Human Rights

အာဆီယံ သေနတ်ပစ်ကွင်း အတွက် နေပြည်တော်တွင် တပ်က လယ်သိမ်း

This article has been converted from Zawgyi One to Unicode

နေပြည်တော်တွင် လယ်သမားများ စိုက်ပျိုးလျက်ရှိသော သီးနှံများပေါ်သို့ တပ်ဧရိယာအဖြစ် ဘူဒိုဇာများ၊ မြေထိုးစက်များဖြင့် တိုးချဲ့လျက်ရှိရာ လယ်ယာမြေများ ပျက်စီးဆုံးရှုံးလျက်ကြောင်း နေပြည်တော် ဒေသခံလယ်သမားများက ဧရာဝတီသို့ ပြောဆိုသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သရက်တော အုပ်စု ၊ မိုးစွေရွာ နှင့် စည်ပင်သာကျေးရွာတို့တွင် အမှတ် ၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း ၊ အမှတ် ၈၅ ခြေလျင်တပ်ရင်းက အာဆီယံသေနတ်ပစ်ကွင်းနှင့် တပ်လေ့ကျင့်ရေး သင်တန်းကျောင်းအတွက် မြေဧကပေါင်း ၄၂၀၀ ကျော်ဖော်ထုတ်ရာတွင် ပါဝင်သွားသော လယ်မြေဧက ၄၀၀ ကျော်မှာ ဒေသခံများ ဓားမဦးချ လုပ်ကိုင်စားသောက်နေသော လယ်မြေများ ဖြစ်ကြောင်း ဒေသခံလယ်သမားများက ဧရာဝတီသို့ ပြောဆိုသည်။

“အခုမြင်နေတဲ့အတိုင်းပဲ ကျနော့်ရဲ့ ပဲစိုက်ထားတဲ့ အကွက်ကို သူတို့မြေဖို့နေတာ။ နှမ်းပင်တွေလည်း ရိုက်ချိုးခံရဖူးတယ်။ တားလို့လည်း မရဘူး။ တားဖို့လည်း မရဲဘူး။ ၂၀၁၂ အထိတော့ ကျနော်တို့ လယ်သမားတွေ ရသလောက်ဝင်လုပ်သေးတယ်။ နောက်ပိုင်း နှင်ထုတ်တော့ လုံး၀၀င်လုပ်လို့ မရတော့ဘူး”ဟု နေပြည်တော် မိုးစွေရွာမှ လယ်သမား ဦးလှမြင့်က ပြောသည်။

မြေသိမ်းဆည်းခံရမှုများအတွက် တိုင်ကြားစာကို လယ်သမား ၆၄ ဦး လက်မှတ်ရေးထိုး၍ လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပေးပို့ခဲ့ရာ စာလက်ခံရရှိကြောင်း အကြောင်းပြန်ခဲ့သော်လည်း ယနေ့အချိန်ထိလာရောက်စုံစမ်းခြင်း မရှိသေးကြောင်း လယ်သမားအရေး ကူညီပေးနေသူ တောင်ညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးတင့် ပြောသည်။

“ တောင်သူ ၆၄ ယောက် လက်မှတ်ထိုးတိုင်တာက မြေဧက ၃၂၃.၂၅ ပဲ ပါတယ်။ အဲဒီကိစ္စအတွက် စုံစမ်းရေးကော်မရှင်ကနေ ဆင်းစစ်ဖို့ ရှိတယ်လို့ ကြားတယ်။ ခုချိန်ထိတော့ မလာသေးဘူး။ စာတင်တုန်းက မသိလိုက်ဘဲ ကျန်ခဲ့တဲ့ လယ်သမားတွေလည်း ရှိတယ်”ဟု ဦးစိုးတင့်က ပြောသည်။

အမှတ် ၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း ၊ အမှတ် ၈၅ ခြေလျင်တပ်ရင်းတွင် တာဝန်ရှိသူများမှာ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်နိုင်ဝင်း၊ ဒုကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ခင်မောင်ကြည်တို့ဖြစ်ပြီး စီမံကိန်းနေရာတွင် အရပ်အခေါ် တာဝန်ခံ ဝန်ထောက်ကြီးဟု ခေါ်သောသူတယောက်ကို တာဝန်ပေးထားသည်ဟု ဒေသခံများက ပြောသည်။ တာဝန်ခံဝန်ထောက်ကြီးကို ဧရာဝတီက တွေ့ဆုံခွင့် မရခဲ့ပေ။

“တပ်က ဒု-ကျောင်းအုပ်ကြီးး ဗိုလ်မှူးကြီးခင်မောင်ကြည်က ဒီမြေတွေက တို့ပိုင်ပြီးသား။ လျော်ကြေးတပြားမှ ပေးစရာမလိုဘူး။ ပေးရင်ပေး သူတို့(လယ်သမား)က ငါတို့ကိုပေးရမှာလို့ အမြဲတန်းပြောတယ်။ ကျနော်တို့ကလည်း အရင်တုန်းက ကြောက်တော့ မပြောရဲဘူး။ ဒီမြေမှာ လုပ်တာ ၇ နှစ်တိတိ သူတို့(စစ်တပ်)ကို သီးစားခပေးခဲ့ရတယ်” ဟု လယ်သမား ဦးမောင်ရှိန်က ပြောသည်။

သီးစားခကို ၂၀၀၃ ခုနှစ်မှ စတင်ကာ စပါးစိုက်ပျိုးသည့် လယ်တစ်ဧကလျှင် ၁၄ တင်း၊ နှမ်းတစ်ဧကလျှင် တစ်တင်းခွဲ ၊ ပဲတစ်ဧကလျှင် ၄ တင်းနှုန်းဖြင့် ၂၀၀၈ ခုနှစ်အထိ ယင်းသင်တန်းကျောင်းကို ပေးသွင်းခဲ့ရပြီး ၂၀၀၃ ခုနှစ်မှ စတင်ကာ ၂၀၀၈ ခုနှစ်အထိ ဒေသခံများကို လုပ်အားပေး အဖွဲ့လေးခု ဖွဲ့ကာ လယ်ထွန်းခိုင်းခြင်း၊ စပါးရိတ်ခိုင်းခြင်း ၊ ကြံစိုက်ခိုင်းခြင်းများ ပြုလုပ်ခိုင်းခဲ့ကြောင်း သရက်တောရွာမှလယ်သမား ဦးကျော်ဇောက ပြောသည်။

လုပ်အားပေးခိုင်းစေခဲ့သည်မှာ မှန်ကန်ကြောင်း အခြားတောင်သူ လယ်သမားများကလည်း အတည်ပြုသည်။

“ကျနော်တို့က ဒီနေရာမှာ ဓားမဦးချလုပ်စားလာတာ နှစ် ၄၀ လောက်ရှိပြီ။ ၂၀၀၃ ခုနှစ်မှာ ဒီဒေသကို တပ်တွေ ရောက်လာတော့ လယ်မြေတွေကို ပေးမလုပ်တော့ဘူး။ ဒါပေမဲ့ လယ်သမားတွေက တောင်းပန်တော့ သီးစားပြန်ချပေးတယ်။ လုပ်အားပေးခိုင်းတယ်”ဟု ဦးကျော်ဇော်က ခေါ်သည်။

ဧရာဝတီသတင်းဌာနက ယင်းတပ်စီမံကိန်း မြေနေရာအနီး သတင်းသွားရောက်ရယူရာ အမှတ် ၈၅ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးနေဝင်းဆိုသူ ရောက်ရှိလာပြီး အထက်ညွှန်ကြားချက်အရ စီမံကိန်းဧရိယာအတွင်း ဓာတ်ပုံလုံး၀ မရိုက်ရန်နှင့် မီဒီယာဝင်ရောက်ခွင့် မပြုကြောင်း လာရောက်တားမြစ်ခဲ့သည်။ ဧရာဝတီသတင်းဌာနက တပ်စီမံကိန်းတွင် တာဝန်ရှိသူနှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း လူကြီးမရှိဟု ဆိုသည်။

“ခင်ဗျား ဘာလို့ဓါတ်ပုံ ရိုက်တာလဲ။ ဒီမှာ ဘာဓါတ်ပုံမှ ရိုက်လို့မရဘူး။ မီဒီယာလည်း ဝင်ရောက်ခွင့်မရှိဘူး။ အထက်ညွှန်ကြားချက်အရ ကျနော်ခင်ဗျားကို တားနေတာ” ဟု ဗိုလ်ကြီးနေဝင်းက ဆိုသည်။

ဧရာဝတီသတင်းဌာနက သတင်းရယူရန် လယ်သမားများနှင့်အတူ ထိုင်ခဲ့သော စီမံကိန်းဧရိယာအနီးရှိ တဲအိမ်ကိုလည်း ချက်ချင်းဖျက်၍ ထွက်ခွာပေးရန် နေပြည်တော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် အဖွဲ့က ခေါ်ယူသတိပေးခဲ့သည်ဟု လယ်သမားခေါင်းဆောင် ဦးမောင်ရှိန်က ယခု သတင်းရေးနေစဉ် ဧရာဝတီသို့ ဖုန်းဆက်၍ ပြောသည်။

“မီဒီယာဝင်မှာ စိုးလို့ လုံခြုံရေးအစောင့်တွေ ချထားရဲ့သားနဲ့ ဘယ်လိုဝင်လာလဲမသိဘူးလို့ ပြောတယ်။ ကျနော်တို့တဲကိုလည်း ချက်ခြင်းဖယ်ပေးဖို့ပြောတယ်။ ကျနော်တို့ကလည်း မဖယ်ပေးနိုင်ဘူး။ ကာကွယ်ရေးဦးစီးချုပ်က တရားဝင် စာထုတ်ပေးရင် ဖယ်မယ်လို့ ပြောခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့လယ်သမား ၁၀၀ ကျော်ကို မိုးစွေရွာနားမှာ ပေ၄၀ x ၆၀ မြေကွက်တွေ အစားပြန်ပေးပါ့မယ်လို့လည်း ပြောတယ် ”ဟု ဦးမောင်ရှိန်က ဆိုသည်။

လယ်သမားများနှင့် ဒေသအာဏာပိုင်များ တွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် မိုးစွေရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ပြီး နေပြည်တော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်၊ ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့် ၊ မြေစာရင်းနှင့် သစ်တောဌာနမှ ဦးစီးမှူးများ ၊ ဒေသခံလယ်မား ၂၀ ခန့်တက်ရောက်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။

၂၀၀၃ ခုနှစ်က သရက်တောအုပ်စုကျေးရွာအနီးတွင် မြေသိမ်းယူပြီး ရေစင် ၊ ရေကန်၊ ထမင်းစားဆောင်များ တည်ဆောက်ခဲ့သောကြောင့် မြေ ၃ ဧက ဆုံးရှုံးခဲ့သော်လည်း ၎င်းအပါအဝင် အိမ်ခြေ ၅၀ ခန့်အတွက် ၂၀၀၅ ခုနှစ်တွင် အုတ်စက် အမှတ် ၂ ရွာတွင် မြေနေရာ အစားပြန်ပေးခဲ့သည်ဟု ယင်းဒေသခံ ကိုတင်ထွန်းဝင်းက ဧရာဝတီသို့ ပြောသည်။

လယ်သမားများအနေဖြင့် တပ်စီမံကိန်းဆောင်ရွက်ရာတွင် မည်သည့်စီမံကိန်းဆောင်ရွက်မည်၊ မြေဧက မည်မျှသိမ်းယူမည်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြစေလိုကြောင်း၊ ဒေသခံများအား ခေါ်ယူဆွေးနွေး၍ေ လျာ်ကြေး၊ နစ်နာကြေး တိတိကျကျ သတ်မှတ်ပေးစေလိုကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“ မြေသိမ်းသွားတဲ့အခါ ဘာမှခေါ်ယူညှိနှိုင်းတာမျိုး မလုပ်ဘူး။ ကျနော်တို့မှာတော့ စိုက်စရာမြေလည်း မရှိတော့ဘူး။ အခုမြေတွေ ကလည်း စိုက်လို့ရမယ့် ပုံမပေါ်တော့ လျော်ကြေးပေးမယ်ဆိုရင် တိတိကျကျ မှန်မှန်ကန်ကန် လိုချင်ပါတယ် ” ဟု ဒေသခံ ဦးလှမြင့်က ပြောသည်။

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအရ သိရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။

Loading