ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်လုံမြို့နယ်တွင် ယမန်နေ့က ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၃ ဦး ထက် မနည်းသေဆုံးကြောင်း သိရ သည်။
ကွမ်လုံမြို့ ဆက်သွယ်ရေးရုံးအနီးတွင် ယမန်နေ့ ညနေ ၅ နာရီကျော်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဗုံးဟောင်း ပေါက်ကွဲမှုဟု ခန့်မှန်းထားပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ကွမ်လုံမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြော သည်။
“အထက်လူကြီးတွေ သုံးသပ်ထားတာတော့ ဗုံးအဟောင်းပေါက်ကွဲတယ် ဆိုတာလောက်ပါပဲ၊ ဘာကြောင့်ပေါက်တယ် ဆို တာ စုံစမ်းဆဲပါ၊ အမျိုးသား ၃ ဦးသေတယ်၊ အမျိုးသား ၂ ဦး ဒဏ်ရာရတယ်၊ အလောင်းတချို့တော့ ရှာမတွေ့သေးဘူး”ဟု ရဲအရာရှိက ဆိုသည်။
ကွမ်လုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းက ပြောရာတွင် သေဆုံးသူ စုစုပေါင်း ၆ ဦးဟု သိ ရ ကြောင်း၊ ကျောင်းဆရာ တဦးလည်း ပါဝင်ကြောင်း၊ လက်ရှိတွင် အလောင်းရှာတွေ့သူ ၄ ဦးနှင့်အလောင်း မတွေ့သူ ၂ ဦး ရှိကြောင်း ဧရာဝတီကို ပြောသည်။
“အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးက အပိုင်း အစတွေလောက်ပဲ တွေ့တယ်၊ ဒီဖောက်ခွဲမှုကို အဖွဲ့အစည်းကြီးကြီး မားမား တခုက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာပါ၊ ထော်လာဂျီပေါ်မှာ ပစ္စည်းတွေကို တင်ဆောင်လာပြီးတော့ တံတားကို ချိန်ကိုက် ဖောက်ခွဲဖို့ လုပ်တာလို့ ယူဆရတယ်”ဟုလည်း ၎င်းက ဆိုသည်။
ပေါက်ကွဲမှုသည် ပြင်းထန်ပြီး အနီးအနားရှိ အဆောက်အအုံ တချို့မှ တံခါးမှန်များကွဲထွက်သွားကြောင်း၊ ထို ဒေသတဝိုက် တွင် အစိုးရ စစ်တပ်များရှိကြောင်း၊ သေဆုံးသူများတွင် တပ်မတော်သား တဦး၊ Asia World ကုမ္ပဏီမှ ဝန်ထမ်းတဦး ပါဝင် ကြောင်း သိရသည်။
ဦးဟော်ရှောက်ချန်းက “ကွမ်လုံတံတားကြီးကို ၂ ပိုင်းကျိုးသွားအောင် လုပ်မယ်ဆိုပြီး ရည်ရွယ်ပုံရတယ်၊ ရွာထဲမှာသာပေါက် ကွဲရင် တရွာလုံးသေနိုင်တဲ့ ပေါက်ကွဲမှုကြီးပါ”ဟု ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ဒေသ စစ်ရေး၊ နိုင်ငံရေး လေ့လာနေသူ ဦးအောင်ကျော်ဇောက ထိုပေါက်ကွဲမှုသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ဆောင်မှုဟု မယူဆကြောင်း ဧရာဝတီ ကို ပြောသည်။
ထိုဒေသ၌ အစိုးရတပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား ကြီးမားသည့် ပြဿနာ မရှိကြောင်း၊ သို့သော် ကွမ် လုံမြို့အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ထည့်သွင်းရန် ကိုးကန့်အဖွဲ့မှ တောင်းဆိုထားမှု ရှိကြောင်း၊ အစိုးရဘက် မှလည်း လိုက်လျောပေးလိုသည့် ဆန္ဒမရှိကြောင်း သိရသည်။
ဦးအောင်ကျော်ဇောက “ကွမ်လုံကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲသို့ ထည့်ဖို့ တောင်းဆိုတာကလွဲရင် တခြား ဘာ ပြဿနာမှ မတွေ့ရဘူး၊ အစိုးရကတော့ ဘယ်ပေးမလဲ၊ ကွမ်လုံတဝိုက်မှာပဲ အစိုးရ တပ်ရင်း ၅ ခု၊ ၆ ခု လောက်ရှိတယ်”ဟု ပြောဆိုသည်။
ဒေသခံတချို့က ယခုပေါက်ကွဲမှုသည် ထိုဒေသ၌ လှှုပ်ရှားနေသော လက်နက်ကိုင် တပ်ဖွဲ့တခုခု၏ လုပ်ဆောင်မှုဟု ပြောဆိုကြ သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။