မြန်မာနိုင်ငံ၏ လွတ်လပ်ရေး သက်တမ်းသည် ၆၆ နှစ် ရှိပြီ။ သို့သော် မြန်မာနိုင်ငံ၏ ပြည်နယ်တခု ဖြစ်သော ရှမ်းပြည်နယ်ကား မူလအုပ်စိုးသူ ပဒေသရာဇ် စော်ဘွားများ၏ လက်မှ မလွတ်မြောက်သေးသဖြင့် တော်လှန်ရေး ထပ်မံဆင်နွှဲခဲ့ရသည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် စတင် တော်လှန်ရခြင်း ဖြစ်၏။ ယခု ၂၀၁၃ ခုနှစ်မှာ ၆၄ နှစ်မြောက် ဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည်ပဒေသရာဇ် ဆန့်ကျင်တော်လှန်ရေးနေ့ ပွဲတော်ကို ကျင်းပခြင်း ဖြစ်လေသည်။
ဤပွဲတော်ကို ဦးဆောင်ကျင်းပသော အဖွဲ့ကား “ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ဖြစ်၏။ ၎င်းအဖွဲ့သည် လက်နက်စွန့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့ဖြစ်သည်။ ပွဲတော်ကျင်းပသော နေရာမှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ရွာ၌ ဖြစ်၏။ နောင်ထော်ရွာကား ဆီဆိုင်မှ လွိုင်ကော်သွား လမ်းမကြီးဘေး၌ တည်ရှိသည်။ ဆီဆိုင်မှ တောင်ဘက်သို့ ၁၂ မိုင်ခန့်ဝေးသည်။
နောင်ဗိုရွာနှင့် နောင်ထော်ရွာကြားတွင် အမြင့် ၁၀ ပေခန့်၊ ပတ်လည် ၃ ပေခန့်ရှိ လေးမြှောင့် ကျောက်တိုင်ကြီး အခိုင်အမာ စိုက်ထူထားသည်။ ထိုကျောက်တိုင်ကား ရလလဖ၏ ကိုယ်ပိုင်နယ်မြေကို ကန့်သတ်သော အမှတ်အသားတည်း။
နောင်ထော်ရွာ လမ်းမကြီးဘေးတွင် ရလလဖ အဖွဲ့ချုပ် တည်ရှိသည်။ အဖွဲ့ချုပ်နှင့် ကပ်လျက်မှာကား ရှမ်းပြည်နယ်၊ ပဒေသရာဇ်စနစ် ဆန့်ကျင် တော်လှန်ရေး စစ်ပွဲအတွင်း ကျဆုံးခဲ့သော စစ်သည်များကို ဂုဏ်ပြုသည့် ဇာနည်ဗိမာန် ရှိလေသည်။ သံဆူးကြိုး ခတ်လျက်၊ အပြာရောင်ကောင်းကင် နောက်ခံထဲတွင် အနီရောင်အာဇာနည် ဗိမာန်သည် ဇာတိသွေး ဇာတိမာန်ကို ပြသလျက်ရှိ၏။
ပွဲတော်ရက်၊ နံနက် ရး၃၀၊ နှင်းတွေ ပြိုက်ပြိုက်ကျနေချိန်တွင၊ အာဇာနည်ဗိမာန်၌ ဂုဏ်ပြု အလေးပြုပွဲ ပြုလုပ်သည်။ ရလလဖ ခေါင်းဆောင် ဦးခွန်စိန်ရွှေ (ပအို့ဝ်အမျိုးသား) ဦးဆောင်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ တစုတဖွဲ့ချင်း လွမ်းသူ့ပန်းခွေ ချကြသည်။ ခြံစည်းရိုး အပြင်ဘက်၌ အသင့်နေရာယူထားသော “ကယန်း အမျိုးသား တီးဝိုင်းအဖွဲ့” က ဗုံတီး၊ ပလွေ မှုတ်လျက် ဖျော်ဖြေကြရာ လွမ်းဆွတ်ကြေကွဲဖွယ်အတိ ဖြစ်နေလေတော့သည်။
နံနက် ၁၀ နာရီတွင် အခမ်းအနား စတင်၏။ ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်က ချမှတ်ထားသော ဒို့တာဝန် အရေးသုံးပါးကို ထောက်ခံကြောင်း၊ ထို အရေးသုံးပါးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အဓိကဖြစ်ကြောင်း ပြောဆိုသွားသည်။ တန်းတူညီမျှရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပြည့်နယ် ၇ ခုနှင့် တိုင်း ၇ တိုင်း မဟုတ်ဘဲ လူမျိုးဆိုင်ရာ ပြည်နယ်များ ၇ ခုနှင့် ဗမာကလည်း ပြည်နယ် ၁ ခု အဖြစ်သာ ပါဝင်သင့်ကြောင်း အထူးပြု ပြောကြားသွားသည်။
အခမ်းအနားသို့ လူမျိုးစုမျာနှင့် အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော် တက်ရောက်သည်ကို တွေ့ရသည်။ ၎င်းတို့ အနက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပြည်သူလူထု အကျိုးဆောင်ကွန်ရက်များ၊ အလုပ်သမားနှင့် လယ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊ ရှေ့နေများကွန်ရက်၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်၊ အမျိုးသား ဒီမိုကရေစီကွန်ရက်၊ လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့၊ ၇၄/၇၅/၇၆/၈၈ ကျောင်းသား ကိုယ်စားလှယ်များ၊ ၉၀ ခုနှစ် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ စသည်တို့ ပါဝင်သည်။ အဖွဲ့အသီးသီးမှ သဝဏ်လွှာများ ဖတ်ကြားကြသည်။
လူထု အစည်းအဝေးပွဲကြီး၏ ထုတ်ပြန် ကြေညာချက်ကို အားလုံးသဘောတူ ထောက်ခံခဲ့ကြရာ အလုပ်သမား ပြဿနာများ၊ မြေယာ ပြဿနာများ၊ စီမံကိန်း ပြဿနာများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများကို ထောက်ခံခြင်း၊ ပုဒ်မ ၁၈နှင့် မတရားအသင်း ပုဒ်မ ၁၇ ကို ပယ်ဖျက်ပြီး ၅၀၅ (ခ) အမည်တပ် ထောင်ချနေခြင်းကို ကန့်ကွက်ခြင်း၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တောင်းဆိုခြင်း စသည်တို့ ပါဝင်သည်။
ထို့အပြင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ တည်ရှိရေးနှင့် လက်နက်ကိုင်တပ်များ တည်ရှိရေးကိုလည်း ဆွေးနွေးရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ညပိုင်းတွင် အနီးဝန်းကျင်ရွာများမှ ရိုးရာယဉ်ကျေးမှု အဖွဲ့များမှ ရိုးရာအကများဖြင့် ဖျော်ဖြေသည်။ ရိုးရာ တေးဂီတများကိုလည်း စင်တင် ဖျော်ဖြေရုံမက၊ CD ခွေများပါ ဖြန့်ဖြူးသည်။ ဤပွဲတော်သို့ ပွဲတော်ကျင်းပရေး ကော်မတီ၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှ မီဒီယာများ၊ အသင်းအဖွဲ့များမှ လူဦးရေ ၁၀၀ ခန့်၊ မန္တလေးနှင့် အညာဒေသမှ အသင်းအဖွဲ့များမှ လူ ၅၀ ခန့်နှင့် ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။ မှန်လုံလေအိတ်ကားကြီး ၃ စီးဖြင့် ရောက်ရှိလာသော ဧည့်သည်များကို မိမိတို့ အစုအလိုက် ရွာထဲရှိ အိမ်များတွင် နေရာချပေးခဲ့သည်။
နောင်ထောဝ်ရွာကြီးကား ခြံဝင်း ပေ ၈၀ x ပေ ၁၀၀ ရှိ ခြံကျယ်ကြီးများ များပြားပြီး တိုက်အိမ် အများအပြား ရှိသည်။ အိမ်ခြေမှာ ၂၀၀ ခန့်ဟု သိရသည်။ တောင်နှင့် မြောက် တန်းနေသော တောင်တန်း၊ တောင်ရိုးကြီး နှစ်ဖက်ကြား လွင်ပြင်ဖြစ်ပြီ၊ တောင်ရိုးမှ ဆင်းလာသည့် စမ်းချောင်းများက ရွာကို ဖြတ်ပြီး စီးနေသည်။ နွေ၊ မိုး၊ ဆောင်း ရေကြည်ပြီး မခမ်းခြောက်ဟု ဆိုသည်။ ဤစမ်းရေများကြောင့် သောက်သုံးရေ ရသည့်အပြင် တရွာလုံးကို မီးပေးနိုင်သည့် ရေအားလျှပ်စစ်ကိုလည်း ရွာဘုန်းတော်ကြီး ဦးဆောင်၍ တည်ဆောက်ထားကြောင်း သိရသည်။
ရလလဖ ဥက္ကဋ္ဌ၏ အိမ်သည် အဖွဲ့ချုပ်နှင့် မလှမ်းမကမ်း၌ ရှိပြီး သာမန်အိမ် တလုံးမျှသာ ဖြစ်လေသည်။ ရွာသား အားလုံး အနက်ရောင် ဝတ်ပြီး တဘက် ခေါင်းပေါင်းသော ပအို့ဝ်အမျိုးသားများ ဖြစ်၏။ အနီး ဝန်းကျင်ရွာများသို့ ထော်လာဂျီများနှင့် သွားလာကြသည်။ ထူးဆန်းသည်မှာ အိမ်အများစုတွင် “မြင်း”နှင့် “လား”များ မွေးထားခြင်း ဖြစ်၏။ တောင်ရိုးသို့ သွားပြီး ပစ္စည်းတင်လျှင် ဤမြင်းများ၊ လားများကို သုံးသည်ဟုဆိုသည်။ တောင်ရိုးနှင့် ရွာအကြား လယ်ကွင်းများက စားသုံးရုံမျှသာ ရရှိပြီး ပြောင်းကို စီးပွားဖြစ် စိုက်ကြသည်။ နောက်ပိုင်း ပန်းနှမ်းကို စိုက်လာကြသည်။ လမ်းတလျှောက် စပါးရိတ်သိမ်း၊ လှေ့ပြာနေကြသော ပအို့ဝ်လယ်သမားများကို မြင်ရဆဲဖြစ်၏။
မိမိရွာလေးကို ချစ်ခင်တွယ်တာရင်း၊ မည်သည့် အရပ်သို့မှ မရွှေ့မပြောင်း ရိုးသားစွာ အသက်မွေးကာ ဘဝခရီးနှင် နေကြသော ပအို့ဝ်တိုင်းရင်းသားများ၏ မျက်နှာတွင် ခင်မင်ဖွယ် အပြုံးများကိုလည်း ကြည်နူးဖွယ် မြင်နေရဆဲ၊ မှတ်မိနေဆဲ ဖြစ်ပေသည်။ ။