ဆီးဂိမ်းပိတ်ပွဲ မီဒီယာဝင်ရောက်ခွင့် လူဦးရေ ၅၀၀ အထိ တိုးပေးမည်
This article has been converted from Zawgyi One to Unicode
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မီဒီယာဝင်ရောက်ခွင့် ကန့်သတ်ခံခဲ့ရသော်လည်း ဆီးဂိမ်းပိတ်ပွဲ အခမ်းအနားတွင် မီဒီယာ ဝင်ရောက်ခွင့်ကို တိုးမြင့်ပေးမည် ဖြစ်ကြောင်း နေပြည်တော် Myanmar Press Center (MPC) တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတကာ ရုပ်သံလွှင့်သူများအတွက် လက်မှတ် ၁၀၀၊ နိုင်ငံတကာ သတင်းစာဆရာများအတွက် လက်မှတ် ၁၀၀ နှင့် ပြည်တွင်း ရုပ်သံနှင့် မီဒီယာ အားလုံးအတွက် လက်မှတ် ၁၀၀ သာ စီစဉ်ပေးနိုင်ခဲ့ပြီး ဆီးဂိမ်းပိတ်ပွဲအတွက် ပြည်တွင်းမီဒီယာများအတွက် လက်မှတ် ၃၀၀ နှင့် နိုင်ငံတကာအတွက် လက်မှတ် ၂၀၀ စုစုပေါင်း ၅၀၀ အထိ တိုးမြင့်ပေးသွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။ “မီဒီယာ တခုကို အနည်းဆုံး လက်မှတ် ၂ စောင် သို့မဟုတ် ၃ စောင်လောက်တော့ ရအောင် လုပ်ပေးပါမယ်။ အခုချိန်မှာတော့ NOC (National Olympics Committee) နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး သတင်းထုတ်ပြန်ပေးပါမယ်။ မီဒီယာတခုကို လက်မှတ် ၃ စောင်လောက်တော့ ရဖို့ရှိပါတယ်” ဟု MPC မှ ဦးလှိုင်ဝင်းက ပြောသည်။ မီဒီယာများ သတင်းရယူရာတွင် သတင်း အချက်အလက်များ မြန်ဆန်စေရန်အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ညနေ ၄ နာရီတွင် မီဒီယာတွေ့ဆုံပွဲကို နေ့စဉ် ပြုလုပ်ပေးသွားမည်ဟု သိရသည်။