တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ ရော်ဘာစိုက်ခင်း ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသည့် အလုပ်သမား ၆၅ ဦးအား လုပ်ခလစာ မရှင်းပေးဘဲ လက်နက်ဖြင့် ခြိမ်းခြောက်ကာ အလုပ်ခွင်မှ နှင်ထုတ်ခဲ့ခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရ ကြောင်း ကာယကံရှင် အလုပ်သမားများက ပြောသည်။
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှ အလုပ်သမားများသည် လူခေါ်ပွဲစားများဖြင့် ကော့သောင်းမြို့ရှိ ထူးထူးတိုး ရော်ဘာ စိုက်ခင်း ကုမ္ပဏီတွင် အလုပ်လုပ်ရန် လိုက်သွားခဲ့ရာ၊ မူလက ပြောဆိုထားသည့် လုပ်ခလစာအတိုင်း အပြည့်မရခြင်း၊ ပြင်ပသို့ သွားလာခွင့် ပိတ်ပင်ထားခြင်းနှင့် နောက်ဆုံးတွင် လုပ်အားခ မပေးဘဲ နှင်ထုတ်သည်အထိ ပြုလုပ်ခဲ့ခြင်းများ ရှိကြောင်း ယခုလ ဒုတိယပတ်တွင် သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။
“ILO နဲ့ သမ္မတရုံးကို တိုင်ထားပေမယ့် အခုအချိန်ထိ အရေးယူ မပေးသေးဘူး” ဟု အလုပ်သမား ၆၅ ဦးအနက် တဦး အပါအဝင်ဖြစ်သည့် ကိုမြင့်စိုးက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) သို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ “တိုင်စာတခု ရောက်လာရင် ဘာသာပြန် ဌာနက ဘာသာပြန်ပြီးမှ အထက်လူကြီးဆီ ရောက်တာ၊ အထက်လူကြီးဆီက မှတ်ချက်ထွက်လာမှ သိနိုင်မယ်” ဟု ယင်းအဖွဲမှ တာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားခဲ့သည်။
ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထူးကြီးမြို့နယ်ခွဲရှိ သရက်စိန်ကျေးရွာနှင့် ကျီးပင်စန်း ကျေးရွာမှ ရွာသူရွာသားများသည် ယင်း ကုမ္ပဏီတွင် အလုပ်လုပ်ရန် လာရောက် ခေါ်ဆောင်သည့် လူခေါ်ပွဲစားဖြင့် လွန်ခဲ့သည့် ၁ လခန့်က ကော့သောင်းမြို့သို့ လိုက်ပါ သွားခဲ့ခြင်း ဖြစ်သည်။
“ယောက်ျား တယောက်ကို တနေ့ ၄၅၀၀၊ မိန်းမဆို ၃၅၀၀ ပေးမယ်၊ ရော်ဘာတပင် ၁ ပေ ပတ်လည်ကို ၆၀ ကျပ်နှုန်း ပေးမယ် ပြောတော့ ကျေကျေနပ်နပ်နဲ့ပဲ လိုက်သွားခဲ့ပါတယ်။ အလုပ်ထဲ ရောက်တဲ့အခါ ဘယ်မှ မသွားရဘဲ လက်နက်ကိုင် အစောင့်တွေ ချထားတယ်။ လုပ်အားခတွေလည်း လျှော့ပေးတယ်” ဟု ကျီးပင်စန်း ကျေးရွာမှ ဦးအေးသောင်းက ပြောသည်။
သူက ဆက်လက်၍ “အလုပ်ထဲရောက်တော့ သူတို့က ဆန်တပြည်ကို ထောင့်ငါးရာ၊ ကြက်ဥ တလုံးကို ငွေ ၂၀၀ နဲ့ ရောင်းစား တယ်။ မိုးလေဝသ အခြေအနေ မကောင်းလို့ နာရီမစေ့ရင်လည်း လုပ်အားခ ဖြတ်တယ်” ဟု ဆိုသည်။
သွားရောက်ခဲ့သည့် အလုပ်သမားများအနက် ၁၂ ဦးအား နေရပ်သို့ ပြန်မည်ဆိုပါက ကုန်ကျထားသည့် လမ်းစရိတ်များ ပြန်ပေးရမည်ဟု ဆိုသဖြင့် မိသားစုများက အိမ်ခြံပေါင်နှံကာ ငွေစုစုပေါင်း ၁၇ သိန်းနီးပါးကို ထူးကြီးမြို့နယ်ခွဲ အုပ်ချုပ် ရေးမှူးရှေ့တွင် လူခေါ်ပွဲစားမှ တဆင့် ကုမ္ပဏီသို့ ပေးပို့ခဲ့ရကြောင်း ကိုမြင့်စိုးက ရှင်းပြသည်။
အဆိုပါ ၁၂ ယောက်ကိုလည်း ယင်းငွေကို ကုမ္ပဏီက ပြန်မပေးဘဲ တခြား အလုပ်သမားများနှင့် ရော၍ နှင်ထုတ်ခဲ့ကြောင်း သိရသည်။
ထူးကြီး အုပ်ချုပ်ရေးမှူးထံတွင် ပေးအပ်ထားသော ငွေများ ပြန်လည်ရရှိရန်၊ မိမိတို့အား အခကြေးငွေယူကာ လိမ်လည် ခေါ်ဆောင်သွားသူ သုံးဦးအား ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန်၊ ထူးထူးတိုး ကုမ္ပဏီအား အခွင့်အရေး ချိုးဖောက်မှု အတွက် အရေးယူ ဆောင်ရွက်ပေးရန် စသည့် အချက်များဖြင့် တိုင်ကြားထားကြောင်း အလုပ်သမားများ ထံမှ သိရသည်။
“အဲဒီညက လက်နက်ကိုင်ထားတဲ့ လူ ၈ ယောက်က၊ ဆိုင်ကယ် ၄ စီးနဲ့လာပြီး အလုပ်သမား ၆၅ ယောက်ကို ရှေ့က သွားခိုင်းတယ်။ ည ၁၂ နာရီမှာ ကော့သောင်း လမ်းမပေါ်ကို ရောက်တယ်။ လမ်းစရိတ်မရှိတော့ ကျနော်တို့ ရွာအထိ လမ်းလျှောက် ပြန်လာခဲ့ရတယ်။ ကျနော်တို့ကို မောင်းထုတ်လိုက်တာ၊ ၂ ရက်လုပ်အားခ ရှင်းမပေးလိုက်ဘူး” ဟု သရက်စိန် ကျေးရွာမှ ကိုမြင့်စိုးက ဆိုသည်။
အဆိုပါ ထူးထူးတိုး ကုမ္ပဏီသည် လွန်ခဲ့သည့် ၅ နှစ်ခန့်က ဒေသခံများ စိုက်ပျိုးထားသည့် ရော်ဘာစိုက်ခင်းကို လျော်ကြေး ပေး သိမ်းဆည်း ခဲ့ခြင်းဖြစ်ပြီး ယခု ပွင့်လင်းလာသည့် ခေတ်တွင် အသိမ်းခံရသည့် ဒေသခံများက ပြန်လည် တရားစွဲ ထားကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိပုဂ္ဂိုလ်တဦးက ဧရာဝတီသို့ ပြောသည်။
“သိန်း ၄၀၀ လောက်တန်တဲ့ မြေကို သိန်း ၁၀၀ လောက်ပဲ ပေးတယ်။ အခု တန်ရာတန်ကြေး လျော်ကြေး ပြန်ရဖို့ အတွက် အဲဒီမိသားစုက တရားစွဲထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ထို့အပြင် ဒေသခံတဦး ဖြစ်သည့် ဦးထင်ကျော်ကလည်း “သူတို့က ဒီဒေသမှာတော့ နာမည်ပျက်ရှိတယ်။ သူတို့ သိမ်းလိုက်တဲ့ စိုက်ခင်းပိုင်ရှင် မိသားစုလည်း စီးပွား ပျက်သွားတယ်” ဟု ပြောသည်။