မြန်မာ့လူ့ အဖွဲ့အစည်းတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းသည် မလုပ်သင့်မလုပ်အပ်သည့် အရာတခုအဖြစ် အများက လက်ခံ ယုံကြည်ထားသော်လည်း နယ်စပ်၏ တဖက်ထိုင်းနိုင်ငံရှိ ယောက်ျားလေး လိင်လုပ်သားများ ထဲတွင် မြန်မာနိုင်ငံမှ ပြောင်း ရွှေ့ခိုလှုံနေထိုင်သူများက အချိုးအစား ကြီးမားစွာ ပါဝင်နေသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာပြောင်းရွှေ့နေထိုင်သူများသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို ရှိုးဘား (show bar) များ သို့မဟုတ် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများတွင် လိင်ကိစ္စအတွက် ရောင်းချခဲ့ကြသည်။ ဘားများသည် တရားဝင် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း ရွှေ့ပြောင်း ခိုလှုံနေထိုင်သူများ ဘားတွင် မလုပ်လုပ်ခွင့်မရှိပါ။ ရလဒ် အနေဖြင့် ယောက်ျားလေး လိင်လုပ်သားအများစုသည် ၎င်းတို့၏ ဝင်ငွေရာရှိရာ အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြ သည့်အတွက် လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်သည့် ရောဂါများခံစားရသည့် အခါတွင် ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိကြပေ။
“ကျနော်တို့ ဘားမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား လူငယ် အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်” ဟု ချင်းမိုင်မြို့တွင် လိင်တူချင်းချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသော ဘားတခုမှ အမည်မဖော်လိုသူ အလုပ်သမား တဦးက ပြောသည်။
ယောက်ျားလေး လိင်လုပ်သားများသည် လိင်တူဆက်ဆံသူများဟု အများက ယူဆထားကြသော်လည်း အချို့ ပြောင်းရွှေ့ ခိုလှုံလာသူများသည် မိသားစုကိုထောက်ပံ့နိုင်ရန်အတွက်သာ ယောက်ျားများနှင့် လိင်ဆက်ဆံကြခြင်းဖြစ်ကြောင်းလည်း သူကဆိုသည်။
ချင်းမိုင်မြို့ရှိ ယောက်ျားလေး လိင်လုပ်သားထဲတွင် မြန်မာနိုင်ငံ ရှမ်း၊ ကယားနှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားများက အများဆုံးဖြစ်သည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း၌ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား လူနည်းစုပြည်နယ်များ ထိခိုက်ပျက်စီး ခဲ့ရပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
ယောက်ျားလေး လိင်လုပ်သား ၅၀ တွင် တဝက်ခန့်မှာ ရှမ်းပြည်နယ်မှ ရောက်လာသော ပြောင်းရွှေ့ ခိုလှုံသူများ ဖြစ်နေသည်ဟု လိင်လုပ်ငန်းစီးပွားရေးနှင့် ကလေးသူငယ်လူကုန်ကူးမှု ပပျောက်ရေး ဆောင်ရွက်နေသော Urban Light နှင့် Love 146 အမည်ရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှစ်ခုက ယခုနှစ် အစောပိုင်းတွင် ချင်းမိုင်မြို့ရှိ အနှိပ်ခန်းများနှင့် ဘားများတွင် တွေ့ဆုံမေးမြန်းလေ့လာမှုများပြုလုပ်ပြီး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။
“Show Bar မှာအလုပ်လုပ်တဲ့ လူငယ်တယောက်ဟာ တလကို ဘတ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြား (အမေရိကန်ဒေါ်လာ ၆၂၅ မှ ၁၂၅၀ကြား) ရနိုင်ပါတယ်” ဟု လိင်တူချစ်ခင်သူများအတွက် ဖွင့်လှစ်ထားသည့် အခြား ဘားတခုမှ အမည်မဖော် လိုသူ စားပွဲထိုး တဦးက ဧရာဝတီသို့ပြောသည်။ စားပွဲထိုးများက ယောက်ျားလေး လိင်လုပ်သားများလောက် ဝင်ငွေမရ ရှိ ကြောင်းနှင့် တခါတခါရံ ၎င်းတို့နှင့် ဖောက်သည်များတွေ့ဆုံနိုင်ရန် ကိုယ်စားလှယ်အဖြစ် ကြားဝင်ချိတ်ဆက်ပေးရခြင်းမျိုး လည်း ရှိကြောင်းပြောသည်။
ယောက်ျားလေး လိင်လုပ်သားများသည် ၎င်းတို့ အတွက်ဖောက်သည်ကို Santitham၊ Chiang Mai Land နှင့် Night Bazaar စသည့် ချင်းမိုင်မြို့၏ လူသိများသည့် နေရာများတွင် ရှာဖွေတတ်ကြသည်။ သူတို့၏ အလုပ်က ရေရှည်မဟုတ်ပါ။ “အများစုက သူတို့ရဲ့ နုပျိုမှုကို ထိန်းသိမ်း မထားနိုင်ဘူးလေ၊ အများဆုံး ၃ နှစ်လောက်ကြာတဲ့ အခါ သူတို့ထွက်သွားကြ တာပဲ” ဟု လုပ်သက် ၁၀ နှစ်ကျော်ပြီဖြစ်သော အဆိုပါ စားပွဲထိုးကပြောသည်။
ငယ်ရွယ်သော ယောက်ျားလေး လိင်လုပ်သား အများအပြားသည် မူးယစ်ဆေးသုံးစွဲသွားကြသည် သို့ မဟုတ် HIV ရောဂါပိုး ကူးစက်ခံကြရသည် ဟုလည်းပြောသည်။ သိုသော်လည်း Show Bar များရှိ အလုပ်သမားများက ယောက်ျား လေး လိင်လုပ်သားများ အနေဖြင့် NGO များထံမှ အကူအညီတောင်းခံ၍ မရနိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူတို့ အလုပ်သည် ဥပဒေကို ဆန့်ကျင်ချိုးဖောက်နေသည့် အတွက် ထုတ်ဖော်မပြောဆိုလို၍ ဖြစ်ကြောင်း ပြောကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းခိုလှုံသူများသည် ဥပဒေအရ အိမ်အကူများ အဖြစ် သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဈေးဆိုင်များတွင်သာ အလုပ်လုပ်ခွင့်ရှိသည်။
“တချို့ကောင်လေးတွေက ယောက်ျား ဧည့်သည်တွေနဲ့ အတူတူ ညဖက်မှာ အပြင်ကို မထွက်ချင်ဘူး။ အပြင်ဖက်မှာ သူ တို့ရဲ့ သူငယ်ချင်းတွေ တွေ့သွားမှာစိုးတယ်လေ။ ကျနော်တို့ ဘားမှာ အဲဒီပြဿနာရှိတယ်။ ဧည့်သည်က ကျနော်တို့ကို ခေါ် ပြီးပြောရင် ကျနော်တို့ကလည်း ပိုက်ဆံပြန်လျော်ပေးရတယ်” ဟုလည်း ဘား အလုပ်သမားတဦးက ပြောပြသည်။ ဧည့်သည်များက တညလုံးစာအတွက် ထိုင်းဘတ်ငွေ ၃၀၀၀ (အမေရိကန်ဒေါ်လာ ၉၀ခန့်) ပေးသည် ဟုလည်း သူကပြောသည်။
လိင်လုပ်သား အဖြစ်လုပ်ကိုင်သည့် ရွှေ့ပြောင်းနေထိုင်သူတဦးကို ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခြင်း ပြုနိုင်ပြီး ထိုင်းနိုင်ငံမှ ပြန်လည် နှင်ထုတ်ခြင်းနှင့်လည်း ကြုံတွေ့နိုင်သည် ဟုသိရသည်။ “လုံခြုံရေးအတွက်ကတော့ ဘားပိုင်ရှင်တွေက တာဝန်ယူရတယ်” ဟု အာဏာပိုင်များသို့ လာဘ်ငွေပေးရသည်ကို ရည် ညွှန်း၍ မြန်မာစားပွဲထိုး တဦးက ဧရာဝတီကိုပြောပြသည်။ “အလုပ် လုပ်နေတုန်း အဖမ်းခံရတဲ့ လူငယ်တယောက်ကို ပြန် လွှတ်ပေးဖို့ ဆိုရင် ဘတ် ၄၀၀၀ လောက် ပေးရတယ်” ဟုလည်း သူကပြောသည်။
လွန်ခဲ့သော ၂ နှစ်က ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS က ၂၀၁၆ ခုနှစ် တွင် HIV အသစ်ကူးစက်ခြင်းနှင့်သေဆုံးခြင်းများကို “သုည အထိလျှော့ချရန်” ဦးတည်ချက် ချမှတ်ခဲ့သည်။
“UNAIDS ရဲ့ သုည အထိလျှော့ချရေး ဦးတည်ချက်အတိုင်းဖြစ်နိုင်ဖို့ အခုထိတော့ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေ့ပြောင်း ခိုလှုံလာသူတွေ ART ဆေးဝါးရရှိနိုင်ရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံရဲ့ကျန်းမာရေးမူဝါဒကို တချို့ ဆေးရုံတွေမှာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်မပေးနိုင်သေးလို့ပါ” ဟု ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ဝန်ထမ်းတဦး ဖြစ်သော Hark Murng ကပြောသည်။ ART ကုထုံး သို့မဟုတ် antiretroviral therapy ဆိုသည်မှာ HIV ပိုး၏ သက်ရောက်မှုကိုထိန်းချုပ်ရန်နှင့် ရောဂါတိုးပွားမှုကို ရပ်တန့်စေရန်အတွက် antiretroviral (ARV) ဆေးများပေး၍ ကုသခြင်းဖြစ်သည်။
“အရင်က ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေကို ARV ဆေးပေးတဲ့ မူဝါဒ မရှိဘူး။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ လည်း ဘတ် ၂၈၀၀ ပေးပြီး ကျန်းမာရေး အာမခံလျှောက်ထားနိုင်တဲ့ လက်ရှိ မူဝါဒကြောင့် ARV ဆေးတွေ ရရှိနေပါပြီ” ဟု သူက ဆက်ပြောသည်။
ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)မှ ယောက်ျားလေး လိင်အလုပ်သမားများလည်း အခြား ထိုင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်ဆောင်ရွက်နေသည်။ ၁၀၀ ကျော်ခန့်ရှိမည့် ယောက်ျား၊ မိန်းမ နှင့် ကလေးငယ်များ သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ကျန်းမာရေးနှင့် အခြားထောက်ပံ့မှုများ ရရှိခဲ့ပြီး ဖြစ် သည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျကို ခန့်မှန်းရန် ခက်ခဲကြောင်း Hark Murng ကပြောသည်။
“သူတို့က သူတို့ရဲ့ ပြဿနာကို ပွင့်ပွင့်လင်းလင်းပြောဖို့ တွန့်ဆုတ်နေကြတယ်” ဟု သူကဆိုသည်။
ရွှေ့ပြောင်း လုပ်သားများ ကူညီရေး အစီအစဉ် (MAP)က ရှမ်း၊ ကချင်၊ ဗမာ၊ ကရင်၊ အခါ နှင့် လားဟူ တိုင်းရင်းသားများ နှင့်လည်း အလုပ်လုပ်နေသည်ဟု Hark Murng ကဆိုသည်။
ယခင်အပတ်က ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ကြိမ်မြောက် နိုင်ငံတကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း ၈၀မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါးတက်ရောက်ပြီး HIV ကာကွယ်တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။
အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုးကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
(NYEIN NYEIN ၏ In Thailand, a Tough Life for Burma’s Male Sex Workers ကို နိုင်မင်းသွင် ဘာသာပြန်သည်)