ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ Ubon Ratchathani University က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ရန် ရွေးချယ်ထားပြီး ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံက ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။
ထိုင်း – မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ဒေါက်တာ စင်သီယာမောင်အား ဂုဏ်ပြု ချီးမြှင့်ပွဲကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသ အူဘွန် ရတ်ချ်ဌာနီ တက္ကသိုလ်၌ ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်သည်။
ဒေါက်တာ စင်သီယာမောင်သည် စစ်ပြေး ဒုက္ခသည်များ အပါအဝင်၊ ဆင်းရဲ နွမ်းပါးသည့် လူနာများကို ကိုယ်ကျိုးစွန့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေသည့်အတွက် ဂုဏ်ပြုဆု ချီမြှင့်ရန် ရွေးချယ်ရခြင်း ဖြစ်ကြောင်း အူဘွန်ရတ်ချ်ဌာနီ တက္ကသိုလ်ကျောင်း ဝက်ဘ်ဆိုက်တွင် ယခုလ ၁၃ ရက်နေ့က ဖော်ပြထားသည်။
“စစ်ပြေး ဒုက္ခသည်နဲ့ ဆင်းရဲနွမ်းပါးတဲ့ လူနာတွေကို ကိုယ်ကျိုး စွန့်ပြီး ဆေးကုသ ပေးနေတဲ့ ဒေါက်တာ စင်သီယာမောင်ကို စံပြ ပုဂ္ဂိုလ် အဖြစ်နဲ့ ရွေးချယ်တာ ဖြစ်တယ်” ဟု အဆိုပါ ဝက်ဘ်ဆိုက်က ရေးသား ဖော်ပြ ထားသည်။
လူထု ကျန်းမာရေးနှင့် ဆေးဘက် ဆိုင်ရာ လုပ်ငန်းများကို ထိုင်းအစိုးရ အနေဖြင့် ယခုကဲ့သို့ အသိအမှတ် ပြုသည့် အတွက် ကျန်းမာရေးနှင့် ပတ်သက်သည့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို လုပ်ကိုင် လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။
“အာဆီယံ ၂၀၁၅ အတွက် ပြင်ဆင်နေတဲ့ အချိန်မှာ အရေးကြီးတဲ့ ကဏ္ဍ တခုဖြစ်တဲ့ နယ်စပ် ဒေသတွေကို အခြေပြုတဲ့ ပညာရေး ပူးပေါင်း ဆောင်ရွက်မှုနဲ့ ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးတော့ ရှိလာဖို့၊ အထူးသဖြင့် ဝေးလံ ခေါင်းပါးတဲ့ ဒေသမှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးကို ဒီအစိုးရတွေရော လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ တက္ကသိုလ် နည်းပညာပိုင်း ဆိုင်ရာ ပံ့ပိုးသူတွေက ဒါကို အာရုံစိုက်လာဖို့ ဆက်ပြီး ကြိုးစားသွားမယ်” ဟု ၎င်းက ဆိုသည်။
ထိုင်း အစိုးရ ကျန်းမားရေး တာဝန်ရှိသူများသည် မယ်တော်ဆေးခန်းသို့ နိုဝင်ဘာလက လာရောက် လေ့လာပြီး သတင်း အချက်အလက်များ စုဆောင်း သွားသည့်အပြင်၊ ယခုနှစ် ဇူလိုင်လမှ စတင်၍ ထိုင်း အစိုးရ ကျန်းမာရေး တာဝန်ရှိသူများနှင့် ကျန်းမာရေး ဆိုင်ရာ လူထု အခြေပြု အဖွဲ့အစည်းများက စီစဉ် ကျင်းပသည့် ညီလာခံများကို မယ်တော်ဆေးခန်း အနေဖြင့် တက်ရောက်ရန် ဖိတ်ကြားမှုများ ရှိလာကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။
ဒေါက်တာ စင်သီယာမောင်သည် မယ်တော် ဆေးခန်းကို ၁၉၈၉ ခုနှစ်အတွင်းက စတင် တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်နှင့် ထိုင်း နိုင်ငံရှိ မြန်မာ နိုင်ငံသားးများအား အခမဲ့ ဆေးကုသပေး နေခြင်း ဖြစ်သည်။
မယ်တော် ဆေးခန်းသို့ ကရင် ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ်၊ မော်လမြိုင်၊ သထုံ၊ ပေါင်၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထား ဝယ်၊ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တောင်ငူ၊ ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ မြန်မာပြည် အထက်ပိုင်းရှိ ရွှေဘို စသည့် ဒေသများမှ လာရောက် ကုသခံကြကြောင်း သိရသည်။
ဒေါက်တာစင်သီယာမောင်သည် ယခုပေးအပ်ချီးမြှင့်မည့် ဒေါက်တာဘွဲ့ အပါအဝင် တခြားသော နိုင်ငံတကာ ဂုဏ်ပြု ဆုပေါင်း ၂၀ ကျော်ကို လက်ခံ ရရှိထားကြောင်း သိရသည်။