပေးမယ်။ ကန်ထရိုက်ကို တရုတ်ကယူမယ်။ပြီးရင် တရုတ်ဆေး ပဲသွင်းမယ်ဆိုရင်တော့ သူတို့ဗျူဟာက အောင်မြင်မှာ မဟုတ်ဘူး”ဟု ဇာနည်စိုးထွဋ်က ဆိုသည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ယနေ့အချိန်ထိ ရုန်းမထွက်နိုင်သေးသေးကြောင်း၊ ဦးသိန်းစိန်အစိုးရအနေဖြင့် တရုတ်အားထားနေရမှုကို ပြန်လည်သုံးသပ်သင့်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။
“ တရုတ်က သူ့အကျိုးစီးပွားအတွက် နိုင်ငံတိုင်းကို အကူအညီပေးနေတာ။ ဘယ်နိုင်ငံမှ သူ့အကျိုးစီးပွားမပါဘဲ တခြားနိုင်ငံတွေကို အလကား မကူညီဘူး။ ကျနော်တို့ အစိုးရအနေနဲ့ ရေရှည်အတွက် အမြင်ကျယ်ကျယ်နဲ့ လေ့လာ ဆန်းစစ်ဖို့ လိုပြီ”ဟု ဦးသိန်းဆွေက ဆိုသည်။
တိုင်းပြည်ဂုဏ်သိက္ခာ မြင့်တင်နိုင်ရန် တရုတ်နိုင်ငံ၏ အကူအညီများစွာ ရယူနေသော်လည်း ဆီးဂိမ်းဖွင့်ပွဲတွင် ပြည်သူများ ပါဝင်ဆင်နွှဲခွင့် နည်းပါးကြောင်း ဝေဖန်မှုများ ရှိနေသည်။
(နေပြည်တော်ဆီးဂိမ်း ဖွင့်ပွဲ အခမ်းအနား တက်ရောက်နေသည့် ဧရာဝတီသတင်းထောက် စနေလင်း နှင့် ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်)