ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက်မပြည့် သေးသော လူငယ်များ အရက်၊ ဘီယာ သောက်သုံးနေမှုကို အစိုးရအဖွဲ့က အရေး ယူ တားဆီးမှု အစီအစဉ်နှင့် ပတ်သက်ပြီး လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်တဦးက မေးခွန်းထုတ် သည်။
ထို့အပြင် အသက်မပြည့်သူများအား ရောင်းချသည့် အရက်၊ ဘီယာဆိုင်များကို အရေးယူမှု အစီအစဉ်နှင့် ပတ်သက်၍လည်း ထည့်သွင်း မေးမြန်းကြောင်း သိရသည်။
ဒီဇင်ဘာ ၁၃ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(တတိယနေ့)တွင် ဒဂုံ အရှေ့ပိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူးက မေးမြန်းခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေလို အသက် ၁၈ နှစ်မပြည့်ရင် အရက်၊ ဘီယာ သောက်သုံးလို့ မရသလို၊ သူတို့တွေကို ရောင်းချခွင့် လည်း မရှိပါဘူး။ ဒါပေမယ့် လူငယ်လူရွယ်တွေ သောက်သုံးနေတာတွေ ရှိတယ်။ ဒီအတွက် အရေးယူမှုပိုင်းမှာလည်း အားနည်း နေတဲ့အတွက် အခုလိုမေးမြန်းရတာပါ”ဟု ၎င်းက ပြောသည်။
ထိုသို့ မေးမြန်းသည့်အပေါ် နယ်စပ်ရေးရာဝန်ကြီးက“အသက် ၁၈ နှစ်မပြည့်သူက မူးယစ်စေတဲ့ အရက်၊ ဘီယာကိုသောက်တယ် ဆိုရင် ၁၉၇၀ ယစ်မျိုးပုဒ်မ ၄၀နဲ့ အရေးယူလို့ ရပါတယ်။ လိုင်စင်နဲ့ရောင်းတဲ့ ဆိုင်တွေကလည်း အသက် ၁၈ နှစ်မပြည့်သူကို ရောင်း တယ် ဆိုရင်လည်း ဆိုင်ပိတ်သည်အထိ အရေးယူလို့ရပါတယ်”ဟု ဖြေကြားသည်။
ထို့ အပြင် အခါအားလျော်စွာ အရက်၊ဘီယာဆိုင်များကို ပြဌာန်းဥပဒေအတိုင်းလိုက်နာမှုရှိမရှိစစ်ဆေးလျက်ရှိကြောင်း၊ ယခုအခါ ၂၀၁၃နှစ်စမှ နိုဝင်ဘာလအထိ ပြဌာန်းယစ်မျိုးဥပဒေအတိုင်းလိုက်နာမှုမရှိ၍ အရေးယူခဲ့ရသည့်အမှုပေါင်း ၁၆၉၆မှု ရှိကြောင်း အဆိုပါ ဝန်ကြီးက ပြောကြားသွားသည်။
“ယစ်မျိုးဥပဒေမှာ အသက် ၁၈ နှစ် မပြည့်သူကို ရောင်းတဲ့လူကော၊ ကိုယ်တိုင်သောက်သူကောကို ဖမ်းလို့ရတယ်ဆိုတဲ့ ဥပဒေ ပါတယ်။ ဒီဥပဒေက အင်္ဂလိပ်တွေ ရေးဆွဲခဲ့တာ။ သူတို့ရေးဆွဲတာကို ထပ်ပြီး အသစ်ပြန်လုပ်တာ ၁၉၇၀ ကပါ”ဟု ဥပဒေ ပညာရှင် ရှေ့နေ ဦးသိန်းသန်းဦး က ပြောဆိုသည်။
ထိုစဉ်က ဖမ်းဆီး အရေးယူသည့် ယစ်မျိုး အဖွဲ့ရှိကြောင်း၊ နောက်ပိုင်း ယင်း အဖွဲ့ကို ဖျက်လိုက်ပြီးနောက် အရက်ဘီယာများကို ရောင်းချင်သလို ရောင်းနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“နောက် အရေးယူဖို့မှာက ရဲက အရေးမယူဘဲ ပေါင်းစားတယ်။ သာမန် အအေးဆိုင်တောင် ဆက်ကြေးပေးပြီး ဘီယာ ရောင်းလို့ရတယ်။ ဥပဒေကလည်း ခေတ်နဲ့ မလျော်ညီတော့ဘူး။ ဥပဒေကို အသက် ဝင်အောင် ကူညီတာလည်း မရှိဘူး။ တချို့ရဲတောင် အသက်၁၈နှစ် မပြည့်တဲ့ကလေးက အရက်သောက်တာ ဥပဒေနဲ့ညိစွန်း တာ ကို မသိတာတွေ ရှိတယ်။ ဒါတွေက ဥပဒေအသစ် ရေးဆွဲရင်တောင် လိုက်နာကျင့်ကြံဖို့အတွက် ဥပဒေသမားတွေကိုက ဖောက်ဖျက် နေရင်တော့ ဘာမှလုပ်မရဘူး”ဟု ဥပဒေပညာရှင် ရှေ့နေ ဦးသိန်းသန်းဦး က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး ကလည်း“အရေးယူတာ အားနည်းနေလို့ မေးပေမယ့် သူတို့ဖြေတာ အားမရဘူး။ အခု ဆို ကျောင်းနားတွေမှာပါ အရက်၊ ဘီယာ ရောင်းနေတယ်။ နောက် ကန်တော်ကြီးတို့၊ မျှော်စင်ကျွန်းတို့မှာဆို အသက် ၁၈ နှစ် မပြည့်တဲ့သူတွေ သောက်နေတာတွေ၊ သူတို့ကိုရောင်းနေတာ တွေရှိနေတာပဲ။ နောက်တခေါက်မှာ အရေးကြီးအဆိုအဖြစ် တင်သွားမယ်”ဟု ပြောဆိုသည်။
လက်တွေ့တွင်လည်း အဆိုပါဥပဒေနှင့် အသက် ၁၈နှစ် မပြည့်သည့် လူငယ်မည်မျှ အရေးယူထားသည်ကိုလည်း မသိရှိရကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကြပ်မတ်ရန် လိုအပ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အသက် ၁၈ နှစ်မပြည့်တဲ့သူကို မရောင်းရတာတော့ သိတယ်။ ဒါပေမယ့် ကျနော်တို့က ပြောလို့မှမရတာ၊ သောက်ရင်အရေးယူ လို့ရတယ် ဆိုတာကို သိတာနည်းတယ်။ ဒီလိုသိရင် အရေးယူတာအထိ ရောက်ရင်တော့ နည်းမှာပေါ့။ စီးပွားရေးသမားကတော့ ရောင်းမှာပဲ။ အရေးယူတယ်ဆိုရင်တော့ ကြောက်လို့လုပ်ချင်မှ လုပ်မယ်။ နောက် သောက်တဲ့သူကိုလည်း ထိထိရောက်ရောက် အရေး ယူ ဒါဆိုနည်းမယ်”ဟု တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်ရှိ အရက်၊ ဘီယာ ရောင်းဝယ်ရေး စတိုးဆိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
အသက် ၁၈ နှစ်မပြည့်သူ တဦးအနေဖြင့် ကိုယ်တိုင်အရက်၊ ဘီယာဝယ်ယူ သောက်သုံးပါ ကလည်း ယစ်မျိုး ဥပဒေပုဒ်မ ၄၀ နှင့် ညိစွန်းသည်ဟု ဆိုသော်လည်း အရေးယူခွင့်ရှိမရှိကို သိရှိသူ အားနည်းကြောင်း၊ ထို့အပြင် ယစ်မျိုးဥပဒေဖြင့် အရေးယူရာတွင် တရားဝင် ရောင်းဝယ်သည့် ယစ်မျိုးခွန်ဆောင်သော ဆိုင်များအပြင် တရားမဝင် ရောင်းဝယ်သူများကိုလည်း ဖော်ထုတ် အရေးယူ သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူးက ပြောဆိုသည်။