တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရန်အတွက် ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံ ခရိုင်အတွင်းရှိ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ လေဝါး ( ခေါ် ) လောခီးလာ ဒေသတွင် ယခုလအတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ထပ်မံ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ တွဲဘက် အတွင်းရေးမှူး (၂) ပဒို မန်းမန်းက ဧရာဝတီသို့ ပြောသည်။
ဆက်သွယ် ဆောင်ရွက်မှု အချိန် အနည်းငယ် ရယူလိုသည့်အတွက် ထပ်မံ ရွှေ့ဆိုင်းလိုက်ပြီး လာမည့်နှစ် ဇန်နဝါရီလ တတိယ အပတ်အတွင်း တွေ့ဆုံ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ပဒို မန်းမန်းက ဆိုသည်။
“လူမစုံတာ မဟုတ်ပါဘူး၊ ဖိတ်တောင် မဖိတ်ရသေးဘူး။ အခုမှ ပြန်ပြီးတော့ ဆုံးဖြတ်တာ၊ အဲဒီရက်ကနေ ထပ်ရွှေ့လိုက်တာ ဖြစ်တယ်” ဟု ပဒို မန်းမန်းက ရှင်းပြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၁၁ ချက်ပါ မှုကြမ်းနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြား၍ သုံးသပ်ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလ ၇ ရက်နေ့ KNU ၏ ထုတ်ပြန်ထားချက်အရ ထို့အပြင် တနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ခံမှုနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးမှာ ဖြစ်ပြီး ဒုတိယအကြိမ် ညီလာခံကို လက်ခံကျင်းပမည် ဖြစ်ကြောင်း ရေးသားထားသည်။
အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းက လိုင်ဇာညီလာခံ အစည်းအဝေးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့ ခေါင်းဆောင်များ ဦးစီးကျင်းပ၍ ဒုတိယ အကြိမ် ညီလာခံကို KNUအဖွဲ့က ဦးဆောင်မည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း သိရသည်။
KNU အဖွဲ့ အစည်းအနေနှင့် ၁၉၄၉ ခုနှစ်မှ စတင်၍ အစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီ မှု ရရှိထားသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အစိုးရကိုယ်စားလှယ်များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။
KNU အနေနှင့် ဒုတိယ အကြိမ် ညီလာခံမှ သုံသပ်ဆွေးနွေးသည့် သဘောတူညီမှုများ ရယူ၍ ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် အစိုးရ ကိုယ်စားလှယ်တို့ကို ထပ်မံတွေ့ဆုံရန် စီစဉ်ထားသည်။
အစိုးရအနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာမှာ သဘောထား မမှန်ပါက ကြန့်ကြာနိုင်ဖွယ် ရှိကြောင်း ဝေဖန်နေကြသည်။ KIA အဖွဲ့၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/ SSA) ၊ ပလောင်(တအာင်း) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှင့် အစိုးရ စစ်တပ် အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မြန်မာအစိုးရ အသိအမှတ်ပြုထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့ ရှိသည်။