အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်း၌ အာရှတောင်ဝင် အထူးကု ဆေးရုံ၌ ခြေမနှစ်ဖက်ကို အသေးစား ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခြေမနှစ်ဖက်ရှိ အရိုးများသည် အနည်းငယ် ယိုင်နေသောကြောင့် လမ်းလျှောက်သည့် အခါတိုင်း နာကျင်မှု ခံစားရသဖြင့် ယခုကဲ့သို့ ခွဲစိတ်မှု ခံယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ခြေမက နည်းနည်းလေး ယိုင်နေတော့ ဖိနပ်စီးတဲ့ အချိန်၊ ခရီးသွား လမ်းလျှောက်တဲ့ နေရာတွေမှာ အခက်အခဲ ရှိတယ်။ အဲ့ဒါကြောင့် အသေးစား ခွဲစိတ်မှုလေး လုပ်ရတယ်။ ထုံဆေးနဲ့ပဲ ခွဲတာပါ။ ခြေမနှစ်ဖက်လုံး ခွဲရတယ်။ အရိုးကို နည်းနည်းလေး ဖဲ့ထုတ်ရတယ်။ တင်းနေတဲ့ အသားတွေ ဖြတ်ပြီး ပြန်ချုပ်ရတယ်။ Modified McBride ဆိုတဲ့ အသေးစား ခွဲစိတ်မှု လုပ်တယ်လို့ ခေါ်ပါတယ်။ အခုတော့ အောင်မြင်ပါတယ်” ဟု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ယနေ့ နံနက် ၆ နာရီတွင် ဆေးရုံတက်ရောက်ပြီး နံနက် ရး၃၀ တွင် ထုံဆေးပေး ခွဲစိတ်မှု စတင် ခံယူကာ နံနက် ၉ နာရီ၌ ခွဲစိတ်ခံယူမှု ပြီးဆုံးကြောင်း သိရသည်။ ခွဲစိတ်မှု ပြုရာ၌ အရိုးခွဲစိတ် ဆရာဝန်ကြီး ပါမောက္ခ ဦးဇော်ဝေစိုးနှင့် မေ့ဆေး ဆရာဝန်ကြီး ပါမောက္ခ ဦးတင်မြင့်တို့မှ ခွဲစိတ် ကုသပေးကြောင်း သိရသည်။
“အသက်အန္တရာယ် မစိုးရိမ် ရပါဘူး။ ၂ ပတ်၊ ၃ ပတ် လောက်ဆို ပြန်ကောင်းသွားပြီး ခရီးတွေ ဘာတွေ သွားလို့ရပါတယ်။ ဒီအသေးစား ခွဲစိတ်မှုလေး ပြီးသွားတော့ အနားယူပြီး ပုံမှန်အတိုင်း လမ်းပြန်လျှောက် နိုင်ပါတယ်” ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အားလုံး ကောင်းမွန်ကြောင်း အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ သွေး စသည် တို့ကို စစ်ဆေးမှု ပြုကာ ခွဲစိတ်ခြင်း ဖြစ်ကြောင်း၊ အရိုးခွဲစိတ် ဆရာဝန်ကြီးနှင့် မေ့ဆေး ဆရာဝန်ကြီးတို့မှ ဆေးရုံ ဆင်းခွင့်ပေးပါက ပြန်လည် ဆင်းခွင့်ရမည်ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်စဉ် မူးဝေပြီး ကျန်းမာရေး ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့် ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီး Didier Burkhalter နှင့် ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ ရပ်ဆိုင်းခဲ့ရသည်။