မြန်မာ ဘောလုံးအသင်းက အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းနှင့် ပတ်သက်ပြီး မြန်မာ ဘောလုံးအဖွဲ့ အတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များကြောင့် ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
ယမန်နေ့က ဘောလုံးပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ဘောလုံးအသင်း နည်းပြ ပတ်ဆောင်ဟွာ က ပြိုင်ပွဲ စည်းမျဉ်းကို မသိရှိကြောင်း ပြောဆိုလိုက်သည့် အပေါ် အခြေခံ၍ ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပတ်ဆောင်ဟွာ က ၎င်းအနေဖြင့် ယခု ဆီးဂိမ်း ဘောလုံးပွဲတွင် ရမှတ်တူပါက ထိပ်တိုက် ရင်ဆိုင်မှုရလဒ်(Head to Head)ကို ဦးစားပေး စဉ်းစားသော စည်းမျဉ်း နှင့် ပတ်သက်ပြီး လုံး၀ မသိရှိကြောင်း၊ ယင်း စည်းမျဉ်းကို တစုံတဦးကမျှ ၎င်းအား ပြောဆိုခြင်း မရှိကြောင်း၊ အင်ဒိုနီးရှား အသင်း ကို ၃ ဂိုး ဖြင့် ရှုံးလျှင်ပင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ပြီဟု သိရှိ ထားကြောင်း၊ ထို့ကြောင့် နေပြည်တော် ခရီးစဉ် အထိ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
Head to Head စည်းမျဉ်းအရ မြန်မာ ဘောလုံးအသင်းသည် အင်ဒိုနီးရှားအသင်းကို ၁ ဂိုး တည်းဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အုပ်စု အတွင်း ရမှတ် ၇ မှတ် ရရှိထားသည်။ အင်ဒိုနီးရှားအသင်းကမူ မြန်မာအသင်းကို နိုင်ခဲ့ပြီးမှ ရမှတ် ၇ မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမှတ်ချင်းတူနေသော်လည်း ဂိုးကွာခြားချက်၌ မြန်မာ အသင်းက ၄ ဂိုး သာသည်။
Head to Head စည်းမျဉ်းနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင်လည်း ယခုကဲ့သို့ ဖြစ်ရပ်မျိုးဖြင့် မြန်မာ အမျိုးသမီး အသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရဖူးသည်။
ပတ်ဆောင်ဟွာက ၎င်းအနေဖြင့် ထိုစည်းမျဉ်းမျိုးအသုံးပြုသော ဘောလုံးပြိုင်ပွဲများကို ကိုင်တွယ်ခဲ့ခြင်း မရှိဘူးသောကြောင့် ရမှတ် တူပါက ဂိုးကွာခြားချက်ကို ဦးစားပေး စဉ်းစားသည့် စည်းမျဉ်းမျိုးဟုသာ ထင်မြင်ခဲ့ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆို သွားသည်။
ထိုသို့ မိမိအသင်း ဝင်ပြိုင်သည့် ပြိုင်ပွဲ စည်းမျဉ်းကို မသိရှိသည့် အကြောင်းပြချက်သည် နည်းပြတဦး၏ ရှိသင့်သော အရည်အချင်း မျိုး မရှိသည်ကို ပေါ်လွင်နေကြောင်း၊ သို့ရာတွင် နည်းပြအဖွဲ့ဝင် တဦးတယောက်မှ ထိုစဉ်းမျဉ်းမျိုးအကြောင်း ပြောဆိုထားမှု လုံး၀ မရှိဟု ပြောဆိုသည်ကို ကြည့်မည်ဆိုလျှင် ဘောလုံးအဖွဲ့ချုပ် စီမံခန့်ခွဲရေး အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များ ရှိနေ သည်မှာလည်း ပေါ်လွင်နေကြောင်း အားကစား ဆောင်းပါးရှင် ဦးချစ်ဝင်းမောင် က ဧရာဝတီကို သုံးသပ်ပြသည်။
“အဓိက တာဝန်ရှိတာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပဲ၊ သန်း ၆၀ သော ပြည်သူတွေကို ကိုယ်စားပြုနေတဲ့ အမျိုးသားအသင်းရဲ့ နည်းပြချုပ်တယောက် ဒီလိုစည်းမျဉ်းကို မသိဘူးဆိုတာ နည်းပြချုပ်ရော၊ ဘောလုံးအဖွဲ့ချုပ်မှာပါ အပြည့်အ၀ တာဝန်ရှိတယ်။ စီမံခန့်ခွဲတဲ့အဖွဲ့တွေ ပူးပေါင်းညှိနိုင်းတာ အားနည်းလို့၊ လုံး၀ မရှိလို့ဆိုတာ ပေါ်လွင်တယ်”ဟု ဦးချစ်ဝင်းမောင်က ဆိုသည်။
သို့ရာတွင် ဘောလုံးအဖွဲ့ချုပ်၏ မီဒီယာ တာဝန်ခံ ဦးစိုးမိုးကမူ နည်းပြ ပတ်ဆောင်ဟွာကို ထိုစည်းမျဉ်းမျိုးအကြောင်း ပြောဆိုခဲ့ သည် ဟု မီဒီယာများကို ပြောခဲ့ကြောင်း၊ ယခုကဲ့သို့ တဘက်နှင့် တဘက် အပြန်အလှန် အပြစ်တင်နေမှုများကြောင့် အဖြစ်မှန် ကို ကာယကံရှင်များ ကိုယ်တိုင်သာလျှင် သိမည်ဖြစ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)က ပြောသည်။
ထို့အပြင် ဘောလုံးပွဲများ၏ လုပ်ရိုး လုပ်စဉ်ဖြစ်သော ပြိုင်ပွဲကျင်းပမည့်နေ့ မနက်ပိုင်းတွင် နည်းပြအဖွဲ့ အစည်းအဝေးမျိုး အမြဲလုပ်ကြ ရကြောင်း၊ ထိုအစည်းအဝေးတွင် မည်သို့ ယှဉ်ပြိုင် ကစားကြမည်၊ မည်သည့် ကစားသမားများကို ရွေးမည်၊ ကစားသမားများ၏ အကျႌ၊ ဘောင်းဘီနှင့် ခြေအိတ်အရောင်များက အစ ဆွေးနွေးစီစဉ်ကြလေ့ ရှိကြောင်း၊ သို့သော် ကစားပွဲနည်းစနစ်နှင့် ပတ်သက်ပြီး နည်းပြ သိ မသိ၊ သူ့ကို ပြော မပြော ဆိုသည်ကိုတော့ မသိရှိကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
အင်ဒိုနီးရှားနှင့် မြန်မာ ဘောလုံးပွဲကို မန္တလေးမြို့မှ လာရောက် အားပေးသော ကိုဇော်မြင့် က“ကျနော်တို့ ဒီဆီးဂိမ်းကို လာကြည့်ဖို့ ငွေတွေ ကုန်တာထက် မျှော်လင့်ချက်ဆုံးရှုံးတာ ယူကြုံးမရဘူး။ အဓိက တာဝန်ရှိတာ ဘောလုံးအဖွဲ့ချုပ်ပဲ၊ ဖြစ်နိုင်ရင် အကုန်လုံး နုတ် ထွက် ပစ်သင့်တယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘောဒီးယား အသင်းနှင့် အရှေ့တီမော အသင်းတို့ကို မြန်မာဘောလုံး အသင်းက နိုင်ခဲ့ပြီး ထိုင်း အသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်အထိ ထိုစည်းမျဉ်းနှင့် ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ကို ပြောဆိုဝေဖန်သံများ ထွက်မလာ ခဲ့သေးဘဲ ယခု အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်သောပွဲစဉ်ကျမှ ပြောဆိုဝေဖန်သံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် အင်ဒိုနီးရှား ဘောလုံးအသင်းနှင့် မြန်မာအသင်း ပြိုင်ပွဲတွင် ၁ ဂိုး၊ ဂိုးမရှိဖြင့် မြန်မာ အသင်းက ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲတွင် လာရောက် ကြည့်ရှုကြသော ပရိသတ်များ၏ ရုန်းရင်းဆန်ခတ် ဆူပူမှုများလည်း ဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြစ်ပွားခြင်းသည် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်မှုရှိကြောင်း၊ ယင်းဖြစ်ရပ်အတွက် မြန်မာ ပရိသတ်များအပေါ်ကိုသာ အပြစ်တင်လို ကြောင်း ဦးခင်မောင်ထွေး(ပျဉ်းမနား) က ပြောဆိုသည်။
ပွဲ စီစဉ်သူများအနေဖြင့် နိုင်ငံတကာအဆင့် စီစဉ်သည့်အခါ မိမိတို့ ကွင်းအနေအထား၊ ပရိသတ် အနေအထားများကို ကြိုတင် သုံးသပ်၍ စီမံခန့်ခွဲထားသင့်ကြောင်း၊ ဘောလုံးကွင်းတွင် လုံခြုံရေး ရဲ တပ်ဖွဲ့ဝင်များရှိနေသည့်ကြားက ကစားချိန်အတွင်း ကွင်း အတွင်းသို့ ပရိသတ် ဝင်ရောက်ခဲ့မှုကိုကြည့်လျှင် စီမံခန့်ခွဲမှု အားနည်းချက်ပေါ်လွင်နေကြောင်း ဦးချစ်ဝင်းမောင်ကလည်း ပြော သည်။
“ပရိသတ်တွေ သောင်းကျန်းတာ၊ ခုံတွေ လွှင့်ပစ်တာတွေက ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြောရမယ်ဆိုရင် ပွဲစီမံသူတွေရဲ့ အားနည်းချက်ကြောင့် ဒီလိုအထိ ဖြစ်လာရတယ်ဆိုတာ သိသာတယ်။ ဒီလိုပွဲမျိုးမှာ ဒီလိုဖြစ်တတ်တယ် ဆိုတာကို သူတို့ ကြိုတင် စီစဉ်ထားရမှာ။ နိုင်တာ၊ မနိုင်တာထက် ဘယ်လိုဖြစ်တတ်တယ်၊ ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ လုပ်ကို လုပ်ထားသင့်တယ်”ဟုလည်း ၎င်းက ဆိုသည်။
မြန်မာနှင့် အင်ဒိုနီးရှားအသင်းတို့ ပြိုင်ခဲ့ကြသော ဘောလုံးပွဲတွင် ပရိသတ် ၃ သောင်း ကြည့်ရှုခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူများက ကြေ ညာခဲ့သည်။ ထို့အပြင် အင်ဒိုနီးရှားအသင်းကို ရှုံးသောကြောင့် မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာကို ညတွင်းချင်း ထုတ်ပယ် လိုက်ကြောင်း ဘောလုံးအဖွဲ့ချုပ် ၏ မီဒီယာ တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောကြားသည်။
လူမှုကွန်ရက် စာမျက်နှာများတွင်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ကိုယ်တိုင် ထိုစည်းမျဉ်းအကြောင်းကို အသိပေးထားပြီး ဖြစ်ကြောင်း၊ နည်းပြ ပတ်ဆောင်ဟွာက တကိုယ်ကောင်းဆန်စွာဖြင့် အပြစ်လွတ်ရန် ပြောကြားခြင်းဖြစ်ကြောင်း ပြေဆိုမှုများ ပျံ့နှံ့ နေသည်။
သတင်း ရေးသားပြီးချိန် အထိ နည်းပြ ပတ်ဆောင်ဟွာ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ တရား ဝင် အင်တာနက် Wabsite နှင့် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။