ထွန်တုံးတိုက်ပွဲပြုလုပ်ကာ စပါးစိုက်ပြီးနောက် ရင့်မှည့်သည့်စပါးများကို ရိတ်သိမ်းခဲ့သည့် ငပုတောမြို့နယ်မှ လယ်သမား ၃ ဦးကို ရဲက ဖမ်းဆီးသွားပြီး စပါးခိုးမှုဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း လယ်သမားအရေးလှုပ်ရှားသူများက ပြောသည်။
ငပုတောမြို့နယ်၊ ခရင်ဝက်ချောင်းကျေးရွာအုပ်စု၊ ကြက်ချေးချောင်းကျေးရွာမှ လယ်သူမ ဒေါ်ပုံလုံ၊ ဦးအောင်ထွန်းလင်းနှင့် ဦးဖိုးထုံတို့ကို တောင်ကလေးရဲစခန်းမှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ယခုလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ငပုတော မြို့မရဲစခန်း၌ လယ်သမားများကို ချုပ်နှောင်ထားကြောင်း သိရသည်။
“ဒေါ်ပုံလုံတို့ဟာ သူတို့လယ်တွေ မတရားဆုံးရှုံးခဲ့တဲ့အတွက် မိုးတွင်းတုန်းက ထွန်တုံးတိုက်ပွဲ လုပ်ပြီး စပါးတွေစိုက်ခဲ့တယ်။ အဲဒါကို အကြွေးနဲ့သိမ်းထားတဲ့ငွေရှင် မုန်တိုင်းဆိုတဲ့လူက ဆင်းပြီးဖျက်တယ်။ ဖျက်လို့ကျန်တဲ့စပါးတွေကို အခုရိတ်တဲ့အခါမှာ အဲဒါကို ခိုးပါတယ်ဆိုပြီး တိုင်တယ်။ တိုင်တော့ရဲကလာဖမ်းတယ်။ ရိတ်ထားတဲ့စပါးအိတ်တွေကိုလည်း ရဲတွေက အိမ်ပေါ်က အတင်းဆွဲချသွားပြီး တောင်ကလေးရဲစခန်းကို ယူသွားတယ်”လို့ လယ်သမားအရေး ကူညီပေးနေသည့် ဘိုးတော်ဝင်းနိုင်က ဧရာဝတီကို ပြောသည်။
လယ်သမား ၃ ဦး အဖမ်းခံရမှုနှင့်ပတ်သတ်ပြီး ဧရာဝတီက တောင်ကလေးရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးဖြစ်သူက မည်သည့်လယ်သမားကိုမှ ဖမ်းဆီးခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
ထို့ကြောင့် ငပုတောမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး တင်ကြည်ကို ဧရာဝတီက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ တောင်ကလေးရဲစခန်းမှ လယ်သမား ၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ငပုတောစခန်း၌ ရမန်ယူကာ ချုပ်နှောင်ထားကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ (မရွှေ့ပြောင်းနိုင်သော ပစ္စည်းခိုးယူမှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြောသည်။
“သူတို့ကို ဖမ်းထားတာ ဟုတ်ပါတယ်။ ပထမတော့ ပုဒ်မ ၄၄၇ ပါ။ ပိုင်နက်ကျူးလွန်မှုပေါ့။ ဒါပေမယ့် သူတို့ကပိုင်နက်ကျူးလွန်ရုံတင်မဟုတ်ဘဲ အဲဒီထဲကစပါးကိုရိတ်ပြီး အပြင်ကို ထုတ်ရောင်းပစ်လိုက်တယ်။ အဲဒါကြောင့် ၄၄၇ ကနေ ပုဒ်မ ၃၇၉ ကိုပြောင်းပြီးတော့ အချုပ်ထဲထည့်ထားတယ်။ ပုဒ်မ ၃၇၉ ဆိုတော့ အာမခံပေးလို့မရပါဘူး”ဟု သူက ပြောသည်။
တရားလို ဦးမျိုးဝေ၏ တိုင်တန်းချက်အရ ဖမ်းဆီးခြင်းဖြစ်ပြီး အချိန် ၁ ပတ်ခန့်အတွင်း တရားရုံးသို့ တင်ပို့သွားမည်ဟု ငပုတောမြို့မစခန်းမှူးက ပြောသည်။
လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များတွင် လယ်ယာမြေအငြင်းပွားမှု၌ အမှုရှုံးသူဖြစ်သော်လည်း စိုက်ပျိုးပြီးသားဖြစ်နေပါက သီးနှံ ရိတ်သိမ်းချိန်အထိ ဆက်လက်စိုက်ပျိုးခွင့်ပြုရန်၊ သီးနှံ၏အကျိုးအမြတ်ကို ခံစားခွင့်ပြုရန်နှင့် အနိုင်ရသူက နောက်ရာသီတွင် စိုက်ပျိုးလုပ်ကိုင်ရန် အတိအလင်း ညွှန်ကြားထားသောကြောင့် ယခုကဲ့သို့ စပါးရိတ်သည့်လယ်သမားကို ဖမ်းဆီးမှုမှာ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောဆိုသည်။
“လယ်ယာမြေ အငြင်းပွားမှုမှာ အမှုရှုံးတဲ့လူဖြစ်ပေမယ့် သီးနှံစိုက်ပျိုးပြီးသားဖြစ်နေရင် ရိတ်သိမ်းပြီးတဲ့အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့နဲ့ သီးနှံရဲ့အကျိုးအမြတ်ကို ခံစားစေဖို့၊ နိုင်တဲ့လူက နောက်ရာသီမှသာ စိုက်ပျိုးလုပ်ကိုင်ဖို့ဆိုတာတွေကို ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အတိအလင်းညွှန်ကြားထားပါတယ်။ အဲဒါကို ရဲစခန်း တာဝန်ရှိသူတချို့နဲ့ မြေစာရင်းတချို့ကနေ မျက်ကွယ်ပြုထားတဲ့အတွက် ရိုးသားစွာလယ်လုပ်တဲ့လူတွေ အဖမ်းခံနေရတယ်လို့ မြင်တယ်”လို့ သူကပြောသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ယခုနှစ် မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားစာအပိုဒ် ၇ တွင် “အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသည် အငြင်းပွားမှု ဖြစ်ပေါ်နေသော လယ်ယာမြေများနှင့်စပ်လျဉ်း၍ လက်ရှိလုပ်ကိုင်နေသူအား သီးနှံရိတ်သိမ်းပြီးစီးသည်အထိ ဆက်လက်လုပ်ကိုင်စေရေးနှင့် စိုက်ပျိုးထားသော သီးနှံများကိုလည်း ခံစားနိုင်ခွင့်ရှိစေရေးအတွက် သေချာစွာကြပ်မတ်ဆောင်ရွက်ပေးရန်”ဟူ၍ ပါရှိသည်။
ယခုလို လယ်သမားများ အဖမ်းခံရခြင်းကိစ္စမှာ မြို့နယ်နဲ့ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအပေါ်တွင် အဓိကတာဝန်ရှိကြောင်း ငပုတောလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
“အဓိကကတော့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေမှာ တာဝန်ရှိတယ်။ ရဲမှာလည်း တာဝန်ရှိတယ်။ လယ်သိမ်းထားတဲ့လူတွေက တယောက်ထောင်ချပြီး ကျန်တဲ့ဟာတွေပါ ဆက်ချဖို့လုပ်တယ်။ လယ်ယာမြေအငြင်းပွားမှုတွေ မလုပ်ရဲအောင်၊ လက်လုပ်လက်စား လယ်သမားတွေ ခေါင်းမဖော်ရဲအောင် လုပ်နေတယ်။ ကျေးရွာက လုပ်ငန်းရှင်တွေက ဖုန်းတွေဆက်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တချို့နဲ့ပူးပေါင်းလုပ်နေလို့ ဒီလိုအဖမ်းခံရတဲ့ ကိစ္စတွေ ဖြစ်ပေါ်နေတာ”ဟု သူကပြောသည်။
ငပုတောမြို့နယ်တွင် ထွန်တုံးတိုက်ပွဲပြုလုပ်မှုကြောင့် လယ်သမား ၅ ဦး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီး မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း လယ်သမား ၂၀ ကျော် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်မေလနှင့် ဇွန်လများက မြို့နယ် ၁၀ ကျော်တွင် ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လယ်သမားပေါင်း ၅၀၀ ကျော် တရားစွဲခံခဲ့ရကြောင်း လယ်သမားအရေးလှုပ်ရှားသူများထံမှ သိရသည်။