သတင်း

ရုက္ခစိုးနဲ့ ယမကာ မင်းသားကြီး၏ ဆန္ဒပြပွဲ

This article has been converted from Zawgyi One to Unicode

ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားသမားများက အင်နှင့်အားနှင့် ကစားနေသလို ဆန္ဒပြသူများကလည်း အင်နှင့်အားနှင့် ပြနေကြသည်။

ထိုသို့ အထူးထူး အထွေထွေ ဆန္ဒပြကြသည့် အထဲတွင် ထူးထူးခြားခြား ဆန္ဒပြပုံဆန်းတရပ်ကို ဦးရုက္ခစိုးမှ တပါး ဘယ်သူမှ မသိလိုက်ကြသဖြင့် ကိုတာတေက ယခုကဲ့သို့ သတင်းဦးသတင်းထူး အဖြစ် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဆန္ဒပြခေါင်းဆောင်မှာ လမ်းမလျှောက်နိုင်သဖြင့် ဝှီးချဲစီးလာရသည်။ ကိုတာတေ အနေဖြင့် မသန်စွမ်းသူများကို သရော်ခြင်း လုံးဝ လုံးဝမဟုတ်ကြောင်း ကြိုတင်ပြောကြားလိုပါသည်။ အဘယ်ကြောင့် ဆိုသော် ထစ်ခနဲရှိ ဝင်ဆဲမည့် facebook လောကကြီး လက်ညောင်းမည် စိုးသောကြောင့် ဖြစ်ပါသည်။

အနှီ ဝှီးချဲကို စီးလာသူကြီးမှာ မသန်စွမ်းသောကြောင့် မဟုတ်မူဘဲ၊ အသက်အရွယ်ထောက်လာ သဖြင့် နေပူပူတွင် လမ်းလျှောက်ရမည်ကို ပျင်းသောကြောင့် တကြောင်း၊ အမူးလွန် အလွန်မူးခဲ့သည် ရှိသော် ရာဇ အိန္ဒြေပျက်ယွင်းမည်ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် တကြောင်းတို့ကြောင့် ဖြစ်သည်။

“နိုင်ငံခြား အရက်တွေ ပြန်ရောင်းပေးရေး”
“တို့အရေး” “တို့အရေး”
“အရက်သမား အခွင့်အရေး ရရှိရေး”
“တို့အရေး တို့အရေး”

အထက်ပါအတိုင်း အတိုက်အဖောက် ညီစွာ အော်ဟစ် ချီတက်လာသူများသည် အောက်ပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထား ကြသည်။

“ပြည်တွင်းချက် အရက်ကို ဆန့်ကျင်ကြ”
“ဘလူးလေဘယ်ကို ချစ်ပါ၊ ဝှိုက်လေဘယ်ကို မြတ်နိုးပါ၊ စကော့ချ်ဝီစကီကို အားပေးပါ”

ထိုသူတို့မှာ ဆီးဂိမ်းဖွင့်ပွဲကြီးကို လမ်းဘေး ရုပ်မြင်သံကြားစက်ကြီး၌ ကြည့်ငေးနေသော ဦးရုက္ခစိုးနှင့် တည့်တည့် တိုးမိကြ လေတော့သည်။ ရှေ့ဆုံးမှ ဝှီးချဲဖြင့် ဆန္ဒပြခေါင်းဆောင်မှာကား မြန်မာ့ နိုင်ငံရေး ပိတ်ကားပေါ်၌ ကာလအတန်ကြာ ပျောက်ကွယ် နေသဖြင့် မေ့လျော့နေကြသော ယမကာမင်းသားကြီး တပါး ဖြစ်ပေသည်။ သူ့ကို ယခင်က ဒုတိယ  ထိပ်တင် ဗိုလ်ချုပ်မူးကြီး ဟုလည်း လူသိများသည်။ ပထမ ထီးဆောင်း ဗိုလ်ချုပ်မှူးကြီးမှာမူ ယမကာကို ဝါသနာမပါမူဘဲ ကာတွန်းစာအုပ် ဖတ်ခြင်း၊ မြေးတော်လေးကို အလိုလိုက် အကြိုက်ဆောင်ခြင်းတို့၌သာ ပျော်မွေ့သူဟု သိထားကြသည်။

ရုက္ခစိုး။     ။ ဟာ … ယမကာ မင်းသားကြီးပါလား။ ကိုယ်တိုင် ဆန္ဒထွက်ပြတယ် ဟုတ်လား။

ယမကာမင်းသားကြီး။     ။ ကိုယ်တိုင် မထွက်ရင် မထိရောက်မှာစိုးလို့ ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင်လုပ်ပြီး ထွက်လာတာ။ ဆိုးတယ်ဗျာ။ အခု မြန်မာပြည်မှာ အရက်သမား အခွင့်အရေး တော်တော် ဆုံးရှုံးနေပြီ။

ရုက္ခစိုး။     ။ ဒါကတော့ ခင်ဗျားတို့လို ယမကာမင်းသားတွေ များများသောက်ပြီး မြန်မြန်သေမှာစိုးလို့ နိုင်ငံတော်ရဲ့ စေတနာ ဖြစ်မှာပါ။

ယမကာမင်းသားကြီး။     ။ ဟာ အခုမှ မြန်မြန်သေမှာဗျ။ နိုင်ငံခြားအရက် မသောက်ရတော့ ကွာလတီမမီတဲ့ ပြည်တွင်းဖြစ်တွေ သောက်ပြီး အသေစောမှာ။ ဒါ ကျုပ်ကို သက်သက် လုပ်ကြံတာပဲ ဖြစ်မယ်။

ရုက္ခစိုး။     ။ အခုကော ဘယ်လိုသောက်နေလဲ၊ နိုင်ငံခြားအရက် ဝယ်လို့မရဘူး ဆိုတော့။

ဦးရုက္ခစိုးက ယမကာမင်းသားကြီး၏ ဝှီးချဲပေါ်တွင် တင်လာသော စကော့ချ်ဝီစကီ သုံးလေးလုံးကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

ယမကာမင်းသားကြီး။     ။ ဘယ်လို သောက်ရမလဲဗျ။ နိုင်ငံခြားက ပြန်လာတဲ့သူတွေကို ဂျူတီဖရီးက ဝယ်လာပေးဖို့ မေတ္တာရပ်ခံ ရတာပေါ့။ ဒါလည်း သိပ်အလုပ်မဖြစ်ပါဘူးဗျာ။ နိုင်ငံခြားက ပြန်လာတဲ့သူတွေကလည်း အခု ဈေးကိုင်လာပြီ။ သူတို့ အတွက်တောင် မလောက်ဘူး လုပ်နေတာ။ ကျုပ်မှာ လက်ကျန်က နည်းနေပြီဗျ။

ယမကာ မင်းသားကြီး၏ နောက်တွင် အော်ဟစ် လိုက်ပါလာသူများကို ဦးရုက္ခစိုးကြည့်လိုက်ရာ ဗိုလ်မူးများ၊ ဗိုလ်မူးချုပ်များ ဖြစ်နေသည်ကို တွေ့ရသည်။ သူတို့ကလည်း ဦးရုက္ခစိုးကို တယောက်ပေါက် ရှင်းပြကြသည်။

“ကျုပ်တို့ အခွင့်အရေး ဆုံးရှုံးတယ်ဗျ။ ကျုပ်တပည့်တွေက ကျုပ် ကြိုက်တတ်မှန်းသိလို့ ဝှိုက်လေဘယ်နဲ့ ကန်တော့နေကျ။ အခု လာကန်တော့တဲ့သူတွေ ဘာနဲ့ ကန်တော့ရမှန်းမသိ ဖြစ်ကုန်ပြီ”
“ကျုပ်က ကော့ညက်မှ မသောက်ရရင် သေသွားနိုင်တယ်။ အခု ကျုပ်ကို မိန်းမက စားဖျော်က ထုတ်တဲ့ အိုးဘရန်ဒီပဲ သောက်တဲ့။ ပြောရင်း ငိုချင်လာပြီ”
“ဘလူးလေဘယ်လေး သောက်ပြီးမှ ကျုပ်က ထမင်းစားဝင်တာဗျ”
“ကျနော်က ပြင်သစ်ဝိုင် တမျိုးပဲ သောက်တာ”
“စကော့ချ်ဝီစကီ ဘယ်လောက် ကောင်းတယ်ဆိုတာ အခု အုပ်ချုပ်နေတဲ့ အကြီးအကဲက သိပုံမရပါဘူးဗျာ။ သူ့ခမြာ အရက်ဆို အားလုံး အတူတူပဲ ထင်နေပုံရတယ်”

တယောက်တပေါက် ပြောချင်ရာ ပြောနေသော ဗိုလ်မူးများ၊ ဗိုလ်မူးချုပ်များကို ယမကာ မင်းသားကြီးက လက်ကာပြလိုက်ရာ အားလုံး ငြိမ်သွားကြသည်။

ယမကာမင်းသားကြီး။     ။ ကဲ ရဲဘော်တို့ … ငါတို့ရဲ့ တိုက်ပွဲဟာ ရှည်ကြာကောင်း ရှည်ကြာလိမ့်မယ်။ အခက်အခဲတွေ၊ ဆူးညောင့် ခလုပ်တွေလည်း တွေ့ကောင်း တွေ့ရလိမ့်မယ်။ ဒါပေမယ့် ငါတို့ကတော့ ငါတို့ရဲ့ အခွင့်အရေးကို ရအောင် တောင်းယူရမှာပဲ။ အဲဒီတော့ ဘယ်လို အတားအဆီး၊ ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ ငါတို့ ကျော်ဖြတ်ကြမယ်။ စည်းလုံးခြင်းသည် အင်အားတဲ့ …။ ငါတို့ အရက်သမားထုကြီး ညီညွတ်မယ်ဆိုရင် နိုင်ငံခြားအရက်တွေ ပြန်ရောင်းခွင့်ရမယ် ဆိုတာ ငါယုံကြည်တယ်။ အဲဒီတော့ ငါတို့ အခု သစ္စာရေ သောက်ကြမယ်။

ယမကာမင်းသားကြီး စကားအဆုံးတွင် နောက်လိုက်နောက်ပါများ၏ မျက်နှာများမှာ ဝင်းခနဲဖြစ်သွားရာ ဦးရုက္ခစိုးပင် မျက်စိ ကျိန်းသွားသည်။ တချို့က လျှာသပ်သူသပ်၊ တချို့က တံတွေ မြိုသူမြိုဖြင့် ထိုနေရာတဝိုက်တွင် “ဂလု ဂလု ပလပ် ပလပ်” စသည့် အသံများက ဆီးဂိမ်းဖွင့်ပွဲက ဇော်ဝင်းထွဋ်၏ “မဟာ” သီချင်းသံကိုပင် လွှမ်းလုလု ဖြစ်သွားသည်။

ယမကာ မင်းသားကြီးက ပုလင်းတလုံးကို ဖွင့်ပြီး တငုံငုံလိုက်ကာ နောက်လိုက် နောက်ပါများကိုမူ ခွက်တခုတွင် ရေများများဖြင့် ရော၍ တငုံစီလာသောက် စေသည်။ တချို့က များများ ငုံမိစေရန် မတော်တဆဟန်ဖြင့် ယမကာ မင်းသားကြီး၏ လက်ကို ပင့်တင်သူများရှိရာ ထိုသူများကို ယမကာမင်းသားကြီးက ထိပ်ခေါက်၍ အပြစ်ပေးသည်။

ထို့နောက် ဆန္ဒပြ ယမကာ အဖွဲ့သည် ဆိုင်းဘုတ်များကို ပြန်လည် ကိုင်ဆောင်၍ ဦးရုက္ခစိုးကို လက်ပြနှုတ်ဆက်ကာ အားကျိုးမာန်တက် ဆက်လက် ချီတက်သွားကြ လေတော့သည်။

“နိုင်ငံခြားအရက် ဝယ်ယူရရှိရေး”
“တို့အရေး တို့အရေး”
“အရက်သမား အခွင့်အရေး”
“ခုပေး … ခုပေး”
“ပြည်တွင်းဖြစ်အရက် ချက်သူများ”
“ကျဆုံးပါစေ”

ထို ဆန္ဒပြပုံဆန်းကို ဦးရုက္ခစိုးမှ တပါးမည်သူမှ မသိလိုက် ရခြင်း အကြောင်းမှာ မြန်မာနိုင်ငံရှိ လူကုန်အားလုံး ထောင်ကဲ နိုင်ငံတော်ကြီး၏ မေတ္တာလာဘ်ဆောင် (လက်ဆောင်မဟုတ်) အဖြစ် အထူး ကူညီပေးထားသော ဆီးဂိမ်းဖွင့်ပွဲမှ မီးရှူးမီးပန်းများအား အံ့သြဘနန်း ငေးမိနေကြသောကြောင့် ဖြစ်သည်တမုံ့။ ယင်း ဆန္ဒပြပွဲကို “မြစ်ဆုံနှင့်မီးပန်း” လဲလှယ်ရေး အစီအစဉ်အတွက် အလုပ်ရှုပ်နေရှာသော အကြီးအကဲပင် မသိလိုက်ကြောင်း …။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

Loading