လာမည့်နှစ်မှစ၍ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်တော့မည်ဖြစ်၍ မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် အခြား ရှားပါးသော သစ်များကို ဝယ်ယူသူများသည် ပြည်တွင်းတွင် သစ်အချောထည်ထုတ်လုပ်ရေးလုပ်ငန်းများ တည်ထောင် နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်၍ အာဏာသက်ရောက်မည့် ဥပဒေသစ်တွင် သစ်လုံးများကို အလုံးလိုက် နိုင်ငံခြားတင်ပို့ခြင်းကို တားမြစ်ထားသော်လည်း ပြည်တွင်းတွင် အချောထည်အဖြစ်ပြင်ဆင်ထုတ်လုပ်ပြီး နိုင်ငံခြားသို့ တင်ပို့ခြင်းကို ကန့်သတ် ထားခြင်းမရှိပေ။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အိန္ဒိယ ကုမ္ပဏီတခုနှင့် စင်္ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းတခုတို့ကို ယခင် အပတ်အတွင်းက မြန်မာနိုင်ငံအတွင်းတွင် သစ်အချောထည်စက်ရုံများ ဖွင့်လှစ်ခွင့်လိုင်စင် ချထားပေးခဲ့သည်။ လိုင်စင် ရရှိသွားသော ကုမ္ပဏီများ၏ အမည်ကိုမူ ထုတ်ဖော်ကြေညာခြင်းမပြုခဲ့ပါ။
အခြားသော အိန္ဒိယ ကုမ္ပဏီ ၂ ခုဖြစ်သည့် Greenply Industries နှင့် Century Plyboards တို့သည်လည်း ရန်ကုန်ရှိ ဒဂုံစက်မှုဇုန်များထဲမှ တခုတွင် စက်ရုံတည်ဆောက်ခွင့် ပါမစ်ရရှိနိုင်ရန် ကြိုးစားနေကြောင်းလည်း သိရသည်။ Century Plyboards သည် တနေ့လျှင် အထပ်သား ၂၅၀၀၀ စတုရန်းမီတာ ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် အမေရိကန် ဒေါ်လာ ၁၀သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း The Hindu သတင်းစာတွင်ဖော်ပြထားသည်။
“ဒီစီမံကိန်းက မြန်မာနိုင်ငံကနေ သစ်တင်သွင်းမှုကို အစားထိုးနိုင်မှာဖြစ်တဲ့အတွက် ကုမ္ပဏီအတွက် အရေးကြီးပါတယ်။ ကျနော်တို့ အစီအစဉ်က သစ်ပါးလွှာ သို့မဟုတ် အထပ်သား တွေကို အိန္ဒိယနိုင်ငံထဲကို သယ်ယူလာနိုင်ဖို့ပါ” ဟု Century Plybords ၏ ဦးဆောင်ညွှန်ကြားရေးမှူး Sajjan Bhajanka ကပြောကြားလိုက်ကြောင်း The Hindu က ရေးသား ထားသည်။
မြန်မာနိုင်ငံမှ သစ်မာများ၊ အထူးသဖြင့် ရှားပါးလာပြီဖြစ်သော ကျွန်းသစ်များကို အနောက်နိုင်ငံများ၊ အိန္ဒိယနှင့် တရုတ် နိုင်ငံများမှ ပရိဘောဂ ပြုလုပ်ရန်၊ အိမ်ကြမ်းခင်းရန်နှင့် ရွက်လှေတည်ဆောက်ရန်အတွက် ဝယ်ယူကြသည်။
သစ်လုပ်ငန်းမှာ မြန်မာကုန်သည်များအတွက် အကျိုးအမြတ်ရှိသောလုပ်ငန်းတခုဖြစ်သည်။ တရားဝင် တင်ပို့ရောင်းချ သူများ အနေဖြင့် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ် အတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည့် အချက်များအရသိရသည်။ သို့သော်လည်း နယ်စပ်ဖြတ်ကျော်ပြီး တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံများသို့ သစ်လုံများ တရားမဝင် ရောင်းချနေသည့်တန်ဖိုးက ပိုမိုများပြားလိမ့်မည်ဟု ယုံကြည်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ပြောကြသည်။
နိုင်ငံခြားသို့ သစ်လုံးအတိုင်းတင်ပို့ ရောင်းချခြင်းကို တားမြစ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လျော့ပါးလာနေသည့် သစ် တောများကို ကာကွယ်နိုင်ရေးကို အထောက်အကူဖြစ်စေပြီး ဝယ်လိုအားများသည့် ကျွန်းပင်ကဲ့သို့ သစ်မာများကို စောင့်ရှောက်ထိန်းသိမ်း နိုင်မည်ဖြစ်သည်။
သို့သော်လည်း နိုင်ငံခြားသို့ ကျွန်းသစ်ခွဲသားများ တင်ပို့ရောင်းချခြင်း ရပ်တန့်သွားလိမ့်မည် မဟုတ်ဟု Super Yacht World မဂ္ဂဇင်းက ဆိုသည်။ ကျွန်းသစ်ပါးလွှာများ၊ ကျွန်းသားရွက်လှေကြမ်းခင်းများ၊ အတွင်းပိုင်းအခင်းများနှင့် ပရိဘောဂ အစိတ် အပိုင်းများ ဆက်လက်ဝယ်ယူရရှိနိုင်ဦးမည် ဖြစ်သည် ဟုလည်း ပြောသည်။
“တာဝန်ရှိသူတွေနဲ့ ကျနော် စကားပြောခဲ့တာအရ ဆိုရင် ပိတ်ပင်တာက သစ်ကို အလုံးအတိုင်း တင်ပို့ တာကို တားမြစ် တာပါ။ အရင်ကဆိုရင် ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်နဲ့ နိုင်ငံတခြားနိုင်ငံတွေက သစ်လုံးအတိုင်း ဝယ် ယူ ခွဲစိတ်ပြီးတော့မှ သူတို့နိုင်ငံထဲမှာလည်း သုံးတယ်၊ တခြားနိုင်ငံတွေကို ပြန်ပြီးလည်း တင်ပို့ကြတယ်” ဟု စင်္ကာပူနိုင်ငံမှ Ginnacle Import Export ၏ ဦးဆောင်ညွှန်ကြားရေးမှူး Bob Steber က Super Yacht World မဂ္ဂဇင်းသို့ ပြောသည်။ “သစ်အလုံးအတိုင်း တင်ပို့တာကို တားမြစ်ရခြင်းရဲ့ ရည်ရွယ်ချက်က ပြည်တွင်းမှာ မြန်မာနိုင်ငံသားတွေအတွက် အလုပ် အကိုင်နေရာတွေ ဖန်တီးနိုင်ဖို့ပါ” ဟုလည်း သူကဆိုသည်။
၂၀၁၄ ခုနှစ်တွင် သစ်လုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် တရားဝင်ထုတ်လုပ်သည့် နေရာတွင်လည်း အလွန်အကျွံ ခုတ်ယူခြင်းများ ဖြစ်ပေါ်လာပြီး တရားမဝင်သစ်ခုတ်မှုများကိုလည်း ပိုပြီး ဆိုးရွားသွားစေခဲ့ကြောင်း နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက ယခုနှစ်ဆန်းပိုင်းတွင် ပြောကြားခဲ့သည်။
သို့သော်လည်း မြန်မာနိုင်ငံမှ သစ်များ မည်မျှထွက်သွားနေသည်ကို တွက်ချက်ရန်နှင့် သစ်တောပြုန်းတီးမှု မည်မျှ ရှိနေသည်ကို သိရှိနိုင်ရန် ခက်ခဲကြောင်း European Forest Institute (EFI) ၏ လေ့လာမှုတခုတွင် ရေးသားထား သည်။
“မြန်မာနိုင်ငံရဲ့သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုနှင့် ပတ်သက်တဲ့ ကိန်းဂဏန်း အချက်အလက်တွေက အားကိုး အားထားပြုလို့ မရပါဘူး။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်တလျှောက်မှာ အရင်ကထဲက ဖွံ့ဖြိုးကြီးထွားနေခဲ့ပြီးဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် တင်ပို့ခြင်းအပါအဝင် တရားမဝင်တင်ပို့မှုတွေလည်း မပါဝင်ပါဘူး” ဟု EFI က မကြာသေးမီက ထုတ် ပြန်ခဲ့သည်။
ကျွန်းပင်များ သည် လက်တဆုပ်စာမျှသာရှိသည့် အာရှနိုင်ငံအချို့တွင်သာ သဘာဝအလျှောက် ရှင်သန်ပေါက်ရောက်နိုင်ပြီး ကမ္ဘာပေါ်တွင် ကျန်နေသေးသည့် သဘာဝကျွန်းတောများ၏ ၅၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံတွင်ရှိနေသည်ဟု East by Southeast ဝက်ဘ်ဆိုက်၏ အဆိုအရသိရသည်။
၂၀၀၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ၅၀ ရာခိုင်နှုန်းကို သစ်တောများက ဆုံးလွှမ်းထားသည်။ သို့သော်လည်း ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများ မကြာသေးမီက လေ့လာတွေ့ရှိချက်အရ သစ်တော ဧရိယာသည် ၄၆ သို့မဟုတ် ၎င်း ထက်နည်းပါးသော ရာခိုင်နှုန်းသာ ရှိတော့သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၃ ပုံ ၂ ပုံဖြစ်သော သန်း ၃၀ မျှရှိသည့် ကျေးလက်နေပြည်သူများသည် ၎င်းတို့၏ အခြေခံလိုအပ်ချက်များအတွက် သစ်တောများပေါ်တွင် အလွန်အမင်း မှီခိုနေရသည်ဟု ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၉ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သန်းဝက်မျှရှိသော ပြည်သူများသည် အလုပ်အကိုင်အတွက် သစ်တောများအပေါ် တိုက်ရိုတ်မှီခိုနေရသည်ဟုလည်း အဆိုပါအဖွဲ့ကပြောသည်။
မကြာသေးခင်ကာလအထိ ချမှတ်ထားခဲ့သော အမေရိကန်နှင့် ဥရောပ သမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုကလည်း ကြီးမားသည့် တရားမဝင် သစ်ထုတ်လုပ်ငန်းကို မြေတောင်မြှောက်ပေးသလို ဖြစ်ခဲ့ရသည်ဟု သြစတေးလျမှ ဇိမ်ခံရွက် သင်္ဘောဆိုင်ရာ မဂ္ဂဇင်းတစောင်ဖြစ်သည့် Ocean ကရေးသားခဲ့သည်။
“မြန်မာနိုင်ငံဟာ တရားမဝင်သစ်ခိုးထုတ်မှုတွေကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ခြင်း မရှိတာနဲ့အမျှ ဒီလို ကိစ္စတွေ ဆက်ရှိနေဦးမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီကျွန်းသစ်ဟာ ဘယ်နေရာကလာ တယ်ဆိုတာ ဆုံးဖြတ်ဖို့လည်း ခက်ပါတယ်။ သစ်ကုန်သည်တွေက အိမ်နီးချင်းနိုင်ငံတွေကို သစ်လုံးတွေတင်ပို့တဲ့ နည်းနဲ့ စီးပွားရေး ပိတ်ဆို့ ကန့်သတ်မှုတွေကို ရှောင်လွှဲကြပါတယ်။ အပြင်ရောက်မှ သစ်ကိုခွဲစိတ်ပြီး အနောက်နိုင်ငံတွေမှာ ရှိတဲ့ သင်္ဘော လုပ်ငန်းတွေ သစ်သားနဲ့ ဇိမ်ခံ အသုံးအဆောင်ပြုလုပ်တဲ့ လုပ်ငန်းတွေကို ပြန်လည်ရောင်းချကြပါတယ်။ အိန္ဒိယက အကြီးဆုံးဈေးကွက်ဖြစ်ပြီးတော့ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်တို့က နောက်ကလိုက်ပါတယ်” ဟု Ocean မဂ္ဂဇင်းက ဆိုသည်။
ကျွန်းသစ်၏ ကြာရှည်ခံမှု၊ အထူးသဖြင့် ရေထိခံနိုင်ပြီး ပျက်စီးမှုနည်းပါးသည့် အရည်အသွေးကြောင့် လှေနှင့် သင်္ဘော တည်ဆောက် ရေး လုပ်ငန်းများက တန်ဖိုးထားအသုံးပြုကြသည်။
မြန်မာနိုင်ငံမှ ရှားပါးပြီး ထူးခြားသည့် သဘာဝတောရိုင်းတိရိစ္ဆာန်များနှင့် ပတ်သက်၍ မှတ်တမ်းပြုစုဆောင်းနေသော Flora and Fauna International (FEI) က မြန်မာနိုင်ငံ၏ သစ်တောများသည် သစ်ခိုးထုတ်ခြင်းကဲ့သို့သော ကိစ္စများကြောင့် ဆိုးရွားကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
“သူတို့တွေဟာ သဘာ၀ သယံဇာတအပေါ်မှာ အလွန်အမင်း မှီခိုနေရပေမယ့် ဒေသခံပြည်သူတွေဟာ နိုင်ငံရဲ့ ကာကွယ် ဧရိယာတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကနေ ကင်းလွတ်နေရတယ်။ အခုထိ အခြေအနေပြောင်းလဲမှုက နှေးကွေး နေတုန်းပဲ။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးနဲ့ လူမှုဖူလုံရေးကိစ္စတွေကို ဆောင်ရွက်ဖို့ အခြေခံလူတန်းစား အဖွဲ့အစည်းတွေ ပထမဆုံးအနေနဲ့ ဖွဲ့စည်းနေပါပြီ။ ကျနော်တို့ကလည်း ဒီလို အောက်ခြေလူတန်းစား အဖွဲ့အစည်းတွေနဲ့ အတူ ဘယ်လိုပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတာကို အစိုးရရဲ့ ကာကွယ်ဒေသဧရိယာတွေက စီမံခန့်ခွဲရေး တာဝန်ရှိသူတွေ ကို လမ်းပြကူညီပေးနေပါတယ်” ဟု FFI အဖွဲ့ကပြောသည်။
နိုင်ငံခြားတင်ပို့မည့် ပြုပြင်ခွဲစိတ်ခြင်းမပြုရသေးသော သစ်လုံးများသည် ဧပြီလ မတိုင်မီ အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်း၏ တံဆိပ်ရိုတ်နှိပ်ထားပြီး ဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း စောင့်ကြည့်လေ့လာမှုစနစ်က အလွန်လျော့လျဲသည့်အတွက် တရားမဝင်သစ်များကို တရားဝင်ဖြစ်စေရန် တံဆိပ်နှိပ်နိုင်ဖို့ အခက်အခဲရှိလိမ့်မည်မဟုတ်ဟု သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း အချို့က ယုံကြည်နေကြသည်။
ဧပြီလ နောက်ပိုင်းတွင်လည်း အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနယ်စပ်များတွင် တင်းကြပ်စွာ ထိန်းသိမ်းကြပ်မတ်ထားနိုင်မှ သာလျှင် တရားမဝင်သစ်ခိုးထုတ်မှု တိုးပွားမလာအောင် တားဆီးနိုင်လိမ့်မည်ဟုလည်း ၎င်းတို့က ပြောကြသည်။