ထွန်းအိန္ဒြာဗိုဟု ဆိုလိုက်လျှင် ဇာတ်ကောင်စရိုက်တိုင်း၌ တမူထူးခြားစွာ ပီပီပြင်ပြင် သရုပ်ဆောင်သူ၊ အကယ်ဒမီ မင်းသမီး၊ တကိုယ်တော် ရှိုးများတွင် အသံနှင့် တင်ဆက်မှုအားကောင်းသော အမျိုးသမီး အဆိုကျော် တဦးအဖြစ် အားလုံးသိပြီး ဖြစ်သည်။
သူ့ကို လွန်ခဲ့သည့် အနှစ် ၂၀ နီးပါးက မင်းသားကြီး ကျော်ဟိန်းနှင့် ရိုက်ကူးထားသည့် “အဆိပ်ပြင်းသည်” ဗီဒီယို ဇာတ်လမ်း၌ ထူးခြားသော သရုပ်မှုများဖြင့် ပရိသတ်များက စတင် သတိပြုခဲ့မိကြသည်။ မင်းသား လွင်မိုး ထုတ်လုပ်ပြီး ပါဝင် သရုပ်ဆောင် ထားသည့် စာရေးဆရာမ ဂျူး၏ “ပင်လယ်နှင့်တူသော မိန်းမများ” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားသော “တခါက ဧရာဝတီ ညများ” ဆိုသည့် ရုပ်ရှင်ကားကြီး တွင်တော့ ဝါဒတခုအတွက် အချစ်နှင့် အသက်ကို စွန့်လွှတ်ရန် ဝန်မလေးသူ၊ ခေါင်းမာသော အမျိုးသမီး တဦးအဖြစ် ဇာတ်ကောင်စရိုက် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။
သီချင်းနှင့် ပတ်သက်၍လည်း သူ၏ “1999” ဆိုသော စီးရီးက အမျိုးသမီး အဆိုတော်လောကအတွက် တကိုယ်တော် “ပေါက်” ခွေအဖြစ် ထင်ရှားခဲ့သည်။ “ကိုယ်တို့ဝေးနေ … မိုင်ပေါင်းကဋေ” ဆိုသည့် သူ၏ ဆွေးဆွေးမြေ့မြေ့ သီဆိုသံကိုလည်း သူ့ပရိသတ်များက ဘယ်အချိန်ကြားလိုက် ကြားလိုက် နားစွင့်မိနေဦးမည် ဖြစ်၏။
ယခုလက်ရှိ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဝင် တဦးအဖြစ် ပါဝင်လှုပ်ရှားနေပြီး နိုင်ငံရေးကို စိတ်ဝင်စားသူ လူသိထင်ရှား အမျိုးသမီးတဦးလည်း ဖြစ်နေရာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် သူ၏ ဇာတိ မိုးကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ် အဖြစ် ပါဝင် အရွေးချယ်ခံရန် ကမ်းလှမ်းခြင်း ခံရသူလည်း ဖြစ်ကြောင်း သိရသည်။
သူက ပါတီနိုင်ငံရေးကို စိတ်ဝင်စားသော်လည်း၊ လတ်တလော အခြေအနေအရ ပါတီတခုကို ပြင်ပမှ ကူညီအားဖြည့်ရန်သာ အားသန်သည်ဟု ဆိုလာသည်။
“ကျမတို့ မိုးကုတ်မြို့နယ်က ကမ်းလှမ်းတာ ရှိပါတယ်။ ကျမ စဉ်းစားတာက ပါတီထဲမှာ ဝင်ပြီးလုပ်တာထက် အပြင်မှာ နိုင်သလောက်ကူတာက ပိုပြီး ကူညီနိုင်မယ် ထင်တယ်။ ကျမပါတီထဲ ရောက်သွားရင် ပါတီအတွက် လိုအပ်တဲ့ အရည် အချင်းတွေ ပြန်ဖြည့်ဆည်းရမယ့် အချိန်တွေရှိမယ်။ အချိန်တွေအများကြီး ပေးရမှာရှိမယ်။ကျမ မိသားစုကိုလည်း ပစ်မထားနိုင်သေးဘူး။ ဒါကြောင့် အပြင်ကနေ ကူနိုင်သလောက် ကူနေတာက ကျမအတွက် ပိုပြီးလွတ်လပ်တယ်” ဟု ထွန်းအိန္ဒြာဗိုက ပြောသည်။
သူက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ မိသားစု အရေးကို လျစ်လျှူရှုကာ အနစ်နာခံ၍ ပါတီနိုင်ငံရေး လုပ်ရန် မစဉ်းစားနိုင်သေးသူ ဖြစ်သည်။ လောလောဆယ် အနေအထားအရ သူ့ကိုယ်သူ ပါတီ နိုင်ငံရေး လုပ်ရန် အရည်အချင်း ပြည့်ဝသူ တဦးဟုလည်း ယုံကြည်မှု မရှိသေးကြောင်း သိရသည်။
“ကျမက သွားလည်း သွားသေးတယ်၊ မပြတ်လည်း မပြတ်ဘူးဆိုတဲ့ ကိစ္စတွေ လုပ်မိမယ့် အတူတူ ကျမ တကယ် တစိုက်မတ်မတ် လုပ်နိုင်တာကိုတော့ အရင်လုပ်နေတယ်။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်လာမလဲ မသိဘူး။ ဒါကတော့ လောလောဆယ် အနေအထားပေါ့။ အခြေအနေဆိုတာ အများကြီး ပြောင်းလဲနေတာတွေ ရှိပါတယ်” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူက အကြွင်းမဲ့ ယုံကြည်လေးစားသူ ဖြစ်သည်။ သူက ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု” ဟု ခေါ်ဝေါ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူ ပါတီနိုင်ငံရေးလုပ်ပါက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအတွက်သာ လုပ်မည်ဟု ပြောသည်။
“အမေစုက တိုင်းပြည်အတွက် တကယ်လုပ်နေတာ ဖြစ်တဲ့အတွက် ကျမတို့ အမေ့ကို ကူခြင်းအားဖြင့် တိုင်းပြည်ကို အလုပ်အကျွေး ပြုခြင်းနဲ့ အတူတူပဲလို့ ယုံကြည်ပါတယ်” ဟု ထွန်းအိန္ဒြာဗိုက ဆိုသည်။
ယခင်ပွင့်လင်းလွတ်လပ်ခွင့် မရသေးသည့် စစ်အုပ်ချုပ်ရေးခေတ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက် သေးချိန် ကာလတွင် နအဖ အစိုးရ၏ ဖိအားကြောင့် ဖြစ်စေ၊ တစုံတရာသော အကျိုးရလဒ်ကြောင့် ဖြစ်စေ အစိုးရ ပေါ်လစီဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ကြရသူများ၊ ပေါ်လစီသီချင်းများ သီဆိုသူများ ရှိကြသော်လည်း ထိုသူ များထဲမှပင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန်၌ ၎င်း၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသည့် အနုပညာရှင်များစွာ ရှိသည်။ ထိုသို့သော အနုပညာရှင်များကို “သာကူးများ” ဟုဆိုကာ ဝေဖန်သူများလည်း ရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် အနုပညာရှင်များနှင့် တွေ့ဆုံရန် ၎င်း၏ နေအိမ်သို့ ဖိတ်ခေါ်ချိန်တွင် သွားရောက်တွေ့ဆုံသူများထဲ၌ ထွန်းအိန္ဒြာဗိုလည်း တဦးအပါအဝင် ဖြစ်သည်။
ထိုသို့ ပရိသတ် ဝေဖန်မှုများနှင့် ပတ်သက်၍ ဧရာဝတီကမေးမြန်းရာ ထွန်းအိန္ဒြာဗိုက“လူကတော့ အမျိုးမျိုး မြင်နိုင်တာပေါ့၊ နောက်တခုက အမေစုကို တွေ့ခွင့်ရပြီဆိုတဲ့ အချိန်မှာတောင် မလိုက်ရဲတဲ့ သူတွေ ရှိသေးတုန်းပဲ။ ဒီနေ့အထိလည်း အမေစုနဲ့ မတွေ့ဖူးတဲ့ သူတွေ ရှိသေးတုန်းပဲ။ ဒါက အရင်ခေတ်ရဲ့ လွှမ်းမိုးခဲ့တဲ့ အကြောက်တရားတွေ၊ ကိုယ်ကိုယ်တိုင်ရဲ့ အားနည်းချက်ကြောင့် သွားမတွေ့ရဲတဲ့ ကိစ္စတွေ အမျိုးမျိုးရှိတာပေါ့။ နောက်တခုက အမေစုသာ အခုပြန်အဖမ်းခံရရင် တချို့က ထွက်ပြေးချင်လည်း ပြေးမှာပဲလေ။ ဒါက သဘာဝတရားအနေနဲ့ ကျမတို့ လက်ခံရမှာပဲ။ ကျမပြောတာက နိုင်ငံရေးကို တကယ် စိတ်ဝင်တစားနဲ့ လုပ်တာပဲဖြစ်ဖြစ်၊ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မဆို လုပ်လာတဲ့ သူတွေကို ကျမကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ရင်းလုပ်ရင်းနဲ့မှ စိတ်ပါသွားတာလည်း ဖြစ်နိုင်တယ်။ အရင်တုန်းကတော့ ကိုယ်ပေါ်ပြူလာဖြစ်ချင်လို့ လုပ်ပေမယ့် နားလည်းမလည်ဘူး၊ ဘာမှလည်း မသိဘူး။ တကယ်လုပ်နေရင်းနဲ့မှ တကယ် နားလည်လာတော့ သူ့စိတ်ဓာတ်တွေ အများကြီး ပြောင်းလဲ သွားနိုင်တယ်။ လုံးဝမလုပ်တာထက် စာရင် သာတယ်လို့ပဲ ကျမပြောချင်တယ်” ဟု ပြန်ဖြေသည်။
အသက် ၄၉ နှစ်ရှိပြီဖြစ်သည့် ထွန်းအိန္ဒြာဗိုသည် မင်းသားဈေးကွက်သာ ရှိသော မြန်မာပြည်ရုပ်ရှင်လော၌ သူ့အတွက် ဇာတ်ရုပ် ရွေးချယ်ရန် ခက်ခဲလာပြီ ဖြစ်သောကြောင့် ရုပ်ရှင်ရိုက်ကူးရေး အပိုင်းကို ခေတ္တ ရပ်နားထားကာ ဘာသာစကား သင်တန်းတက်ခြင်း၊ တခြား ပညာရပ် အမျိုးမျိုးကို လေ့လာခြင်း၊ စာဖတ်ခြင်း၊ မိသားစု ကိစ္စများ ဆောင်ရွက်ခြင်း စသည် ဖြင့်သာ သူ့အချိန်များကို ကုန်ဆုံး စေသည်။ ပညာရပ်များကို လေ့လာသင်ယူခြင်းက မိသားစုအတွက်ကော၊ တိုင်းပြည်အတွက်ပါ အကျိုးရှိသည်ဟု သူက ယူဆသည်။
ယခုလက်ရှိ မြန်မာနိုင်ငံရေးအပေါ် သူ့အမြင်ကတော့ ယခင်ထက် အနည်းငယ် လွတ်လပ်ပွင့်လင်းလာသည်မှ လွဲ၍ ကြီးကြီးမားမား ပြောင်းလဲလာသည်ကို မတွေ့သေးဟု ဆိုသည်။
“ကျမတို့က ခေတ်တခေတ် ပြောင်းပြီးတော့ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးက ရှိနေတာပေါ့နော်။ဒါပေမယ့် အဲဒီမှာလည်း ကွဲလွဲနေတာတော့ အများကြီးပဲ။ အဆင်မပြေသေးတာ တွေလည်း အများကြီးရှိတာပေါ့။ နည်းနည်း ပါးပါးလေး ပြောခွင့်ဆိုခွင့် ရလာတာရယ်၊ လွတ်လပ်တာလေးက လွဲရင် တခြားကြီးကြီးမားမား ပြောင်းလဲတာတော့
ဘာမှ မတွေ့ရသေးပါဘူး” ဟု သူက ပြောသည်။
သူ့အနေဖြင့် ကဏ္ဍပေါင်းစုံကို ခြုံငုံ မသုံးသပ်နိုင်သေးသော်လည်း လက်ရှိ အစိုးရသစ်အနေဖြင့် နိုင်ငံသူ နိုင်ငံသား အားလုံး၏ စားဝတ်နေရေးကို မည်သို့ ဖြေရှင်းပေးမလဲ ဆိုသည်ကို စိတ်ဝင်စားနေသူ ဖြစ်သည်။
သူက ကျင်းပခဲ့သည့် လွှတ်တော်များ ကိုလည်း အကျိုးသက်ရောက်မှု နည်းကြောင်း၊ အချိန်မကြာကြာအောင် ဆွဲနေသကဲ့သို့ ဖြစ်ကြောင်း ဝေဖန်သည်။
“ဥပမာ – မြို့နယ်တခုက မီးမရတဲ့ ကိစ္စကို တယောက်က ထဆွေးနွေးတယ်။ အဲဒါပြီးတော့ နောက်တယောက်က တခြား မြို့နယ်တခုက မီးမရတာကို ပြောတယ်။ မီးမရတဲ့ ခေါင်းစဉ်တခုထဲမှာပဲ အဲဒါကို ဆွေးနွေးလိုက်ရင် အချိန်လည်း သက်သာမယ်။ ပိုလည်း အကျိုးရှိနိုင်မယ်။အချိန် မကြာကြာအောင် ဆွဲနေသလိုပဲ။ တကယ် လွှတ်တော်တက်နေရတဲ့ ကိုယ်စားလှယ်တွေတော့ ဘယ်လိုနေသလဲ မသိဘူး။ အိမ်မှာဇိမ်နဲ့ ကြည့်ရတဲ့ ကျမတို့တောင် တော်တော်ပျင်းတယ်” ဟု ထွန်းအိန္ဒြာဗိုက ဆိုသည်။
လွှတ်တော်ထဲတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့် အချက်ကိုလည်း သူက လက်မခံနိုင်ဟု ဆက်ပြောသည်။
ရုပ်ရှင်၊ ဗီဒီယို ကားများထဲ၌ သရုပ်ဆောင်ရာတွင် အများသောအားဖြင့် ထက်မြက်သော မိန်းမ တဦးအဖြစ် တွေ့ရတတ်သော ထွန်းအိန္ဒြာဗိုကို ယခုအချိန်၌ သူနေထိုင်ရာ FMI အိမ်ရာဝင်းအတွင်းရှိ နေအိမ်တွင် တည်ငြိမ် ရင့်ကျက်ပြီး ပညာရည် ပြည့်ဝသော လူလတ်ပိုင်း အမျိုးသမီးတဦးအဖြစ် တွေ့ရသည်။ သူက အိမ်ထောင်တခုတွင် အမျိုးသမီးနှင့် အမျိုးသား တန်းတူ တာဝန်ယူမှုရှိခြင်းကို လက်တွေ့ကျင့်သုံးသူဟု သိရသည်။
“ကျမကတော့ လူဆိုရင် လူသားတယောက် အနေနဲ့ပဲ လက်ခံချင်တယ်။ အဲဒီလူရဲ့ အရည်အချင်းပေါ်မှာပဲ ဆုံးဖြတ် ချင်ပါတယ်။ ယောကျာ်မို့လို့ ဘာဖြစ်ရမယ်၊ မိန်းမမို့လို့ ဘာဖြစ်ရမယ် ဆိုတာမျိုးတော့ ကျမသိပ်မကြိုက်ဘူး။ ကျမတို့ အိမ်ထောင်ရေးမှာလည်း ယောကျာ်နဲ့ မိန်းမဆိုပြီး လက်မခံဘူး။ ဒီအိမ်ထောင်တခုမှာ အရေးကြီးတဲ့ ကိစ္စကို ဘယ်သူဘယ်လို တာဝန်ယူပြီး ခွဲခြမ်းလုပ်ကိုင်နေလဲ ဆိုတဲ့အပေါ်မှာပဲ အိမ်ထောင်ရေးကို ပြေလည်အောင် တည်ဆောက်တယ်။ ကျမတို့ အိမ်ထောင်မှာ ယောကျာ် မိန်းမ မရှိသလိုဘဲ၊ တိုင်းပြည်မှာလည်း မရှိစေချင်ဘူး။ အရည်အချင်းနဲ့ပဲ သွားစေချင်တယ်” ဟု သူက ပြောသည်။
ဇာတ်ကောင်စရိုက် ပီပီပြင်ပြင်၊ ဇာတ်ရုပ်ခိုင်ခိုင်မာမာ ရှိသော ဇာတ်လမ်းများတွင် မင်းသမီးတလက် အဖြစ် သရုပ်ဆောင် ခဲ့သော သူ့အတွက် ယခုအချိန်တွင် မင်းသားငယ်များဖြင့် အပျိုကြီး၊ အစ်မကြီး၊ အမေ၊ အဒေါ် စသော နေရာများတွင်သာ သရုပ်ဆောင်နေရခြင်းနှင့် ဇာတ်ရုပ်များထပ်လာခြင်း အပေါ် သူက စိတ်ပျက်လာသောကြောင့် သရုပ်ဆောင်သည့် အလုပ်များကို လျှော့ချလိုက်ခြင်း ဖြစ်သည်။
ယခင် စစ်အစိုးရ လက်ထက် ရုပ်ရှင် ဆင်ဆာခေတ်က ဆင်းရဲစုတ်ပြတ်နေသည့် အခန်းများ ပါဝင်သော ရုပ်ရှင်ကားများ မရိုက်ရန် တားမြစ်မှု အပေါ်လည်း ထွန်းအိန္ဒြာဗိုက ဝေဖန်သည်။ သူက မင်းသားကျော်ဟိန်း၊ ကျော်ရဲအောင်၊ မင်းသမီး စိုးမြတ်သူဇာတို့နှင့် တွဲဖက်၍ စာရေးဆရာမ ခင်ခင်ထူး၏ ဝတ္ထုကို ရိုက်ကူးထားသော “ကြိုးတန်း” အမည်ရှိ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့သူ ဖြစ်သည်။
ဧရာဝတီမြစ်ထဲမှ နှစ်စဉ် ပေါ်ထွန်းတတ်သည့် ရေပေါ်ကျွန်းကလေး တကျွန်းပေါ်တွင် ဆင်းရဲစုတ်ပြတ်နေသည့် လင်မယား နှစ်စုံတွဲ၏ ခေတ္တ ပိုင်ဆိုင်ခွင့်ရရာ နေရာကို ကြိုးတန်းကာ သတ်မှတ်၍ ထိုနေရာ ကလေးအတွက် တဦးနှင့်တဦး ရန်ဖြစ်၊ စကားများ၊ မခေါ်မပြောနိုင် ဖြစ်ကြပုံကို သရုပ်ဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ ကြိုးတန်းဇာတ်ကားတွင် ထွန်းအိန္ဒြာဗိုက ဆင်းရဲပြီး စရိုက်ကြမ်းသူ မိန်းမ တဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကား ဖြန့်ချိပြီးနောက်တွင် စစ်အစိုးရ လက်အောက်ရှိ ရုပ်ရှင်ဆင်ဆာက ဆင်းရဲလွန်းသည်ကို ဖော်ပြသော ဇာတ်ကားများ မရိုက်ရန် တားမြစ်ခဲ့သည်။
“ကျမတို့ခေတ်တုန်းက ဆင်းရဲခန်းတွေ မရိုက်ရဘူးလို့ ပြောခဲ့တယ်။ တကယ်တမ်းကျတော့ တကယ်ရှိတာကို ခွင့်မပြုခြင်းအားဖြင့် အရှိကိုအရှိအတိုင်း ရင်မဆိုင်ရဲဘူးလို့ ပေါ်နေတာပေါ့။ အဲဒါကြီးက ရှက်စရာလည်း ကောင်းတယ်၊ သဘာဝလည်း မကျဘူးလေ။ ပြီးတော့ နည်းလမ်းဖြေရှင်းစရာလည်း မရှိဘူး။ အပေါ်ကနေ မိတ်ကပ်လိမ်းပြီး အုပ်ထားရုံနဲ့ ပုပ်ပွနေတာတွေက ရှင်းသွားမှာ မဟုတ်ဘူး” ထွန်းအိန္ဒြာဗိုက ပြောသည်။
တိုင်းပြည် ဆင်းရဲနေသည့် အရှိအရှိအတိုင်း မြင်ကွင်းများကြောင့် ပြည်သူလူထု စိတ်မချမ်းမသာ ဖြစ်ရသည်ထက်၊ အစိုးရအနေဖြင့် အရှုံးခံလုပ်ဆောင် ပေးနေရကြောင်း မကြာခဏ ပြောနေခြင်းက ပိုမို စိတ်ဆင်းရဲရသည်ဟု သူက ဆက်ပြောသည်။
“ကျမတို့တိုင်းပြည်မှာ ဘယ်ကဏ္ဍတွေကို အစိုးရက အရှုံးခံပြီး လုပ်နေရပါတယ်လို့သာ ပြောတာ၊ အဲဒီလို အရှုံးခံပြီး လုပ်နေတာကို ကျမတို့က မယုံကြည်တာမဟုတ်ဘူး၊ ယုံကြည်ပါတယ်။ သိပ်မြတ်တဲ့ ဟာတွေကျတော့ ဘာသံမှ မကြားရဘူး။ တိုင်းသူပြည်သားတွေ စိတ်ဆင်းရဲမှာစိုးလို့ ကြိုမပြောဘူးဆိုရင် စိတ်ချမ်းသာစရာ ကောင်းတဲ့၊ သိပ်မြတ်တဲ့ ကဏ္ဍတွေ ချပြလေ။ ဘယ်လောက် ပျော်စရာကောင်းမလဲ။ ကျမဖြစ်စေချင်တာက ကျမတို့ တိုင်းပြည်မှာ ကဏ္ဍတွေ အများကြီးရှိတယ်။ သစ်တော ကဏ္ဍ၊ သယံဇာတတွေ၊ အများကြီးမြတ်တဲ့ ကဏ္ဍတွေက တကယ်ရှုံးတဲ့ နေရာကို နည်းနည်း မျှဝေပေးရမယ်လေ။
ဆိုလိုချင်တာက ဋ္ဌာနဆိုင်ရာတွေက အရှုံးခံချင်ခံရမယ်၊ အစိုးရက အရှုံးမခံရဘူး။ အစိုးရ မရှုံးခြင်းအားဖြင့် ပြည်သူ မရှုံးတာနဲ့ အတူတူပဲ။ အစိုးရနဲ့ ပြည်သူက တသားတည်း ကျနေတယ်။ သူက ရှုံးတာချည်းပဲ ကြားနေရတော့ စိတ်ဆင်းရဲရတာ၊ အဲဒါကမှ
စိတ်ဆင်းရဲရတာ။ မြတ်တာတွေပြောပြပါ၊ အရမ်းစိတ်ချမ်းသာချင်လို့ ကြားချင်ပါတယ်လို့ ပြောရမလို ဖြစ်နေတယ်။ ကျမ ပြောတာက ဘာဖြစ်လို့ တကယ်ရှိတာကို ရင်မဆိုင်ရဲရတာလဲ” ဟု သူက ဆိုသည်။
လက်ရှိသူက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးတွင် ဒါရိုက်တာ အိအိခိုင်နှင့်အတူ ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင် တာဝန်ယူပေးနေသည်။ ထိုဇာတ်ကား၏ ဇာတ်ညွှန်းမှာ လုံးဝ ပြီးစီးပြီ ဖြစ်သောကြောင့် ၂၀၁၄ တွင် စတင် ရိုက်ကူးမည်ဖြစ်ပြီး ယခုအချိန်၌ အစစ ပြင်ဆင်ခြင်း၊ လိုအပ်သည့် ပစ္စည်းများ စုဆောင်းခြင်းတို့ ပြီးသလောက် ဖြစ်နေပြီဟု ပြောပြသည်။ နိုင်ငံခြားမှ ဒါရိုက်တာကို ငှားရမ်းရိုက်ကူးမည် ဖြစ်သောကြောင့် မြန်မာပြည်နှင့် သက်ဆိုင်သော၊ မြန်မာမှုနှင့် သက်ဆိုင်သော အချက်အလက်များ မှားယွင်းပျက်စီးပါက ပါဝင်စွက်ဖက်ခွင့်ရရေးကို ပြောဆို ထားသည်ဟု သူက ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်မည့်သူကို စစ်သင်တန်း တက်ခိုင်းထားကြောင်း၊ ဒေါ်ခင်ကြည်နေရာမှ သရုပ်ဆောင်မည့် သူကို သူနာပြုသင်တန်း တက်ခိုင်းမည် ဖြစ်ကြောင်းလည်း ထွန်းအိန္ဒြာဗိုထံမှ သိရသည်။
နိုင်ငံရေးတွင် စိတ်ပါဝင်စားလာပြီဖြစ်သော ထွန်းအိန္ဒြာဗို အနေဖြင့် ၂၀၀၈ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီးချိန် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အတင်းအကျပ် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ပြင်ရမည်” ဆိုသည်ဘက်တွင် ရှိကြောင်း ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ကိုပြင်ရမယ့် အချက်တွေ အများကြီးရှိတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက နာဂစ်ဖြစ်တဲ့အချိန် ပြည်သူတွေ ဒုက္ခရောက်နေတုန်း ဇွတ်အတင်းကို အတည်ပြုထားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စေတနာဆိုတာ မှားတယ်လို့
ကျမခံစားရတယ်” ဟု ထွန်းအိန္ဒြဗိုက ဆိုသည်။
သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သူ တဦးဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်လျှင် အလုံးစုံ ပြီးပြည့်စုံသွားမည်ဟု မပြောနိုင်သော်လည်း ယခုထက် ပိုကောင်းလာမည်ဟု ယုံကြည် သူလည်း ဖြစ်သည်။
“အမေစုဟာ ပညာတွေလည်း အများကြီးတတ်တဲ့အပြင် နိုင်ငံတကာအတွေ့အကြုံ နိုင်ငံတကာ ပညာအသိအမြင်၊အကြားအမြင် ဗဟုသုတရော၊ တကယ်ရဲစွမ်းသတ္တိရော၊ တကယ် စွန့်လွှတ် အနစ်နာခံမှုတွေရော အရည်အချင်းတွေက ပြောလို့ မကုန်အောင် ပြောစရာစကား၊ တင်စားစရာ စကားလုံး မရှိလောက်အောင်ကို အများကြီး ပြည့်စုံတဲ့အတွက် အမေစုလို လူမျိုး သမ္မတမဖြစ်ရင် ဘယ်လိုလူမျိုးကို တင်ချင်ကြသေးတာလဲ လို့ပဲ ကျမမေးရမယ်။ အမေစုလောက် သမ္မတ ဖြစ်သင့်တာ မရှိဘူးလို့ ကျမခံစားရတယ်” ဟု သူက ပြောသည်။ ။