ကချင်တိုင်းရင်းသူ ဒီဇိုင်နာ ဆန်းဘောက်ရာဟာ ၂၀၀၅ ခုနှစ်ကတည်းက စတင်ပြီး Shayi အမည်နဲ့ လက်ဖြစ် အမျိုးသမီး အဝတ်အထည် တွေကို ဖန်တီး ရောင်းချနေသူ ဖြစ်ပါတယ်။ Shayi ဆိုတာ ကချင်ဘာသာစကားအရ “မိန်းကလေး” လို့ အဓိပ္ပာယ် ရတဲ့အတွက် အဲဒီတံဆိပ်နဲ့ အမျိုးသမီး ဝတ်စုံတွေကိုသာ ထုတ်လုပ် ရောင်းချတယ်လို့ သိရပါတယ်။ သူ ဒီဇိုင်း ထုတ်လုပ် ရောင်းချတဲ့ဝတ်စုံတွေဟာ ရိုးရာ ဒီဇိုင်းကို အခြေခံပြီး ဆန်းသစ် ထုတ်လုပ်ထားတာဖြစ်လို့ လူကြိုက်များကြပြီး သုံးစွဲထားတဲ့ ပိတ်စနဲ့ Accessories တွေအပေါ် လိုက်လို့ တန်ဖိုးအားဖြင့် ကျပ်သောင်းဂဏန်းကနေ သိန်းဂဏန်း အထိ ရှိတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ နေရာတနေရာ ခိုင်မာနေပြီဖြစ်တဲ့ Shayi ရဲ့ ဦးဆောင်သူ ဒီဇိုင်နာ မဆန်းဘောက်ရာကို လတ်တလော ခေတ်စားနေတဲ့ ကချင်ရိုးရာအထည် ဖက်ရှင်ရေစီး အကြောင်းနဲ့ မြန်မာနိုင်ငံကနေ နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss ပြိုင်ပွဲတွေမှာ ပရိသတ် ဝေဖန်မှုရှိခဲ့တဲ့ နိုင်ငံ ကိုယ်စားပြု အမျိုးသားဝတ်စုံ ဒီဇိုင်းတွေအကြောင်း၊ ကချင်တိုင်းရင်းသူတဦး ဖြစ်တဲ့အတွက် စစ်ဘေးဒဏ်သင့် ဒေသတွေက သူတို့ ကချင် တိုင်းရင်းသား တွေနဲ့ပတ်သက်လို့ ဧရာဝတီက မေးမြန်းထားပါတယ်။
မေး။ ။ လတ်တလောမှာ အနုပညာရှင် တော်တော်များများကို ကြည့်လိုက်ရင် ပြန်လည်ဆန်းသစ်ထားတဲ့ ကချင် ဝတ်စုံလေးတွေကို တော်တော်များများ ဝတ်လာကြတာတွေ့နေရတယ်။ ဒါဟာ အနုပညာရှင်တွေ အနေနဲ့ ကချင်ဝတ်စုံတွေအပေါ် စိတ်ဝင်စားမှု ပိုလာတယ်လို့ ပြောလို့ရမလား။
ဖြေ။ ။ ရပါတယ်။ အခု ဝတ်နေကြတာပဲလေ။ အနုပညာသမား Customer တွေ ကျမဆိုင်မှာ ရှိနေကြတာပဲ။ အခု Miss ပြိုင်ပွဲတွေမှာ ဆိုလည်း ကချင်ထည်တွေ ဝတ်ဖို့ဆိုပြီး ဂုဏ်ရည်အေးကျော် ဆိုလည်း သူ Miss International သွားပြိုင်ဖို့ အတွက် လုပ်ပေးရဖို့ ရှိတယ်ပေါ့။ နောက် ပြီးခဲ့တဲ့ နန်းခင်ဇေယျာတို့ ပွဲလုပ်တုန်းက၊ တခြား Miss တွေ မြန်မာပြည်ကို လာတုန်းက သူလည်း ကချင်ဝတ်စုံ ဝတ်တာပဲပေါ့။ ကချင်ဝတ်စုံက တခြားတိုင်းရင်းသား ဝတ်စုံတွေနဲ့ တန်းစီလိုက်ရင်တောင် ထင်းကနဲလင်းကနဲ ဖြစ်စေတာပေါ့။ အရမ်း အရောင်စုံ ဖြစ်တာတခုရယ်၊ နောက်ပြီး အရမ်းတန်ဖိုးရှိတယ်။ ကြည့်လိုက်ရင် ငွေထည်တွေ ပါမယ်၊ ဟန်းမိတ်တွေ အများကြီးပါမယ်၊ ပြီးရင် ပိတ်စတွေကအစ ဂျပ်ခုပ်ထည်တွေ ဖြစ်တယ်ဆိုတော့ ဒါက ဒီဇိုင်းတွေ ထူးပြီး မထွင်ထားဘူး ဆိုရင်တောင်မှ ဒီပစ္စည်းတွေနဲ့တင် ဈေးကြီးတဲ့ အရည်အသွေးက သူ့ဘာသာသူ ထွက်နေတာပဲ။ အဲဒါကြောင့်လည်း လူတွေစိတ်ဝင်စားမှု ပိုများလာတယ်လို့ မြင်တယ်။
မေး။ ။ သာမန်လူတန်းစားတွေအနေနဲ့ ကချင်ဝတ်စုံတွေအပေါ် စိတ်ဝင်စားမှု အနေအထားကရော။
ဖြေ။ ။ ကျမရဲ့ Customer က အယောက် ၁၀၀ ရှိရင် ၉၉ ယောက်က သာမန်လူတွေပဲလေ။ တယောက်လောက်သာ အနုပညာရှင် ဖြစ်မယ်။ ၉၉ ယောက်တောင် ပြောလို့မရပါဘူး၊ ၁ ထောင်မှာ ၉၉၉ ယောက်က သာမန်လူတွေ ချည်းပါပဲ။ ကျမရဲ့ Shayi တံဆိပ်ကို စိတ်ဝင်တစားနဲ့ အားပေးပြီး ဝယ်ယူနေကြတဲ့သူ အကုန်လုံးကတော့ ဒီကချင်ရိုးရာရဲ့အရသာကို ကြိုက်ကြလို့သာ အားပေးနေကြတယ် ဆိုတော့ တလကို ကျမ အကျႌ တသောင်း ရောင်းရတယ်ဆိုရင်၊ ဒါက လူအယောက်တသောင်းက ဒါကို စိတ်ဝင်စားလို့ပေါ့။ ကျမ ဆိုင်ကလည်း ရောင်းနေရတာပဲ ဝတ်နေကြတာပဲ ဆိုတော့ သာမန်လူတွေ စိတ်ဝင်စား လို့သာ ဒီဈေးကွက်ကြီးက ရှိနေတာပါ။ နောက် ကျမအထင်ကတော့ ဒီ ကချင်ထည်တွေကို တခြားတိုင်းရင်းသားလူမျိုးတွေရဲ့ အထည်တွေထက် ပိုပြီး ဝတ်လာကြတာ၊ လူတွေအမြင်မှာ ဒီဇိုင်းလှတယ်လို့ မြင်ပြီး ပိုဝတ်ချင်လာတာဟာ ဒီဇိုင်နာတွေကြောင့် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျမတို့ တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ဒီဇိုင်နာတွေ ရယ်လို့ ထွက်လာတာ မရှိဘူး။ ကျမတို့ ကချင်မှာဆိုရင် ကျမ အပါအဝင် တခြားကလေးတွေလည်း ရှိသေးတယ်ဆိုတော့ ကျမတို့က မီဒီယာတွေမှာပဲ ဖြစ်ဖြစ်၊ မဂ္ဂဇင်းတွေမှာပဲဖြစ်ဖြစ် ကချင်ထည်တွေကို များများ ဒီဇိုင်းထွင်ပြီး များများချုပ်ပြလေလေ၊ လှတယ်လို့ မြင်လာပြီး လူတွေက လိုက်ဝတ်ချင် လေလေ ဖြစ်မှာပဲ။ အဲဒီအတွက် ဒီဇိုင်နာတွေက တော်တော်ကို တာဝန် ရှိတယ်လို့ ထင်ပါတယ်။ ဒီဈေးကွက်ကြီး ဖြစ်လာဖို့၊ မဖြစ်လာဖို့ဆိုတာပေါ့။ ဥပမာ – ချင်း ထည်တွေဆိုလည်း တော်တော် လှတာတွေ ရှိပါတယ်။ ဟန်းမိတ်တွေမှာဆိုလည်း လှတာတွေ ရှိတာပဲ။ ဒါပေမယ့် အဲဒီ ချင်းထည်အတွက်ကို သီးသန့် ဒီဇိုင်နာရယ်လို့ မရှိပါဘူး။ ကျမဆိုရင် နိုင်ငံတကာ ပွဲတွေမှာ ဒီ ကချင်ထည်ကို အဓိကထား ပြပေးတယ်ဆိုတော့ ဈေးကွက် ကနေ ကျမဆီကို Customer တွေ မလာခဲ့ရင်တောင်မှ နီးစပ်ရာတိုင်းမှာ ဒီကချင်ထည်တွေ ချုပ်ဝတ်ကြတယ်။ ဥပမာ – ဈေးထဲမှာဆို ကချင်ထည်တွေ၊ ပိတ်စတွေ ပိုပြီး ရောင်းကောင်း လာတယ် ဆိုတာမျိုးပေါ့။ ကျမ ချုပ်ပေးလိုက်ရတာမျိုး မဟုတ်ဘဲ ကျမလုပ်ထားတဲ့ ဒီဇိုင်းကို လူတွေမြင်ပြီး ဝတ်ချင်လာတယ်။ ကျမကတော့ အဲဒီလိုမျိုး မြင်မိတယ်။
မေး။ ။ အခုလို ကချင်ဝတ်စုံတွေကို စိတ်ဝင်တစားနဲ့ အလေးထား ဝတ်ဆင်လာမှုအပေါ် ကချင်တိုင်းရင်းသူ တယောက် အနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ကျမကတော့ နိုင်ငံခြားက ပစ္စည်းတွေကို အားပေးနေမယ့်အစား၊ ကိုယ့်ပြည်တွင်းဖြစ်ကို အားပေးမယ်ဆိုရင် နိုင်ငံ တခုလုံးရဲ့ စီးပွားရေးနဲ့ ယှဉ်ကြည့်လိုက်ရင် ဒါက အကျိုးရှိပါတယ်။ နောက် လူမျိုးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ကျမတို့ ကချင် ဝတ်စုံကို လူတိုင်းလူတိုင်းက ဝတ်ကြတယ်ဆိုရင် ကချင်ဆိုတာကို မကြားဘူး၊ မသိဖူးတဲ့သူတောင် ဒါကိုတွေ့ရင် ဒါကဘာဝတ်စုံလဲ၊ လှတယ်ဆိုပြီး သိသွားတာပေါ့။ အဲဒီအတွက် ကချင်လူမျိုးတယောက်အနေနဲ့လည်း ဂုဏ်ယူတယ်။ တနိုင်ငံလုံးရဲ့ စီးပွားရေးအမြင်နဲ့ကြည့်မယ်ဆိုရင်လည်း သူများနိုင်ငံကို ပိုက်ဆံရောက်သွားမယ့်အစား ကိုယ့်နိုင်ငံမှာပဲ ပြည် တွင်းဈေးကွက်ကြီး ကြီးလာတယ်ဆိုတာက နိုင်ငံရဲ့ စီးပွားရေးအနေနဲ့လည်း ကောင်းတယ်။ ပြည်တွင်းမှာ ဈေးကွက် ကြီးလာလေ၊ ပြည်တွင်းကလူတွေ၊ ဝန်ထမ်းတွေ အလုပ်ရလေပေါ့။ အဲဒီလိုမျိုး ဆိုတော့ အကုန်လုံးအတွက် အကျိုးရှိတဲ့ အရာတွေ အများကြီးပါပဲ။ နိုင်ငံတခုလုံး အတွက်လည်း အကျိုးရှိတယ်၊ လူမျိုးတခုလုံး အတွက်လည်း အကျိုးရှိပါတယ်။ ကျမက ကချင် တိုင်းရင်းသူလည်း ဖြစ်တဲ့အတွက်ကြောင့် ကချင်ဝတ်စုံကို လူတွေဝတ်လေ ကျမကတော့ ကြည့်ပြီး ဂုဏ်ယူလေပါပဲ။ အဲဒီအတွက်ကြောင့် ကျမ နိုင်ငံခြားပွဲတွေမှာပဲ ဖြစ်ဖြစ် ပြည်တွင်း ရှိုးမှာပဲဖြစ်ဖြစ်၊ ဒီ ကချင်ထည်ကို ထည့်ဖြစ်အောင် ထည့်ဖို့ ကြိုးစား ပါတယ်။ ဒါကို တန်ဖိုးတက်သထက် တက်အောင်၊ လှသထက်လှအောင် အမြဲကြိုးစားပြီး လုပ်လေ့ရှိပါတယ်။
မေး။ ။ ဧရာဝတီအတွက် သီးသန့် ဓာတ်ပုံရိုက်ထားတဲ့ မော်ဒယ်လ် ဆောင်းဝတ်ရည်မေရဲ့ ဝတ်စုံကိုကော ဘယ်လိုစိတ်ကူးနဲ့ လုပ်ဖြစ်တာပါလဲ။
ဖြေ။ ။ ကျမ အမြဲတမ်း လုပ်နေကျပုံစံ၊ ကြည့်လိုက်ရင် ရိုးရာရဲ့ Taste လည်း မပျက်ဘူး။ ပြီးတော့ ဒါသည် ပွဲလည်း တိုးလို့ရတယ်။ ကြည့်လိုက်ရင် ဒါဟာ Handmade မို့လို့ ဈေးကြီးမှန်းလည်းသိတယ်။ ကျမတို့ရဲ့ ရိုးရာပစ္စည်းတွေက တန်ဖိုး အရမ်းရှိပြီးတော့ လူတွေအမြင်မှာ ဝတ်လို့မရတဲ့ ဝတ်စုံမျိုး မဖြစ်ချင်ဘူး။ ရိုးရာပုံစံလည်း မပျောက်ရဘူး။ သူသည် ထသွားထလာပဲ ဝတ်မလား၊ အဲဒီလိုပုံစံမျိုးလည်း လုပ်ပေးလို့ရတယ်။ ပွဲနေပွဲထိုင် သွားမလား။ ပွဲနေပွဲထိုင်ဆိုတဲ့ နေရာ မှာလည်း Dinner သွားမလား၊ မင်္ဂလာဆောင်ပွဲပဲ သွားမလား။ နိုင်ငံတော်ပွဲပဲ သွားမလား၊ Miss ပြိုင်ပွဲကြီးပဲ ပြိုင်မလား။ ဒီရိုးရာ ပုံစံလေးလည်း မပျက်အောင်၊ သူဝတ်ချင်တဲ့ နေရာအနေအထားနဲ့ အကုန်လိုက်ဖက်အောင်၊ တန်ဖိုး နည်းတာပဲဖြစ်ဖြစ် တန်ဖိုး ကြီးတာပဲ ဖြစ်ဖြစ် နေရာတိုင်းမှာ ရိုးရာပုံစံလေးတွေကို ဝတ်လို့ရအောင် ကျမလုပ်တဲ့ Shayi Brand က အမြဲတမ်း အဲဒီလို ပုံစံမျိုးပဲ သွားလေ့ရှိတယ်။ အခု သူဝတ်ထားတဲ့ ဂါဝန် အတိုလေးဆိုရင် ဟိုတယ်ပွဲဆိုလည်း တက်လို့ရပြီး နိုင်ငံတော်ပွဲရဲ့ Dinner ပွဲ တခုခုမှာဆိုလည်း သူသွားလို့ရပြီ။ ကြည့်လိုက်ရင် ရိုးရာပုံစံလည်း မပျက်ဘူး၊ ခေတ်လည်းမီတယ်။ တန်ဖိုးရှိရှိ လည်း ဝတ်လို့ရတယ်။
မေး။ ။ ပြီးခဲ့တဲ့ Miss ပြိုင်ပွဲတွေမှာ ဒီဇိုင်နာတွေရဲ့ အားနည်းမှုတွေ ရှိတယ်။ နိုင်ငံတကာနဲ့ ယှဉ်ရတဲ့ Miss တွေကို ဘယ်လို ဒီဇိုင်းမျိုးတွေ ချုပ်ပေးလိုက်တာလဲ ဆိုတဲ့ ပြည်သူတွေရဲ့ ဝေဖန်သံတွေ ညံသွားခဲ့တာ အားလုံးလည်း အသိပါပဲ။ အထူးသဖြင့် နိုင်ငံတနိုင်ငံရဲ့ ရိုးရာကို ချပြရတဲ့ တကယ့် အမျိုးသားဝတ်စုံကို ဖန်တီးပေးမှုတွေအပေါ် အားရကျေနပ်မှုမရှိကြဘူးပေါ့။ ဆိုတော့ … ဒါတွေက ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုအပိုင်း အားနည်းချက်တွေလား။ ဒါမှမဟုတ် ဘယ်လို အကြောင်းအရာတွေက နိုင်ငံရဲ့ ရိုးရာဝတ်စုံကို နိုင်ငံတကာက လူတွေအမြင်မှာ “ဟာ” ကနဲ ဖြစ်သွားအောင် မချပြနိုင်ရလဲဆိုတာ ဒီဇိုင်နာ တယောက် အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါလဲ။
ဖြေ။ ။ မြန်မာလူမျိုးတွေမှာ နည်းနည်း ရှေးရိုးစွဲတာတွေ၊ ရှေးရိုးဆန်တာတွေ ရှိတယ်ပေါ့။ ဆီးဂိမ်းနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ ကျမတို့ တိုင်းရင်းသား ဝတ်စုံတွေကို လုပ်ရတယ်။ အဲဒီမှာ ဝတ်စုံတစုံ ဖန်တီးဖို့ဆိုရင် ကျမတို့မှာ အဆင့်ဆင့် ဝန်ကြီးကို အကြိမ်ကြိမ် ပြရတယ်။ ပြီးတော့ ကချင်ဆိုရင်လည်း ကချင်တိုင်းရင်းသား စာပေ ယဉ်ကျေးမှုတွေရှိတယ်။ တိုင်းရင်းသား စာပေယဉ်ကျေးမှု ဘက်ကအစ အဆင့်ဆင့်စစ်ပြီးတော့ ဒါဆိုရင် ဘယ်လိုလုပ်ရမယ်၊ ဒါဆိုရင် ဘယ်လိုဆိုတာမျိုးတွေ ရှိတယ်။ ကျမတို့ဆီမှာ အဲဒီလိုမျိုး ရှေးရိုးစွဲနေတဲ့ လူကြီးတွေက ရှိနေတယ်ဆိုတော့ မြန်မာ ဝတ်စုံတွေဆိုရင် အဲဒီလိုမျိုး မထွင်တာ ဖြစ်လိမ့်မယ်။ ဒါက ကျမတို့ ဆီးဂိမ်းမှာ ဒီဇိုင်နာတွေ အကုန် ဝိုင်းလုပ်ရတဲ့ပွဲမှာ အဲဒါမျိုးကြီးက အရမ်းကြုံရပြီးတော့ ရှေ့ကို မရောက်တော့ဘဲနဲ့ တက်လိုက်ရတဲ့ အဆင့်ဆင့်တွေ။ ဒီဝတ်စုံ တခု ထွက်လာရဖို့ အရေး အတွက်ကိုလေ။
ကျမ ပြောချင်တာက ကျမတို့ ကချင်ဝတ်စုံကို ဆန်းသစ် ပေးပါဆိုရင် ဒါက ဆန်းသစ်ထားတဲ့ ဝတ်စုံလေ။ ရိုးရာအတိုင်း ချွတ်စွပ်လိုချင်ရင် ကျမတို့ ဒီဇိုင်နာတွေ မလိုဘူးလေ။ အကျႌချုပ်တဲ့ သူတွေကို အပ်လိုက်လို့ရတယ်။ သူတို့က ဒီဇိုင်နာရဲ့ ဒီဇိုင်းလည်းပဲ လိုချင်သေးတယ်။ ရိုးရာအတိုင်း ခေါင်းပေါင်းဆိုရင် ဘယ်ဘက်ကို သွားရမယ်၊ အမြိတ်ဆိုရင် ဘယ်လိုချရတယ် ဆိုတာကအစ လိုက်ပြီး ပြောနေတဲ့ဟာတွေက အများကြီးရှိပြီး ကျမတို့ အရမ်းကို ရင်ဆိုင်ပြီး လုပ်ရတဲ့ အပိုင်းတွေ များပါတယ်။ အဲလိုမျိုးတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို့၊ အဲဒီလို နိုင်ငံတော်ပွဲတွေမှာ ကျမတို့ ဝတ်စုံလုပ်ရရင် အခက်အခဲတွေ တော်တော်များများ ရှိပါတယ်။
ကျမဆိုရင် ကချင်ဝတ်စုံကို တော်တော် ကွဲကွဲပြားပြား လုပ်လေ့ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ကချင်ဝတ်စုံက ကျမတို့ဆီမှာ မျိုးနွယ်စုက အများကြီး ရှိတဲ့အတွက်ကြောင့်မို့၊ နိုင်ငံတော် လူကြီးတွေက အဲဒီလောက် အများကြီး ဘယ်သူမှ မသိနိုင်တဲ့ အတွက်ကြောင့်မို့ ကျမကို ဘယ်သူမှ လက်ညှိုးမထိုးနိုင်ဘူး။ မြန်မာဝတ်စုံဆိုရင် Point ဝိုင်းလုပ်မယ့်သူတွေ အများကြီးပဲ။ ဒီဇိုင်နာတွေက အဲဒီပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ လုပ်ရကိုင်ရတာ အရမ်းခက်ပါတယ်။
အခု ဆီးဂိမ်းဆိုရင် ကွင်းထဲမှာ ကတဲ့သူတွေ အကုန်လုံးရဲ့ ဝတ်စုံတွေကို ကျမတို့ ဒီဇိုင်နာတွေ အကုန်လုံးက ဝိုင်းလုပ် ပေးရတယ်။ အစကတည်းက ဒီဇိုင်နာတွေခေါ်ပြီး လုပ်ခိုင်းတယ် ဆိုကတည်းက သူတို့က ဆန်းသစ်ချင်လို့၊ ဒီဇိုင်း ဆန်းဆန်းလေး လိုချင်လို့ လို့ထင်တယ်။ ဒါပေမယ့် ကျမတို့က ဒီဇိုင်းဆန်းလိုက်ရင် လူကြီးတွေက အကုန် ပြန်ဝေဖန်ပြီး အကုန်ပြန်ပြောင်းခိုင်းတယ်။ ဝတ်စုံတစုံဖြစ်ဖို့ကို ကချင်ဆို ကချင်က လူကြီးတွေ ဆင်းလာတယ်။ ချင်းဆို ချင်းလူကြီးတွေ အကုန်လုံး ရန်ကုန်မှာ အစည်းအဝေး အကြိမ်ကြိမ်ထိုင် ဆုံးဖြတ်ပြီး နောက်ဆုံး သူတို့ရိုးရာ ဘောင်ထဲပဲ ပြန်ဝင်သွားတာပဲ။ အဲဒီလိုမျိုးတွေ အများကြီးရှိတဲ့အခါမှာ ဒီဇိုင်နာတွေ လုပ်ရတဲ့အပိုင်းတွေမှာ အခက်အခဲ အများကြီးရှိပါတယ်။
နောက်တခုက Miss ပြိုင်ပွဲပဲဖြစ်ဖြစ်၊ နိုင်ငံတော်ပွဲ ဆီးဂိမ်းလိုဟာမျိုးပဲ ဖြစ်ဖြစ်၊ အဲဒီအချိန်မှာ ကျမတို့က ဘတ်ဂျက် ကန့်သတ်ချက် အရမ်းရှိတယ်။ ဥပမာ – ကချင်ဝတ်စုံဆိုရင် ငွေမောင်းလည်း ပါရသေးတယ်၊ ကချင်ထမီလည်း ဖြစ်ရ သေးတယ်၊ အကျႌ၊ ခေါင်းပေါင်း ခြေစွပ်လည်း ပါရတယ်။ အဲဒါကို ကျမတို့ကို ဘတ်ဂျက်ချပေးတာ အရမ်းနည်းတယ်။ လုံး၀ မဖြစ်နိုင်တဲ့ ဈေးမျိုး ချပေးတာဆိုတော့ ကျမတို့ ဒီဇိုင်နာတွေက သူဌေးတွေ မဟုတ်ဘူးလေ။ နောက် နိုင်ငံတော်ပွဲ သွားပြိုင်ရတဲ့ Miss တွေဆိုရင် အကုန်လုံး စပွန်ဆာပေးရတာ။ သူများနိုင်ငံမှာ အဲဒီလို စပွန်ဆာပေးရတယ်ဆိုတာ ရှိမယ်မထင်ဘူး။ သူတို့ နိုင်ငံတော်က ပံ့ပိုး ပေးတာလေ။
ကျမတို့ဆိုရင် နိုင်ငံတကာကို ရှိုးသွားပြတာပဲ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် နိုင်ငံတော်က ထောက်ပံ့ ပေးတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး။ ပိုက်ဆံဆို တပြားမှ ရတယ်ဆိုတာမရှိခဲ့ဘူး။ ဝတ်စုံတခု ကောင်းဖို့ဆိုတာ Creation ကောင်းရုံ၊ Idea ကောင်းရုံနဲ့ မရပါဘူး။ ထောက်ပံ့ပေးရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတော့ ကျမတို့ဆီမှာ ဘောင်က အရမ်း ကျဉ်းလွန်းတဲ့ အခါကျတော့ လုပ်ရကိုင်ရတာ အရမ်းခက်တယ်။ အဲဒီအထဲကမှ ကျမတို့က ရအောင် ထိုးဖောက်ရပါတယ်။
မေး။ ။ ဒီလို နိုင်ငံတနိုင်ငံရဲ့ ရိုးရာတွေကို နိုင်ငံတကာသိဖို့ ချပြရတဲ့ နိုင်ငံတကာပွဲတွေ အတွက်ကိုတောင် ကျမတို့ နိုင်ငံတော် အနေနဲ့ ပံ့ပိုးမှု မရှိတဲ့အပေါ် ဘာပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျမတို့က ရိုးနေပြီမ့ိုလို့ ဘာမှ မပြောချင်တော့ပါဘူး။ ကျမဆိုရင် နိုင်ငံတော် ပွဲတွေကို ၂၀၀၉ ကတည်းက သွားရပါတယ်။ ၂၀၀၉ မှာ ပထမဆုံး အာဆီယံပွဲကို မြန်မာ ဒီဇိုင်နာတွေ စလွှတ်ကတည်းက အခု အချိန်အထိ တောက်လျှောက် ပါရတာပေါ့။ ပါရတာ၊ သွားရတာ မှန်တယ်၊ ဒါပေမယ့် ဘယ်တုန်းကမှ ဘာမှမရဖူးဘူး။ အခုနောက်ဆုံး ဂျပန်က အာဆီယံဖက်ရှင်ရှိုးပွဲဆိုရင် ကျမတို့သွားရတယ်။ ဘာမှကို မရဘူး။ ထိုင်းကိုသွားရင် ထိုင်းကလူတွေက ဟိုတယ်တွေ ဘာတွေ ပေးတယ်ပေါ့။ ဂျပန်သွားရင် ဂျပန်က လူတွေက စီစဉ်ပေးတယ်။ တခါမှ မြန်မာပြည်က ဘာဆိုဘာမှ ထောက်ပံ့ပေးတယ် ဆိုတာ မရှိဘူးလို့ ကျမတို့က ရိုးတောင် ရိုးနေပြီဆိုတော့ ဘာဆို ဘာမှကို မပြောချင်ပါဘူး။ ကျမတို့ တတွေက ကိုယ့်ကချင် ဝတ်စုံကို နိုင်ငံတကာက သိစေချင်လို့ သွားတယ်။ ဒါမျိုးတွေ လုပ်ရတာပေါ့။ အဲဒီမှာ ဘာပြန်ရလဲ ဆိုတော့ ကိုယ်ဖြစ်စေချင်တဲ့ ဒီဈေးကွက်ကြီး ကြီးလာတယ်။ ဒါကတော့ ပီတိကိုစား အားရှိ၏ပေါ့။ ကျန်တာကတော့ ကျမတို့အတွက် အကျိုးအမြတ်ဆိုတာ ဘယ်တုန်းကမှ ဘာမှကို မရခဲ့ပါဘူး။
မေး။ ။ ကချင်ရိုးရာတွေကို ပြန်ပြီး ဆန်းသစ်တဲ့ နေရာမှာရော မဆန်းဘောက်ရာ အနေနဲ့ တာဝန်ကြီးတယ်လို့ ခံစားမိလား။
ဖြေ။ ။ ကျမကတော့ ဒီကချင်ဝတ်စုံကိုပဲ စိတ်ဝင်စားပြီး ဒီဇိုင်းလုပ်မယ် ဆိုတဲ့အခါမှာ ဒီ ကချင်ဝတ်စုံအကြောင်းကို သေချာ သိတဲ့သူ ဖြစ်တယ်ပေါ့။ ပြီးတော့ ကျမ ငယ်ငယ်ကတည်းက ထိတွေ့လာတဲ့အရာ ဖြစ်တယ်ဆိုတော့ ဒါသည် ပွဲတက်ရင် ဝတ်ရတယ်၊ ဒါမျိုးသည် မင်္ဂလာဆောင်မှာ ဝတ်ရတာဖြစ်တယ်၊ ဒါသည် ခေါင်းမှာထားရတယ်၊ ဒါသည် ခြေထောက်မှာထားရတယ်ဆိုတာကို ကျမကို သင်ပေးစရာမလိုဘဲ သိပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမအတွက်က ထူးပြီး သတိထားစရာ မဟုတ်ဘူးပေါ့။ ကျမအတွက်ကတော့ တာဝန်မကြီးပါဘူး။
ဒီလို ဝတ်စုံဒီဇိုင်းတွေကို လုပ်ရတာကိုပျော်တယ်။ ပြီးတော့ ခုနကပြောခဲ့သလိုပဲ ရိုးရာပုံစံ အစစ်ကိုလိုချင်ရင် ရိုးရာပုံစံပဲယူလေ။ ဒါက ဒီဇိုင်နာရဲ့ ဆန်းသစ်ထားတဲ့ အဝတ်အစားဖြစ်လို့ ခေါင်းမှာ ထားတဲ့အရာကို ကျမက ခြေထောက်မှာ သွားမတပ်လိုက်ရင် ပြီးရောပေါ့။ ကျမအတွက်က ဘယ်တော့မှ ဒီဟာသည် တာဝန်ကြီးတယ်လို့ မခံစားရဘူး။ ဒီဇိုင်းလုပ်သမျှထဲမှာ ကချင်ဒီဇိုင်းလုပ်ရတာ အပျော်ဆုံးပါပဲ။
မေး။ ။ ကချင်ဒီဇိုင်းတွေ ဆန်းသစ်တီထွင်မှုနဲ့ ပတ်သက်လို့ ရိုးရာကို ဖျက်ဆီးပြီး ဆန်းသစ်တယ်လို့ အထင်ခံရတာမျိုး၊ အပြောခံရတာမျိုး ကြုံခဲ့ရတာမျိုးတွေ ရှိခဲ့ဖူးလား။
ဖြေ။ ။ အဲဒီလိုမျိုး မရှိခဲ့ဖူးဘူး။ ကျမတို့ ကချင်လူမျိုးတွေက အချင်းချင်း ချစ်ကြတယ်။ တယောက်က အောင်မြင်လာရင် နောက် တယောက်က လိုက်ပြီး အပုပ်ချတယ်ဆိုတာ မရှိသလောက် ရှားတဲ့အတွက်ကြောင့်ပါ။ မြန်မာနိုင်ငံမှာ ကချင်လူမျိုးက လူနည်းစုလည်း ဖြစ်တဲ့အတွက်ကြောင့် တယောက်က ထွန်းပေါက်လာပြီ ဆိုရင် တယောက်က လိုက်ပြီး Appreciate လုပ်ပေးဖို့ပဲ ဝိုင်းပြီး စဉ်းစားကြတာ။ အပြင်က လူတွေကျတော့ ကချင်ဒီဇိုင်းကို ဒါက ရိုးရာနဲ့ မကိုက်ညီဘူးလို့ ပြောရအောင် သူတို့က ဒီရိုးရာအကြောင်း သိတာ မဟုတ်ဘူးလေ။ ကချင်လူမျိုးတွေပဲ ရိုးရာအကြောင်းသိတယ်။ ခုနက ကျမပြောသလိုပဲ ခေါင်းမှာ တပ်ရမယ့်ကိစ္စကို ခြေထောက်မှာ မတပ်ဘူးလေ။ ဆိုတော့ … ပြောစရာကြီးလည်း အဲဒီလောက်အထိ ရှိမနေပါဘူး။ ကျမအထင်တော့ ကျမကိုယ်တိုင် မကြားခဲ့ရဖူးသလို၊ သူများပြောတာလည်း မရှိဘူးလို့တော့ ထင်တာပဲ။ ကျမ နောက်ကွယ်မှာ ပြောကြရင်တော့ မသိဘူးပေါ့။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံမှာလည်း ကချင်ပြည်နယ်က မပြီးသေးတဲ့ စစ်မီးတွေနဲ့ ပတ်သက်လို့ မဆန်းဘောက်ရာရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ကျမဆိုရင် အခုလောလောလတ်လတ် တင်ပဲ အဲဒီ ဒေသကနေ ပြန်ရောက် ထားတာလေ။ စစ်ဖြစ်တဲ့ နေရာတို့ စစ်ဘေး ဒုက္ခသည်စခန်းတို့ကို တော်တော်များများကို ကျမ အကုန်ရောက်ခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ဆိုရင် ရှိုးပွဲ သွားလုပ်တယ်ပေါ့။ ကချင်ရှိုးပွဲ သွားလုပ်ပြီးတော့ ဒုက္ခသည်စခန်းက ကလေးတွေအတွက် ရံပုံငွေ ရှာပေးခဲ့ပါတယ်။ ပြီးရင် ကျမ ရန်ကုန်မှာလည်း ရံပုံငွေရှာတဲ့ပွဲလေး ထပ်လုပ်ဖို့ရှိတယ်ဆိုတော့ ကျမတို့က စစ်ဖြစ်တာနဲ့ပတ်သက်လို့ နိုင်ငံရေးကတော့ သိပ်နားမလည်ပေမယ့် ကိုယ့်လူမျိုးကို ထိရင်တော့ ဘယ်သူမှ မကြိုက်ဘူး။ ဘယ်သူမှတော့ မခံချင်ဘူး။ စိတ်ဆင်းရဲရတာ မျိုးတော့ ရှိတာပေါ့။ ကျမကတော့ ကျမတို့ လူမျိုးတွေ ဒုက္ခရောက်နေတာကို ထိုင်ပြီး လက်ပိုက် ကြည့်နေမှာတော့ မဟုတ်ဘူး။ တတ်နိုင်သလောက် ကတော့ ကိုယ်က ရန်ပုံငွေ ရှာပေးတာပဲ ဖြစ်ဖြစ်၊ ကျမတို့ ကိုယ်တိုင် ကိုယ်ကျ သွားပြီးတော့ စိတ်ဓာတ် ရေးရာ အားပေးခဲ့တာပဲ ဖြစ်ဖြစ်၊ ကျမကတော့ စစ် စဖြစ်ကတည်းက ကျမတို့ စပြီးလုပ်ခဲ့တယ်။ အခုချိန်ထိလည်းလုပ်တယ်။ နောက်လည်း လုပ်မှာပါပဲ။ သေနတ် မကိုင်ရုံတမယ်ပဲ။ ကျန်တာတော့ ကျမတို့ အကုန်လုံး လုပ်မှာပါပဲ။
မေး။ ။ ကချင် တိုင်းရင်းသူ တယောက်အနေနဲ့ ဒုက္ခသည်စခန်းက ကချင်တိုင်းရင်းသားတွေ ကိုယ်စား ဘာပြောချင်ပါ သလဲ။
ဖြေ။ ။ ကျမတို့ ကချင်တိုင်းရင်းသားတွေက ဘုရားသခင်ကို ယုံကြည်တဲ့ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ ဒီအချိန်မှာတော့ အားလုံးကို သည်းခံ၊ ကြိတ်မှိတ် သည်းခံဆိုပြီး ကျမတို့က အချင်းချင်း အားပေးနေကြတယ်။ ဒီအချိန် မှာတော့ အားတင်း ထားဖို့ပေါ့။ စစ်ဘေး ဒုက္ခသည်စခန်းမှာ စစ်ဘေး ဒုက္ခရောက်နေတဲ့ သူတွေ၊ သူတို့တွေပဲ ဒုက္ခ ရောက်နေတာ မဟုတ်ဘူး။ သူတို့ ခံစားရသလိုပဲ ကျမတို့ ကမ္ဘာအနှံ့မှာ ရှိနေတဲ့ ကချင်လူမျိုးတွေ အကုန်လုံးရဲ့ ခံစားချက်ကလည်း အတူတူပါပဲ။ သူတို့ကို နှိပ်စက်ရင် ကျမတို့ကို နှိပ်စက်သလိုပဲ ခံစားရတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျမတို့က ဘယ်တော့မှ ငြိမ်နေမှာ မဟုတ်ဘူး။ တကမ္ဘာလုံးမှာ ရှိနေတဲ့ ကချင်တွေလည်း ငြိမ်နေကြမှာမဟုတ်ဘူး။ အကုန်လုံး ဝိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်နေကြတယ်ဆိုတော့ ဒုက္ခသည်စခန်းက လူတွေကို ဘာမှ အားငယ်စရာမလိုဘူးလို့ ကျမက ပြောချင်ပါတယ်။ တချိန်ချိန်မှာတော့ ကျမတို့ အလှည့်ရောက်မှာပေါ့။