ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိလျှင် ဂုဏ်သိက္ခာရှိရှိ ဖြင့် ရပ်တည်နေသော နိုင်ငံရေးသမားများအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်လှုပ်ရှားမှု မပြုသင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရက ပြောနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိကြောင်း သက်သေပြသခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာဝတီမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ လူထုဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မဝင်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့ လည်း ဒီဖွဲ့စည်းပုံနဲ့တော့ မဝင်သင့်ဘူး” ဟု ပြောဆိုခဲ့ခြင်းသည် ယခင်စစ်အစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆန္ဒ မပြင်းပြသော ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအားဖြစ်သည်။
မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုငင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တို့နှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ် အတွက် ရေးဆွဲထားတာ မဟုတ်ပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ်များက စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အကြိမ်ကြိမ် ပြောဆိုဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်က သာယာဝတီတွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုရာတွင် တပ်မတော်နှင့် ပြည်သူတို့ မညီမျှမှုကို ထောက်ပြနေခြင်းဖြစ်ပြီး တပ်မတော်ကို မလိုလားခြင်း မဟုတ်ကြောင်း၊ တပ်မတော်ကို ပြည်သူနှင့် တသားတည်းဖြစ်စေချင်သောကြောင့် ထောက်ပြနေခြင်းသာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ အုပ်ချုပ်ရေး အာဏာရရှိခဲ့မည်ဆိုလျှင် ကလဲ့စားချေမည်ဟု ပြောဆိုနေခြင်းမှာ မမှန်ဘဲ မိမိတို့စိတ်တွင် အာဃာတ လုံး၀ မရှိပါကြောင်း၊ မိမိတို့အနေဖြင့် ညီညွတ်ပြီး တိုးတက်သော နိုင်ငံတခု အဖြစ်ကိုသာ လိုလားပါကြောင်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်ရာ၌ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ကြွေးကြော်သံတစ်ခုဖြစ်ပြီး သူရဦးရွှေမန်း လက်ရှိဦးစီးနေသော ပြည်သူ့လွှတ်တော်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ မည်သည့်အချက်များကို ပြင်ဆင်သင့်ကြောင်း မကြာမီ တင်သွင်းမည်ဟု မျှော်လင့်ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမဝင်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးမဟာမိတ် တိုင်းရင်းသားများက ထောက်ခံကြသည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက “ဒီဖွဲ့စည်းပုံ မပီမပြင်ကြီးနဲ့ ဆက်လှုပ်ရှားမယ်ဆိုလို့ကတော့ သမိုင်းတရားခံဖြစ်မှာပဲ။ လက်ရှိအခြေခံ ဥပဒေကိုက သမ္မတက အာဏာရှိတာလား၊ ကာကွယ်ရေးဦးစီးချုပ်ကပဲ အာဏာရှိတာလား ဘာမှမပီပြင်ဘူး။ ဒီဖွဲ့စည်းပုံကိုသာ ပြင်ဆင်ရေး မလုပ်ဘူးဆိုရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားမှာပဲ။ အချောင်သမားတွေကတော့ ဝင်ပြိုင်ကြမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ မပြင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ဘာမှ ဝင်ပြိုင်တာတို့ လုပ်မှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထို့အပြင် လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေကြသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၊ အတိုက်အခံနိုင်ငံရေးသမားများက တိုင်းပြည်တိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း အတွက် အစိုးရနှင့် တပ်မတော်ကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်နေသော အဆင့်တွင်ပင် ရှိနေသေးကြောင်းလည်း ဦးခွန်ထွန်းဦးက ဆိုသည်။
လတ်တလော အပစ်ရပ်ရေး ဆွေးနွေးနေသော ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မတော်ဗျူဟာလေ့လာရေး ဌာနမှ ဗိုလ်မှူးနော့်နော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အပြည့်အ၀ ပြင်ဆင်နိုင်မှသာလျှင် ဖယ်ဒရယ်ပြည်ထောင်စု၊ ဖယ်ဒရယ် တပ်မတော်ကို တည်ဆောက် ရန် အဆင်ပြေမှာဖြစ်သည့် အတွက် လက်ရှိအစိုးရအဖွဲ့အနေဖြင့် ပါးစပ်ပြောများကို လျော့ချပြီး လက်တွေ့ အကောင်အထည် ဖော်မှုများ ပြုလုပ်ရမှာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ဖြစ်စေချင်တာက စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးရေးပါ။ အစိုးရဘက်က၊ စစ်တပ်ဘက်က ဒါကို လက်မခံဘူးဆိုရင်တော့ လက်နက်ကို လက်နက်နဲ့ပဲ ပြန်ခုခံရတော့မှာပဲ။ ကျနော်တို့ လက်နက်ကိုင်နေတာ တုံ့ပြန်လက်စားချေနေတာ မဟုတ်ဘူး။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်းဆိုနေတာ တိုင်းပြည်မှာ တိုင်းရင်းသားတွေသာ မဟုတ်ဘဲ တတိုင်းပြည်လုံးက ပြည်သူတွေဖြစ်နေတာ သိသာနေပြီလေ” ဟု ဗိုလ်မှူးနော့်နော်က ဆိုသည်။
ဒီဇင်ဘာလ ၁၆ ရက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေတ်မီဒီမိုကရေစီနိုင်ငံတရပ်နှင့် ညီစေရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုစေရန်အတွက် ပြီးပြည့်စုံသော သုံးသပ်မှုများပြုလုပ်ရန်၊ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်သူများအားလုံး တရားမျှတစွာ ပါဝင်လာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အားလုံး ယုံကြည်သော၊ ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်နိုင်စေသော အခြေအနေမျိုး ဖြစ်သင့်သည်ဟု တိုက်တွန်းခဲ့သည်။