သတင်း

ဆီးဂိမ်းက နေပြည်တော်အနီး ရွာများအတွက် အကျိုးမဖြစ်

This article has been converted from Zawgyi One to Unicode

နေပြည်တော် စီမံကိန်းအတွက် အစိုးရက ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ သုံးစွဲနေသော်လည်း ဒေသခံများအနေဖြင့် အကျိုးကျေးဇူး တိုက်ရိုက်မရခြင်းမှာ ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် ပို၍ သိသာလာကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။

“ဆီးဂိမ်းကြီးမှာ ဒေသခံတွေ ပါဝင်ခွင့်မရဘူး။ အားကစားကွင်းကြီးဘေးက ရွာတွေက လူတွေတောင် ကြည့်ခွင့် မရရှာဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်ကို နေပြည်တော်တဝိုက်က ရွာခံများကလည်း သဘောတူသည်။

“ကိုယ်က အားကစားဆို သိပ်ဝါသနာ ပါတာ။ အခုဆီးဂိမ်းလည်း ကြည့်ချင်တယ်။ ဒါပေမဲ့ လက်မှတ်မရတော့ တီဗွီမှာပဲ ကြည့်လိုက်ရတယ်” ဟု ငယ်စဉ်က မန္တလေးတိုင်းတွင် ပြေးခုန်ပစ် ကြေးတံဆိပ်ဆု ရခဲ့ဖူးသူ မီးဂုံးကျေးရွာမှ ဒေါ်ထွေးရီက ပြောသည်။

“ဆီးဂိမ်းကြီးလုပ်လို့ ကျနော်တို့မှာတော့ အကျိုးကျေးဇူးခံစားရတယ်လို့တော့ မရှိဘူး။ စားဝတ်နေရေးအတွက် ပြေးလွှားနေရတဲ့ လူတန်းစားတွေအတွက်ကျတော့ အဲဒီဘက်ကို စိတ်မဝင်စားနိုင်ဘူး။ ဘောလုံးဝါသနာပါတဲ့  ကလေးတချို့လောက်ပဲ သွားကြတယ်။ ကျနော်တို့ရွာနဲ့ ဆီးဂိမ်းကွင်းနဲ့က ကပ်နေတာတောင် သွားလာရေးကလည်း မလွယ်ဘူး။ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတောင် လက်မှတ်က ၆ စောင်ပဲရတယ်”ဟု ရွှေနံ့သာ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

“ဆီးဂိမ်းကြည့်လို့ရတဲ့ လက်မှတ်က ကုန်သွားပြီလိုလို။ ထပ်ရောင်းသလိုလို။ မှတ်ပုံတင်ပါလည်း ကိုယ်တိုင်တန်းစီမှ ရမယ်ဆိုတာမျိုးကြောင့် သွားမကြည့်ဖြစ်တော့ဘူး။ အိမ်က သားက လူတယောက် ပိုက်ဆံ ၂၅၀၀ နဲ့ မှတ်ပုံတင်နဲ့ ပါရင် ရတယ်ဆိုပြီး သွားတန်းစီတာ မိုးချုပ်မှ ပြန်လာပြီး တယောက်ပဲရလာတယ်”ဟု နေပြည်တော် ဒေသခံတဦးက ပြောသည်။

ကျပ်သန်း ဘီလျံ ပေါင်းများစွာ ကုန်ကျခံတည်ဆောက်ထားသော ဦးသိန်းစိန် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်မီး အချိန်ပြည့်နီးပါးရရှိခြင်းနှင့် အခြေခံအဆောက်အဦများစွာ တည်ရှိနေခြင်းတို့ဖြင့် ဖွံ့ဖြိုးနေသော်လည်း ယင်းဖွံ့ဖြိုးမှုကို ဒေသခံလူထုမှာ မခံစားရသေးဘဲ နေပြည်တော် စီမံကိန်းအတွက် မြေများသိမ်းယူခံရခြင်း၊ ကျေးရွာများ ဖယ်ရှားပေးခဲ့ရခြင်းတို့သာ တွေ့ကြုံခဲ့ရသည်ဟု နေပြည်တော်အနီး ရွာများသို့ ဧရာဝတီသတင်းထောက်က သွားရောက်လေ့လာရာတွင် သိလာရသည်။

“၂၀၀၇ ခုနှစ် ကနေစပြီး နေပြည်တော်စီမံကိန်းဆိုပြီးတော့ ကျနော်တို့ မြေတွေကို မြေခွန် ပြေစာရှိရင် တစ်ဧက ၃ သိန်းနှုန်း၊ ပြေစာမရှိရင် ၁ သိန်းနှုန်းနဲ့ လျော်ကြေးပေးပါတယ်။ အရင်နေခဲ့တဲ့ ကိုင်းကလေးအုပ်စု၊ ဗူးကွဲရွာကနေ အခုနေရာကို ရွှေ့ပေးလိုက်ရတယ် ” ဟု ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ရပ်ကွက်မှ ဦးအောင်မြင့်က ပြောသည်။

ညဘက်တွင် မီးများ ထိန်ထိန်လင်းလျက်ရှိသော နေပြည်တော်နှင့် ၆ မိုင်အကွာ ဥတ္တရသီရိမြို့နယ် မီးဂုံးအုပ်စု၊ မီးဂုံးရွာမှာလည်း ယနေ့အချိန်အထိ လျှပ်စစ်မီး မရရှိသေးဘဲ ကျန်းမာရေးတွင်လည်း အစိုးရ ဆေးရုံဆေးခန်းထက် ပြင်ပဆေးခန်းများကိုသာ အားထားနေရကြောင်း ဒေသခံများက ဆိုသည်။

“ကျနော်တို့ ဒေသက မြို့ဆင်ခြေဖုန်းလည်း မဟုတ်ဘူး။ နေပြည်တော် တောဖြစ်နေတယ်။ လျှပ်စစ်မီးလည်း မရဘူး။ ဒီမှာရှိတဲ့ ဆေးခန်းက ဆေးဝါးမစုံသေးဘူး။ ကျနော်တို့ဆီကို စာရေးဆရာတွေ လာတယ်။ ဆရာမ ခင်ခင်ထူးနဲ့ နေဝင်းမြင့်တို့လေ။ သူတို့က မီးတအားလင်းမှာပဲ ဆိုပြီးရောက်လာတာ။ ဒီမှာ မီးချောင်းလေးတစ်ချောင်းနဲ့ ဟောသွားရတယ် ” ဟု မီးဂုံးအုပ်စု၊ မီးဂုံးရွာမှ ဦးကျော်ဆွေက ပြောသည်။

နေပြည်တော် အပန်းဖြေဥယျဉ် စီမံကိန်းတည်ဆောက်မည်ဆိုသောကြောင့် ၂၀၀၇ ခုနှစ်တွင် ဗူးကွဲကျေးရွာကို ရွှေ့ပြောင်းပေးခဲ့ရပြီး ယခု ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နေရာသို့ ပြောင်းရွှေ့လာခဲ့ရကြောင်း၊ ရွာပြောင်းရွေ့ခံရမှုနှင့် လယ်ယာမြေများအတွက် လျော်ကြေးရခဲ့သော်လည်း စီးပွားရေးမလုပ်ကိုင်တတ်သောကြောင့် ဒုက္ခရောက်သွားကြသူများရှိကြောင်း သိရသည်။

“ရွာရွှေ့ပေးလိုက်ရတော့ စီးပွားရေး ကျသွားတယ်။ ကျနော်တို့ တောသူတောင်သားဆိုတာက လယ်ပဲ စိုက်စားတတ်တာ။ အပြင်စီးပွားရေးက မလုပ်တတ်ဘူး။ အဲဒီမှာ အိမ်ပေါင်ဘာပေါင်နဲ့ ဒုက္ခရောက်ကြသူတွေ ရှိတယ်။ ကုန်သည်ပွဲစားတွေကတော့ အဆင်ပြေတယ်။ လျော်ကြေးမရတဲ့သူတွေကတော့ သူများအိမ်ဝိုင်းမှာ သွားစုပေါင်းနေတာမျိုးတွေလည်း ရှိတယ် ”ဟု ဒေသခံတဦးက ပြောသည်။

ရွှေနံသာရပ်ကွက်တွင် နေထိုင်သူ ဦးမြင့်စိန်ကလည်း “ လျှပ်စစ်မီးကတော့ ရတယ်။ ဒါပေမဲ့ မီတာထိန်းသိမ်းခ ကောက်တာရယ်။ မီတာခတွေ အရမ်းကျနေတာတွေ သွားတောင်းဆိုထားတယ်။ ပြန်စိစစ်ပေးမယ်လို့ ပြောတယ်။ ဝဏ္ဏသိဒ္ဓိအဝိုင်းရဲ့ ဒီဘက်မှာ ၁၈၇၇(က)ကွင်းဆိုတာရှိတယ်။ ကျနော်တို့လယ်သမားတွေ ဧက ၁၈၀ လောက်အတွက် မြေယာမှတ်ပုံတင်ခွင့် ရထားတယ်။ အဲဒါလည်း လယ်/ဆည် ဝန်ကြီး ဒီဒေသကို ရောက်လာတော့ လယ်သမားတွေ တောင်းဆိုလို့ ရတာ။ ဒါတောင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မပေးချင်တဲ့ သဘောတွေ ရှိသေးတယ် ”ဟု ဆိုသေးသည်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူကလည်း “နေပြည်တော်ကြီးလို မီးပေးဖို့ ရန်ကုန်ကလူတွေ ဆန္ဒပြနေတဲ့ ဒီနေရာမှာ နေပြည်တော်တဝိုက်ကလွဲရင် ကျန်တဲ့ နေရာ ၉၀ ရာခိုင်နှုန်းက မီးမလင်းပါဘူး။ ကျနော့်မဲဆန္ဒနယ်က ရပ်ကွက်နှစ်ခု ၊ ကျေးရွာပေါင်း ၄၉ ရွာမှာ ရပ်ကွက်နှစ်ခုပဲ မီးလင်းပါတယ်။ ဒါပေမဲ့ အဲဒီရွာတွေမှာ မဟာဓါတ်အားလိုင်းကြီးတွေက ရှေ့နောက်ဖြတ်သွားနေတာပါ”ဟု ဦးမင်းသူက ဆိုသည်။

ပျဉ်းမနား တောင်ညိုဒေသခံ ဦးစိုးတင့်ကလည်း “ တောင်ညိုဒေသမှာ မီးတော့ မရှိသေးဘူး။ မီးကတော့ နေပြည်တော်ကြီးက ထိန်။ ရွာတွေက မှိန်ပေါ့ဗျာ။ သေချာတာကတော့ နေပြည်တော်နေရာပဲကွက်ပြီး ဖွံ့ဖြိုးနေတာ။ ရွာတွေမှာက ဒုံရင်းက ဒုံရင်းပဲ။ တခု ရှိတာက နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းအတွက် အုတ်လုပ်ငန်းတို့ ၊ ကျောက်လုပ်ငန်း ၊ သဲလုပ်ငန်းတို့လို လုပ်ငန်းလေးတွေ လုပ်လို့ရလာတယ်”ဟု ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကြောင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာပြီး ၂၀၀၄ – ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ – ၂၀၁၀ နှိုင်းယှဉ်ချက်အရ တိုင်းပြည်၏ ဆင်းရဲမွဲတေမှုမှာ ၃၆ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ လျော့ကျသွားခြင်းသည် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်ကိုင်ရရှိလာမူများနှင့် တိုက်ရိုက် ဆက်စပ်လျှက် ရှိသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ ဆင်းရဲမွဲတေမှု စစ်တမ်းတွင် ဖော်ပြထားသည်။

နေပြည်တော် ပျဉ်းမနား ဒေသတွင် အလုပ်သမားတဦး တရက်ဝင်ငွေမှာ အမျိုးသား ၃၀၀၀ ကျပ်နှင့် အမျိုးသမီး ၂၀၀၀ ကျပ်ခန့်ရှိပြီး အများစုမှာ အုတ်လုပ်ငန်း၊ မြေတူး နှင့် ကျပန်းအလုပ်များ လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရသည်။

“ နေပြည်တော်ကြီး တည်နေသရွှေ့ကတော့ အုတ်ကတော့ အမြဲတန်းလိုနေမှာပဲ။ အခုကျနော်တို့ဒေသမှာ ရှိတဲ့ အုတ်လုပ်ငန်းတွေ အကုန်လုံးက နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွေဆီကို သွားနေတာပဲလေ။ ဒီဒေသမှာတော့ ဒီအလုပ်ပဲလုပ်ရမှာပဲ”ဟု ဒေသခံတဦးက ဆိုသည်။

“၂၀၁၂ ခုနှစ် မတ်လတုန်းက ကျနော့်အုတ်ကားနဲ့ နေပြည်တော်က ဗုဒ္ဓဂါယာ ဘုရားတည်တော့ အုတ်သွားပို့တာ။ သစ်တွေပါလာတယ်ဆိုပြီး စည်/ပင်တွေ ဝိုင်းလာတယ်။ မပါကြောင်း သက်သေပြတော့ စည်/ပင်က အုတ်ကို မိုးကာ မလုံလို့ဆိုပြီး ၂ သိန်း ဒဏ်ရိုက်တယ်။ နောက်တခါ နေပြည်တော် ကွန်ကရက်လမ်းပေါ်မှာ ကားဘီးပေါက်နေတုန်း စည်/ပင်တွေ ရောက်လာပြီး လမ်းမပေါ်မှာ အုတ်ကားမောင်းလို့ဆိုပြီး  ၅ သိန်း ဒဏ်ရိုက်တယ်။ ၅ ရက်တည်းနဲ့ နှစ်ခါ ဒဏ်ရိုက်ခံရတော့ ၇ သိန်း ပြောင်သွားတယ်။ နောက်တခါဆိုရင် ကားသိမ်းမယ်လို့ ပြောတယ်”ဟု နေပြည်တော်တွင် အုတ်လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်ဆွေက ဆိုသည်။

ဦးကျော်ဆွေကဆက်ပြီး “၂၀၁၂ နောက်ပိုင်း နေပြည်တော်မှာ အတိုက်အခံပါတီတွေ ပေါ်လာတော့ ကျနော့်ကား ဒဏ်ရိုက်မခံရတော့ဘူး။ သူတို့ လမ်းမှန်ပဲလျှောက်လို့ ရတော့မယ်ဆိုတာ သိသွားပုံရတယ်”ဟု ဆိုသည်။

နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် အစိုးရအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၇၈ ဘီလီယံအထိ သုံးရန်  စီစဉ်ထားသောကြောင့် အသုံးစရိတ် တောင်းခံသည့် နေပြည်တော်ကောင်စီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင်းက လွှတ်တော်တွင် ဝေဖန်ဆွေးနွေးမှုများ ရှိခဲ့သည်။

Loading