၂၀၁၄ ခုနှစ် တနိုင်ငံလုံး သန်းခေါင် စာရင်း ကောက်ယူ ပြီးစီးတဲ့ အချိန်မှာ အစိုးရ သတ်မှတ်ထားတဲ့ တိုင်းရင်းသား မျိုးနွယ် စုစုပေါင်း ၁၃၅ မျိုးဟာ အတိုးအလျှော့ အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့က ရန်ကုန် ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီး ဖိုရမ် အခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်း ဧရာဝတီကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လူမျိုးကြီးတွေ ဖြစ်တဲ့ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စတာတွေ အပြင် မျိုးနွယ်စု တွေလည်း အသီးသီး ကွဲပြား နေသေးတာဟာ အခုဆို ၁၃၀ ကျော်ကိုပဲ မှတ်တမ်း တင်နိုင်သေးတယ်။ ဒါတွေကို ဆက်ပြီး နိုင်ငံတော်က လုပ်သွားရမှာပါ။ ဘယ်လိုပဲ လုပ်သွားပါစေ၊ သန်းခေါင်စာရင်း ကောက်ရင်းနဲ့လည်း လူမျိုးစုအသစ်တွေ ထွက်လာနိုင်ပါတယ်။ ဒါမှမဟုတ် စိစစ်ပြီးတော့လည်း ထွက်လာနိုင်ပါတယ်” လို့ ဒေါ်စန္ဒာခင်က ဆိုပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်က စတင်ပြီး ဧပြီ ၁၀ ရက် နေ့အထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူ သွားတဲ့အခါမှာ မျိုးနွယ်စုပေါင်း ၁၃၅ မျိုးကို အခြေခံပြီး ကောက်ယူမယ် ဆိုပေမယ့် ဘယ်အမျိုးအနွယ်ကို မဆို ထည့်သွင်း ရေးသား နိုင်တယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ဒုညွှန်ကြားရေးမှူး ဖြစ်သူက ဆိုပါတယ်။
“သန်းခေါင်စာရင်း ကောက်တာတော့ အရင် သတ်မှတ်ထားတဲ့ ၁၃၅ မျိုး ဖရိမ်အတိုင်း သွားတာပါ။ ဒီသဘောကလည်း အင်္ကျီတထည် ချုပ်ဖို့အတွက် အတိုင်း ယူထားတဲ့ သဘောပါ။ အကျဉ်း၊ အကျယ်ကတော့ ပြီးသွားတဲ့အခါမှာ ပြန်လုပ်ရမှာပေါ့။ အခုလည်း သန်းခေါင်စာရင်း ကောက်ပြီးရင် ဒီ ၁၃၅ မျိုးထက်လည်း လျော့သွားနိုင် သလို၊ တိုးလာနိုင်ပါတယ်။ အားလုံးက မှန်မှန်ကန်ကန် ဖြေပေးသွားဖို့တော့ လိုပါတယ်။ အားလုံး စာရင်း အမှန်တွေကို သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြသွားမယ်။ ကျန်တာက သူတို့ ဆက်လက် ဆောင်ရွက် သွားပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို လုပ်ဆောင်နေတဲ့ အစိုးရ အနေနဲ့ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ခံမယ်ဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး မူဘောင်တွေ ချသင့်တယ်လို့ ချင်းအမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ဆိုပါတယ်။
“၁၃၅ မျိုး ဆိုတာကို လက်ခံလို့မရဘူး။ ၁၃၅ မျိုးလို့ သတ်မှတ်ထားတာဟာ နအဖ စစ်အုပ်ချုပ်မှုရဲ့ အမွေဆိုး တခုပဲ။ တိုင်းရင်းသား လူမျိုးတွေထဲမှာ ကွဲပြားစရာ တခုပဲ။ ချင်းက လူမျိုးအနေနဲ့ ဆိုရင် ချင်းအောက်မှာ မျိုးနွယ်စုတွေ အများကြီး ရှိတယ်။ ၁၃၅ မျိုးမှာ မပါတာတွေ ရှိတယ်။ ဒါကြောင့် မှန်ကန်တဲ့ စာရင်းဆိုတာကို လက်မခံနိုင်တာ ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။
တိုင်းရင်းသား ခေါင်းဆောင်အများစု ကတော့ တိုင်းရင်းသား နယ်မြေတွေမှာ အခုလို မျိုးနွယ်စု ကန့်သတ်ချက်နဲ့
ကောက်ခံ တာကိုလက်မခံနိုင်ကြောင်း ဧရာဝတီကို ပြောပါတယ်။
မွန် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းက အခုလို တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူတဲ့ နေရာမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင် ပူးပေါင်းဖို့ အစိုးရက မဖိတ်ခေါ်ခြင်းဟာ တိုင်းရင်းသား အားလုံးကို ရှုပ်ထွေးအောင် လုပ်ဆောင် တာနဲ့ တူညီကြောင်း၊ အမှန်တကယ် မှန်မှန်ကန်ကန်ဖြစ်ဖို့ ဆိုရင် တိုင်းရင်းသား နယ်မြေတိုင်းမှာ ရှိကြတဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ကြောင်း ရှင်းပြပါတယ်။
“အစိုးရကပဲ ကောက်ခံမယ် ဆိုတော့ မှန်မှန်ကန်ကန်တော့ ဖြစ်မလာနိုင်ဘူး။ ဒီမိုကရေစီ လမ်းကြောင်း အတိုင်းသွားရမှာကို အခုအထိ စစ်တပ် လမ်းကြောင်းအတိုင်း သွားနေတယ်။ ကျနော်တို့ နယ်မြေမှာဆို ကျနော်တို့ ကိုယ်စားလှယ်တွေ ပါသင့် တယ်။ ဒါမှ မှန်ကန်တဲ့ အခြေအနေကို ရမှာပေါ့” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်က ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ချင်းအမျိုးသား ညီလာခံ မှာလည်း သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ သဘောထား ထုတ်ပြန်ချက်ထဲမှာ “ချင်း” ဆိုတဲ့ အမည်နာမကို အမျိုးသား အမည်အဖြစ် အသုံးပြုဖို့ လက်ခံပြီး ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ လူမျိုးနေရာမှာ “ချင်း” လို့သာ ထည့်သွင်းဖို့ သဘောတူညီ ထားကြောင်း ချင်းအမျိုးသားတို့ရဲ့ မျိုးနွယ်စုတွေကို သတ်မှတ်တာနဲ့ ပတ်သက်ပြီး ချင်း အမျိုးသားတို့ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
သန်းခေါင်စာရင်း ကောက်ခံမှုကို ဆောင်ရွက်နေတဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးကတော့ အခုလို ၂၀၁၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ခံတာဟာ အစိုးရက ဦးဆောင်ပြီး ကောက်ခံတာ မဟုတ်ကြောင်းကို အခုလိုမျိုး ပြောပါတယ်။
“နိုင်ငံရေး အသွင်အပြင်နဲ့ လုံးဝမဆိုင်ဘူး။ တိုင်းရင်းသား လူမျိုးတွေ အပါအဝင် အားလုံး ဖွံ့ဖြိုးဖို့အတွက် ဆိုရင် တနိုင်ငံလုံး ဘယ်သူမှ အသွေးရောင်၊ အသားရောင် မခွဲခြားဘဲ ကောက်ခံသွားမှာပါ။ အခုလို တိုင်းရင်းသား လူမျိုးတွေရဲ့ ပါဝင်ဖို့ စိတ်အားထက်သန်မှုကိုလည်း ကြိုဆိုပါတယ်” လို့ ဒု ညွှန်ကြားရေးမှူးက ပြောပါတယ်။
လက်ရှိမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံနိုင်ဖို့အတွက် ပညာရေးဝန်ကြီး ဌာနက ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေကြောင်း၊ နေရာအနှံ့မှာ ကောက်ခံမှုတွေကို လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်တွေကိုလည်း အကြောင်းကြား ထားကြောင်းနဲ့ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံပြီးရင် အချက်အလက် အသေးစိတ် ထွက်လာဖို့ ခြောက်လ ကြာမြင့်မှာဖြစ်ကြောင်း ဒေါ်စန္ဒာခင်ဆီက သိရပါတယ်။