မန္တလေးတိုင်း မိတီ္တလာမြို့ရှိ အင်း၀ ဘဏ် ဓားပြတိုက် အနုကြမ်းစီးမှု ကျူးလွန်သည့် စစ်ဗိုလ် ဆိုသူကို စစ်ဘက်ဆိုင်ရာ ခုံရုံးသို့ ယနေ့လွှဲပြောင်း ပို့ဆောင်လိုက်ပြီ ဖြစ်ပြီး ယင်းခုံရုံးမှ ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။
မိထီ္တလာ ခရိုင် ရဲတပ်ဖွဲ့မှူးက “ကျနော်တို့က အမှုသွား အမှုလာကို တည်ဆောက်ပြီး စစ်ဘက်ဆိုင်ရာ အထက်လူကြီးကို အကြောင်းကြား ပါတယ်။ သူတို့က စစ်ဘက် စစ်ဆေးမယ် ဆိုတာနဲ့ ကျနော်တို့ တရားခံနဲ့ အမှုသွား အမှုလာတွေကို တင်ပို့လိုက်ပါပြီ”ဟု ဧရာဝတီ သို့ ပြောသည်။
ပြစ်မှုကျူးလွန်သူကို စစ်ခုံရုံးသို့ လွှဲပြောင်း စစ်ဆေးမှုပြုလုပ်သော်လည်း စစ်ဥပဒေ အရ မည်သို့ စီရင်၍ ပြစ်ဒဏ်ချမှတ်မည်ကိုမူ မသိရှိရပေ။
အင်း၀ ဘဏ်ကို အနုကြမ်းစီး ဓားပြတိုက်သူမှာ ဝေယံမျိုးကျော် အသက် ၂၆ နှစ် ဆိုသူ ဖြစ်ပြီး အမှတ် ၆၀၀၆ သံချပ်ကာ ကား တပ်ရင်း ၊ ကန့်ဘလူ မှ ဗိုလ်ကြီး အဆင့် ရှိသူဖြစ်ကြောင်း မိတ္ထီလာ ပြန်ကြားရေး ဌာနက ပြောပြသည်။
ဝေယံမျိုးကျော်သည် ယမန်နေ့ နံနက်ပိုင်းက အင်းဝဘဏ် အတွင်း ဓားကိုင်၍ အနုကြမ်းစီး ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြောင်း မိတ္ထီလာမြို့နယ် အမှတ် ၂ ရဲစခန်းကလည်း ပြောဆိုထားသည်။ ၎င်းကို ယမန်နေ့က ဖမ်းဆီးပြီးနောက် မိတ္ထီလာမြို့နယ် အမှတ် ၂ ရဲ စခန်းတွင်ပင် ချုပ်နှောင်ထားခြင်းလည်း ဖြစ်သည်။
အင်း၀ ဘဏ်ရှေ့တွင် စတိုးဆိုင်ဖွင့်ထားသည့် မျက်မြင်သက်သေ မြို့ခံတဦးက အနုကြမ်းစီးသည့် ဝေယံမျိုးကျော် ဆိုသူမှာ အခင်း မဖြစ်ပွားခင် နှစ်ရက်အလိုကပင် ဘဏ်ရှေ့တွင် ထိုင်ပြီး လူဝင်၊ လူထွက်အချိန်များကို စောင့်ကြည့်နေခဲ့ကြောင်း၊ အခင်း ဖြစ်ပွားသည့် နေ့တွင်လည်း နံနက် ၈ နာရီ ခန့်ကပင် ဘဏ်ရှေ့တွင် ထိုင်နေခဲ့ပြီး လူအဝင်ထွက် နည်းသည့် နေ့လယ် အချိန်ကျမှ ဘဏ် အတွင်းသို့ ဝင်၍ ဓားနှင့်ခြိမ်းခြောက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။
အခင်းဖြစ်ပွားချိန်က ဘဏ်မန်နေဂျာ ဒေါ်မိမိယဉ် ဆိုသူနှင့် ဘဏ်ဝန်ထမ်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၈ ဦးတို့ ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေခဲ့ကြောင်း၊ တရားခံက ဒေါ်မိမိယဉ်ကို ဓားဖြင့် ခြိမ်းခြောက်၍ ဓားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ဝက်ဘ် ဆိုက်တွင်လည်း ဖော်ပြထားသည်။
အင်းဝဘဏ်သည် တပ်မတော်ပိုင် ဘဏ် တခု ဖြစ်ကြောင်း သိရသည်။