မြန်မာ့ တပ်မတော်မှ စစ်အရာရှိကြီး တဦးနှင့် ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့အရေးယူမှု စာရင်းသို့ ထည့်သွင်းလိုက်သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ကြေညာချက်သည် မြန်မာ-အမေရိကန် ဆက်ဆံရေးကို မထိခိုက်စေနိုင်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး (ကကထုတ်) မှ ဒုဗိုလ်မှူးကြီး ကျော်ညွန့်ဦး အပါအဝင် စိုးမင်းထိုက် ကုမ္ပဏီ၊
Asia Metal ကုမ္ပဏီ လီမိတက်နှင့် Excellence Mineral Manufacturing ကုမ္ပဏီ လီမိတက်တို့ကို မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်သည့်အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမှု စာရင်းထဲသို့ သွင်းလိုက်ကြောင်း ယမန်နေ့က ကြေညာသည်။
အမေရိကန် ဘဏ္ဍရေးဝန်ကြီးဌာန၏ အဆိုပါ ကြေညာချက်တွင် မြန်မာအစိုးရကို တိုက်ရိုက်အရေးယူခြင်း မဟုတ်ဘဲ မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် လုပ်ငန်းများကိုသာ ပစ်မှတ်ထား အရေးယူခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
လူပုဂ္ဂိုလ်နှင့် စီးပွားရေး ကုမ္ပဏီများကို ရွေးချယ် အရေးယူမှု ပြုလုပ်ခြင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေနိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ် လက်ထက်တွင် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုနှင့် နျူကလီးယား စီမံကိန်းများ လုပ်ဆောင်ခြင်းမရှိဟု နိုင်ငံတကာသို့ ကတိပြုပြောကြားပြီး ဖြစ်သကဲ့သို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၌လည်း လက်မှတ်ထိုးပြီးဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဌေး ဧရာဝတီသို့ ပြောသည်။
မြန်မာကုမ္ပဏီ တခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီကိုလည်း သွင်းကုန်ထုတ်ကုန် လုပ်ကိုင်ခွင့်စာရင်းမှ ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ စစ်အစိုးရလက်ထက်က ဝယ်ယူမှု စာချုပ်များအရ ရရန်ရှိသည်များကို မြောက်ကိုရီးယားမှ ပို့ဆောင်ခြင်း၌ ပါဝင်ပတ်သက်သူများကို အရေးယူခြင်းဖြစ်သည်ဟု ဦးဇော်ဌေးက ဧရာဝတီသို့ ရှင်းလင်းပြောကြားသည်။
အရေးယူခံရသည့် စိုးမင်းထိုက် ကုမ္ပဏီနှင့် Excellence Mineral Manufacturing ကုမ္ပဏီ လီမိတက်တို့သည် မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အစီအစဉ်အတွက် လိုအပ်သည့် ပစ္စည်းများကို ၂၀၁၃ ခုနှစ် ဇွန်လအထိ တင်သွင်းခဲ့ကြောင်း၊ Asia Metal ကုမ္ပဏီ လီမိတက်သည်လည်း မြောက်ကိုရီးယား လူမျိုး ၃၀ ဦး လုပ်ကိုင်နေသည့် တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး (ကကထုတ်) ဝန်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ပြီးခဲသည့်နှစ် သြဂုတ်ကလည်း ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် မြောက်ကိုရီးယား သင်္ဘောတစီးအား စီးနင်း ရှာဖွေရာ ရန်ကုန်အခြေစိုက် စိုးမင်းထိုက် ကုမ္ပဏီသို့ ပို့ဆောင်မည့် ယူရေနီယမ်သန့်စင်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရာတွင် အသုံးပြု နိုင်သည့် အဆင်မြင့် သတ္တုပိုက်လုံး ၅၀၊ အရည်အသွေးမြင့်မားသည့် အလူမီနီယမ် သတ္တုတုံးများကို ဖမ်းဆီးရမိခဲ့သေးသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ငွေကြေး ထောက်လှမ်းမှုဆိုင်ရာ လက်ထောက်ဝန်ကြီး ဒေးဗစ် အက်စ် ကိုဟင် (David S. Cohen) က စစ်လက်နက်ပစ္စည်း ရောင်းရသည့် ဝင်ငွေဖြင့် မြောက်ကိုရီးယား၏ တရားမဝင်လုပ်ငန်းကို ဆက်လက် အားပေးရာရောက်သည့်အတွက် တားမြစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ပြောဆိုထားသည်။
“မြောက်ကိုရီးယားရဲ့ လက်နက်နဲ့ ခြိမ်းခြောက်နေမှုကို ရပ်တန့်ဖို့ နိုင်ငံတကာနဲ့ တွဲဖက်လုပ်ဆောင်သွားမှာပါ။ အဲဒီအတွက် မြန်မာတင် မကဘူး၊ မြောက်ကိုရီးယားနဲ့ ဒေသတွင်းပတ်သက်တဲ့ နိုင်ငံတွေကိုလည်း ဆက်လက်အရေးယူသွားမှာပါ” ဟု ဆိုသည်။
မြန်မာ စစ်အစိုးရလက်ထက်က မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယား စီမံကိန်းများ အပါအဝင် ဒုံးကျည် ထုတ်လုပ်မှုများ ပြုလုပ်နေကြောင်း၊ မြောက်ကိုရီးယား ကျွမ်းကျင်သူများ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည်ဆိုသော သတင်းများကြောင့် အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက သံသယဖြင့် စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ပိတ်ပင်ထားသော ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူသည်ဟု စွပ်စွဲချက်ဖြင့် တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ယခုနှစ် ဇူလိုင်လက အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်သေးသည်။