ဒေါ်သက်သက်ခိုင်သည် မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း၏ ဒုဥက္ကဋ္ဌ တဦးဖြစ်ပြီး ရွှေနန်းတော် ရွှေဆိုင် များနှင့် Forever Gems ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ တဦးလည်း ဖြစ်သည်။
ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ဒီဇင်ဘာ ၆ ရက် ၇ ရက်က ကျင်းပသည့် ကမ္ဘာ့အမျိုးသမီး ဖိုရမ်သို့ တက်ရောက်လာသူ ဒေါ်သက်သက်ခိုင်ကို ဧရာဝတီ သတင်းဌာနမှ ကျော်ဆုမွန်က တွေ့ဆုံ မေးမြန်းခဲ့သည်။ ကမ္ဘာ့ အမျိုးသမီး ဖိုရမ်တွင် အမျိုးသမီး စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်ပြီး သူ၏ အတွေ့အကြုံများကို ဝင်ရောက် ဆွေးနွေးခဲ့သည့် ဒေါ်သက်သက်ခိုင်သည် ဧရာဝတီနှင့် တွေ့ဆုံစဉ် သူ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့် ၎င်း၏ အစီအစဉ်တို့ကို ပြောကြားခဲ့သည်။ အကယ်ဒမီ သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗို၏ ညီမလည်း ဖြစ်သူ ဒေါ်သက်သက်ခိုင်သည် မိုးကုတ်မြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဆေးပညာ ဆိုင်ရာ ဆရာဝန်ဘွဲ့ ရရှိ ပိုင်ဆိုင် ထားကာ စင်ကာပူနိုင်ငံ နန်ယန်း တက္ကသိုလ်မှ MBA ဘွဲ့ကိုလည်း ရရှိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
မေး။ ။ ဒေါ်သက်သက်ခိုင် အနေနဲ့ စီးပွားရေးကို ဘယ်လုပ်ငန်းကနေ စလုပ် ခဲ့တာလဲ။
ဖြေ။ ။ ကျမ ရွှေနန်းတော် ရွှေဆိုင်က စလုပ်ခဲ့တာ၊ အမျိုးသားနဲ့အတူ ပေါင်းပြီးတော့လေ၊ နောက်တော့ အမျိုးသားရဲ့ မိဘတွေနဲ့ပေါ့နော်၊ ကျမ ယောက္ခမတွေရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ ကျမတို့နှစ်ယောက် အတူဦးဆောင်ပြီး အလုပ်လုပ် ကြတာပါ။
မေး။ ။ ဒေါ်သက်သက်ခိုင်က Medical Doctor ဘွဲ့ရထားပြီး ဒီစီးပွားရေး လုပ်ငန်းထဲ ဘာကြောင့် ဝင်လာဖြစ်တာလဲ။
ဖြေ။ ။ ကျမ အမျိုးသားလည်း ဆရာဝန်ပဲ၊ ကျမလည်း ဆရာဝန်ပေါ့နော်။ ဒါပေမယ့်လည်း အဲဒီ အချိန်တုန်းကတော့ ကျမ ယောက္ခမကြီးက တော်တော်ကြီး နေမကောင်းဘူးလေ။ နေမကောင်းတော့ သားကို ဆရာဝန်လုပ်လို့ နယ်တွေမသွားစေ ချင်ဘူး၊ သားကို အနီးအနား ရှိစေချင်တော့ ချွေးမပါ အနီးအနားမှာ ရှိရတာပေါ့နော်။ နောက်တခု ကျတော့လည်း လူတွေရဲ့ အမြင်က ဆရာဝန်ဆို ဆရာဝန် အလုပ်ပဲ လုပ်ရမယ်ဆိုတဲ့ အမြင်မျိုးလည်း အခုအချိန်ထိ ရှိပါတယ်။ ဒါတွေက မှန်သင့် သလောက်လည်း မှန်တယ်ပေါ့နော်။ ဒါပေမယ့် အခြေအနေ အရတော့ ဆရာဝန် ဖြစ်ပေမယ့်၊ ဆရာဝန် အလုပ်ကို မလုပ်ခဲ့ ပေမယ့် ကျမတို့က ဒီ Volunteer အလုပ်ကို လုပ်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ ကျမတို့လည်း တနည်းတဖုံနဲ့ ကိုယ့်ရဲ့ လူ့အသိုင်းအဝိုင်း ပြန်ပြီး အကျိုးပြုတာပေါ့နော်။ ရွှေနန်းတော်ကို ၁၉၉၄ မှာ စဖွင့်တုန်းက မိသားစုတွေနဲ့၊ အမျိုးတွေနဲ့ ဝိုင်းပြီးတော့ ရောင်းကြ ဝယ်ကြတယ်။ နောက် ဒုတိယနှစ်လောက်ကျတော့ ကျမတို့က ရောင်းဝယ်အား ကောင်းလာတဲ့ အခါ ကျတော့ ကိုယ့်လူနဲ့ ကိုယ်ပဲ မနိုင်တော့ဘူး။ မနိုင်တော့တဲ့ အချိန်မှာ ကျမ မှတ်မှတ်ရရ ဝန်ထမ်း စခေါ်ပါတယ်။ ပထမဦးဆုံး ဝန်ထမ်းခေါ်တဲ့ အသုတ်က နှစ်ယောက်ကို စခေါ်ပါတယ်။ အဲဒီလို နှစ်ယောက်ကို စခေါ်ရာကနေ ဒီနေ့ဆိုရင် ကျမဆီမှာ ဝန်ထမ်း ၄၅၀ ရှိတယ်။ အလုပ်လုပ်လာတဲ့ ဒီနှစ်ပေါင်း နှစ်ဆယ် အတွင်းမှာလည်း ကျမ လူတွေ အများကြီးကို အလုပ် ခန့်လာတယ်။ ဒီလူတွေနဲ့ ကျမနဲ့အတူ တွဲပြီးတော့ ကြီးပွားလာကြတယ်။ ပြီးလို့ရှိရင် ကျမတို့ ပန်းတိမ်တွေ အများကြီးကိုလည်း အလုပ်ပေး နိုင်ကြတယ်။ ပြီးတော့ နိုင်ငံတော်ကို ဒီတနှစ်လုံးမှာ ကျမ အခွန်ဆောင် လာတယ်ပေါ့နော်။ ဆရာဝန် တယောက် အနေနဲ့ အကျိုးမပြုနိုင်ခဲ့ ပေမယ့် ကျမတို့ စီးပွားရေး လုပ်ငန်း လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ တိုင်းပြည်နဲ့ ကိုယ့်ရဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြီးအကျိုးပြုတာပေါ့နော်။ ပြည်သူ လူထုရဲ့ ကျန်းမာရေးကို တဘက်တလမ်းက စောင့်ရှောက်ချင်တယ် ဆိုတဲ့စိတ်လည်း ကျမမှာ ရှိပါတယ်၊ ကျမတို့ အတန်းထဲ က သူငယ်ချင်းတွေ စုပေါင်းပြီးတော့ အနန္တ မေတ္တာ ဖောင်ဒေးရှင်း ကို တည်ထောင်ပြီး ကျမတို့က တလတခါ Mobile Clinic ပေါ့။ ကျမတို့ အများဆုံး Record ကတော့ လူနာ ၈၅၀ အထိ ကြည့်ဖူးပါတယ်။ တနေ့တည်းကိုလေ။ ဆရာဝန်တွေလည်း အများကြီး ပေါ့နော်။ ကျမတို့လို ဆရာဝန်ဘွဲ့ ရပေမယ့် တကယ် လက်တွေ့မလုပ်တဲ့ သူတွေကတော့ ဆေးပေးတာတို့၊ သွေးပေါင်ချိန် တိုင်းတာတို့ လူနာ Register လုပ်တာတို့၊ ချရေးထားတာတို့ စသဖြင့် ကူတဲ့အပိုင်းက လုပ်တာပေါ့နော်။ ဒါမျိုးလေးတွေလည်း ကျမတို့ လူမှုရေး လုပ်ငန်းလေးတွေ လုပ်နေပါတယ်။
မေး။ ။ တကယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်မလာဘူးဆိုရင် အခုအချိန် ဒေါ်သက်သက်ခိုင် ဘာဖြစ်နေမလဲ။
ဖြေ။ ။ အဲဒါဆိုရင်တော့ ဆရာဝန် ဖြစ်နေမှာပေါ့။
မေး။ ။ အမျိုးသမီးတွေရဲ့ ကဏ္ဍမှာ ဒေါ်သက်သက်ခိုင် ပြောခဲ့သလို အစ်မ အမျိုးသားရဲ့ ကူညီမှုနဲ့ ထောက်ပံ့မှုတွေ အများကြီး ပါတယ်ဆိုတော့ မြန်မာ အမျိုးသမီးတွေမှာ ပြင်ပ ထောက်ပံ့မှု သို့မဟုတ် ထောက်ပံ့မှု မရှိဘဲနဲ့ ကိုယ်တိုင် ကြိုးစားခဲ့တဲ့ အလုပ်က အဓိက စိန်ခေါ်မှုတွေဆိုရင် ဘာတွေဖြစ်မလဲ။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျမ ကိုယ်ချင်း စာနိုင်ပါတယ်။ ကျမမှာ အမျိုးသားရဲ့ ထောက်ပံ့မှုလည်း အပြည့်အဝရတယ်။ နောက် ကျမ မိဘ၊ နောက် ကျမအမျိုးသားရဲ့ မိဘပေါ့နော်။ မိဘ နှစ်စုရဲ့ ထောက်ပံ့မှု အားပေးမှုတွေ ကျမ ရတယ်ပေါ့။ ကျမရတဲ့ အတွက်ကြောင့် မို့လို့ ကျမရဲ့ စီးပွားရေး ဘဝက ပြေလည်ပြီး ချောချောမောမောနဲ့ ဖြစ်တယ်ပေါ့။ ကျမတို့လို အခွင့်အရေး မရတဲ့ အမျိုးသမီးတွေ အများကြီး ရှိမှာပေါ့လေ။ အဲဒါကြောင့်မို့ အသင်းအဖွဲ့တွေက အရေးကြီးတာ ပေါ့နော်။ အသင်း အဖွဲ့ဆိုတာ ခုနက ကျမ ပြောသလို မြန်မာ စီးပွားရေး အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်း (MWEA) ပေါ့နော်။ အဲဒီမှာ Member ဖြစ်ရင်၊ တခြား Member တွေ နိုင်ငံတကာက အစည်းအဝေးတွေ တက်ပြီး ပြန်လာရင် အတွေ့အကြုံတွေ ပြန်ပြီး Sharing တွေလုပ်တယ်။ အချင်းချင်း Network ဖြစ်တယ်ပေါ့နော်။ ဒါမျိုး အခွင့်အလမ်း လေးတွေ ရတာပေါ့။ ဒါတွေကလည်း အရေးကြီးပါတယ်။
နောက်တခုက အစိုးရရဲ့ ပံ့ပိုးကူညီမှုပေါ့။ ကျမခုနက အစည်းအဝေး ခန်းထဲမှာ ဆွေးနွေး သွားခဲ့သလို ကျမတို့ တိုင်းပြည်မှာ ဥပဒေအရ ကြည့်လိုက်ရင် အမျိုးသမီး၊ အမျိုးသား ခွဲခြားထားတဲ့ ဥပဒေက မရှိပါဘူး။ ဒါပေမယ့် မရှိပေမယ့် အပြင်မှာ ကြည့်လိုက်ရင် အမျိုးသမီး၊ အမျိုးသား တန်းတူရှိလား၊ အဓိပ္ပာယ်က ဘာလဲဆိုရင် အမျိုးသမီးတွေမှာ အမျိုးသမီးတွေမို့ သီးသန့် လိုအပ်ချက်တွေ ရှိတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်မယ့် ဥပဒေမျိုးလည်း ရှိသင့်တယ်။ အဲဒီလိုမျိုး ရှိရင် အမျိုးသမီး မို့လို့ ငွေထပ်တိုး ချေးပေးတယ်၊ အိန္ဒိယတို့ ဘာတို့မှာ အဲဒါမျိုးတွေရှိပါတယ်။ အမျိုးသမီး ဦးဆောင်တဲ့ မိုက်ခရို စီးပွားရေးတွေကို ချေးပေးတယ် ဆိုတော့၊ အိန္ဒိယ အမျိုးသားတွေက သူတို့ရဲ့ လုပ်ငန်းတွေကို အမျိုးသမီး နာမည်နဲ့ Register လုပ်ပြီးတော့၊ အမျိုးသမီးတွေကို ရှေ့တန်းတင်ပြီးတော့မှ ဒီချေးငွေရအောင်၊ ဒီလုပ်ငန်းလုပ်ဖို့ရာ ငွေရင်း ငွေနှီးကလည်း လိုတယ်ဆိုတော့ အဲဒါမျိုးတွေ ရှိပါတယ်။ ကျမတို့လည်း တဖြည်းဖြည်းး ဖြစ်လာဖို့တော့ လိုပါတယ်။
မေး။ ။ ဒေါ်သက်သက်အောင်က အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းက တာဝန်ရှိသူ ဆိုတော့၊ အမျိုးသမီးတွေ ထဲက ကိုယ်ကိုယ်တိုင်လည်း စီးပွားမရှာနိုင်ဘူး၊ လင်ယောက်ျားရဲ့ ပံ့ပိုးမှုနဲ့ နေရတဲ့ အမျိုးသမီးတွေ၊ နောက် စီးပွားရေး လုပ်ဖို့အတွက် အရင်းအနှီး လိုတဲ့သူတွေအတွက်ကို အဲဒီ အသင်းက ဘယ်လိုမျိုး စီစဉ်ပေးတာ၊ ကူညီပေးတာမျိုးတွေ ရှိလဲ။
ဖြေ။ ။ အဓိကက စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတွေ လာလာပြီးတော့မှ အလုပ်ဝင်တယ်၊ Member ဝင်တယ်ပေါ့နော်။ တချို့က ကိုယ်ပိုင် စီးပွားရေး မဟုတ်လည်း တခြားဆီမှာပေါ့၊ မန်နေဂျာ အနေနဲ့လုပ်တယ်။ Lower Manager Level အနေနဲ့ဖြစ်ဖြစ်၊ Middle Manager Level အနေနဲ့ဖြစ်ဖြစ်၊ ဒါမှ မဟုတ်ရင်လည်း အထက်ပိုင်း အရာရှိပဲ ဖြစ်ဖြစ်ပေါ့နော်။ ကျမတို့ အသင်းရဲ့ အဓိက လုပ်ဆောင်ချက်တော့ ကျမတို့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ အစည်းအဝေးမျိုးတွေ၊ ဆွေးနွေးပွဲတွေ၊ Training တွေ၊ Master Degree အထိပေါ့နော်၊ နောက်တခုကကျတော့ ကျမတို့ အသေးစားချေးငွေ ကိစ္စလည်း လုပ်ပါတယ်။ လုပ်တာ ဘယ်မှာ အဓိက လုပ်လဲဆိုတော့ စံပြကျေးရွာ ရှိတယ်ပေါ့နော်။ ရန်ကုန်တိုင်းမှာပဲ၊ သန်လျင် မြို့နယ်ရဲ့ ကရင်ဆိပ် ကျေးရွာက ကျမတို့ရဲ့ စံပြကျေးရွာ ဖြစ်ပါတယ်။ အဲဒီမှာ ကျမတို့က အရင်တုန်းက ဥက္ကဋ္ဌ ဒေါ်ခင်မြင့်မြင့်က ဆောက်ထားပေးတယ်။ ပထမ ဥက္ကဋ္ဌ ဒေါ်စိန်စိန်က ဘုရား တည်ထား ပေးတယ်ပေါ့နော်၊ ဒေါ်သက်ရီတို့ ဆေးပေးခန်း ထောင်ထားပေးတယ် စသဖြင့် ပေါ့။ ပြီးတော့လည်း အဲဒီရွာမှာရှိတဲ့ ရွာချုပ်စပ်က ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးနိုင်ဖို့ စသဖြင့် ဒီလိုမျိုးလေးတွေ ကျမတို့ လုပ်ပါတယ်။
မေး။ ။ ဒေါ်သက်သက်ခိုင် ကိုယ်တိုင်လည်း စီးပွားရေး တောင့်တင်းတယ်၊ ပညာတတ်လည်း ဖြစ်တယ် ဆိုတော့ အမျိုးသမီး အမတ်တဦး ဖြစ်လာအောင် ကြိုးစားဖို့ အစ်မအနေနဲ့ အစီအစဉ် မရှိဘူးလား။
ဖြေ။ ။ အမှန်တော့ လုပ်သင့်တဲ့အချိန် ကျပြီလို့ ကျမယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်အားဖြင့် ၄၆ နှစ်ရှိပြီ။ ဟိုအရင် ငယ်တုန်းကတော့ မိဘပျိုးထောင်တာနဲ့ ကျမတို့ နေခဲ့ရတယ်။ ကျောင်းပြီးခါစက မိဘ တည်ထောင်ပေးပေမယ့် ကျမတို့ ရုန်းကန်ပြီးတော့ အောင်မြင်လာတယ်။ အောင်မြင်တော့လည်း ဒီအောင်မြင်မှုကို ထိန်းသိမ်းနိုင်အောင် ကျမတို့ လုပ်ခဲ့ရတယ်။ တောက်လျှောက်ပေါ့။ အခုအချိန်မှာတော့ ကိုယ့်မှာရှိတဲ့ လုပ်ငန်း အတွေ့အကြုံတွေ၊ ကိုယ့်မှာရှိတဲ့ ဦးဆောင်မှု အရည်အချင်း၊ ကိုယ်တတ်ထားတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အလုပ်အကျွေး ပြုသင့်တဲ့အချိန် ရောက်ပြီလို့ ကျမ ယူဆပါတယ်။
မေး။ ။ ဒါဆို ဒေါ်သက်သက်ခိုင် အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြီးတော့ ပြိုင်ဖို့ကော အစီအစဉ်ရှိလား။
ဖြေ။ ။ အခုလတ်တလော အထိတော့ ကျမပြောရတာ နည်းနည်း ခက်နေပါတယ်။ ဒါပေမယ့် ၉၀ ရာခိုင်နှုန်း လုပ်ဖို့ ကျမမှာ ဆန္ဒ ရှိနေပါတယ်။
မေး။ ။ ဒါဆိုရင် ဒေါ်သက်သက်ခိုင် အနေနဲ့ နဂိုကတည်းက နိုင်ငံရေး အခြေခံ ရှိထားပြီးပြီ၊ အဲဒီလိုမျိုးလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျမက မိုးကုတ်မှာ မွေးတော့၊ မိုးကုတ်သူ ဆိုတော့ ကျမတို့ အဖိုးအဖွားတွေ လက်ထက်တုန်းက ပတ္တမြား ကျောက်တွင်းတွေ ပိုင်တယ်၊ နီလာ ကျောက်တွင်းတွေ ပိုင်တယ်။ အရမ်း ချမ်းသာတယ်။ ထားပါတော့နော်။ ငယ်ငယ်တုန်းကကျတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အောက်ရောက်တော့ ဒါမျိုးတွေက အကုန် ရှင်သန်နေတဲ့ အပင် တွေကို ရိုက်ချိုးခဲ့သလို ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်ပြီးတဲ့ အခါကျတော့ တိုင်းပြည်တခုရဲ့ စီးပွားရေး၊ ဒါမှမဟုတ်ရင် မိသားစုတိုင်းရဲ့ စီးပွားရေး၊ တယောက်ချင်းစီရဲ့ ဖွံ့ဖြိုးရေး အတွက် ပေါ်လစီဟာ သိပ်အရေးကြီးပါလား ဆိုတာ ကျမ ငယ်ငယ်တုန်း ကတည်းက သိခဲ့တယ်။ သိခဲ့တဲ့ အခါကျတော့ နိုင်ငံရေးက သိပ်အရေးကြီးတယ်ဆိုတာ လက်ခံခဲ့တာ။ ဒီနေ့အထိ လက်ခံပါတယ်။ ဒီလိုမျိုး အချိန်က အခွင့်အခါလည်း ကောင်းတဲ့အချိန်၊ ခေတ်ပြောင်း စနစ်ပြောင်းမှာ ကျမတို့လည်း တောက်လျှောက် ကိုယ့်ဟာကိုယ်လည်း အဆင်သင့် ဖြစ်အောင် လုပ်ခဲ့တာပေါ့နော်။ တချိန်ကျရင်တော့ ပါဝင်သင့်တယ်လို့ ကျမ ယူဆပါတယ်။
မေး။ ။ ဒေါ်သက်သက်ခိုင်ရဲ့ နိုင်ငံရေး နောက်ခံက ဘာရှိမလဲ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားခဲ့တာ ရှိခဲ့သလား။
ဖြေ။ ။ ၁၉၈၈ နှစ်တုန်းကတော့ ကျမတို့ ကျောင်းပိတ်သွားရော။ သြဂုတ်လ ၈ ရက်နေ့ မတိုင်ခင် ကျောင်းပိတ်တယ်။ အဲဒီတုန်းက ကျမက Final Part 1။ ကျမတို့နဲ့ တနှစ်တည်းသမားတွေ ဖြစ်တဲ့ RIT ကျောင်းသားတွေလည်း ကျောင်းပိတ် ကုန်ပြီ။ ဒါပေမယ့် ကျမတို့ ဆေးကျောင်းက သက်တမ်းရှည်တော့ ကျမတို့ ၈၈ အရေးအခင်း ကျောင်းပိတ်တုန်းက ကျမတို့က အကြီးဆုံး အတန်းပေါ့။ ကျောင်းက ပိတ်သွားတယ်။ ပိတ်သွားတဲ့ အခါကျတော့ ကျမ မိုးကုတ်မှာ ရှိနေတယ်။ ၈ ရက် ၈ လ ၈၈ က စပြီးတော့ မိုးကုတ်မှာ တက်တက် ကြွကြွနဲ့ ပါဝင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးကုတ်ကလည်း တော်တော် ခံစားရတယ်လေ။ ပေါ်လစီက ရိုက်ချလိုက်တာဟာ ဘယ်လိုမှ နလန်မထူနိုင်တော့ဘူး။ လူတွေကလည်း ခံစားချက် ရှိကြတဲ့ အခါကျတော့ မိုးကုတ်မြို့ တမြို့လုံး တက်တက်ကြွကြွနဲ့ ပါဝင်ကြတဲ့အချိန်မှာ၊ ကျမတို့လည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါက တပြည် လုံးမှာ မပါတဲ့သူဆိုတာ တမျိုး ဖြစ်နေတယ် ပေါ့နော်။ အဲဒီတုန်းက တကယ့်ကို တပြည်လုံး အထွေထွေ သပိတ်ကြီးလိုမျိုး ဆိုတော့၊ အဲဒီအထဲမှာ ကျမတို့က ကျောင်းသူအနေနဲ့တော့ ပါဝင် ခဲ့ဖူးပါတယ်။ ဒါပေမယ့် မိုးကုတ်မှာပဲ ဖြစ်တဲ့အတွက်ကြောင့် လူတွေ သိပ်မသိဘူး ပေါ့။ ရန်ကုန်လို၊ မန္တလေးလို နေရာမျိုးမှာကျတော့ ကျောင်းသား ခေါင်းဆောင်တွေက လူပိုသိတာ ပေါ့နော်။ အဲဒီလိုတော့ ရှိပါတယ်။
မေး။ ။ တကယ်လို့ နိုင်ငံရေးမှာ ပါဝင်လာပြီး လွှတ်တော်ထဲကို ရောက်ခဲ့သည် ရှိသော် ဒေါ်သက်သက်ခိုင် ပထမဆုံး လုပ်ချင်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုက ဘာဖြစ်မလဲ။
ဖြေ။ ။ ကျမကတော့ လွှတ်တော်ထဲ ရောက်တာ မရောက်တာ နောက်မှထား၊ ကျမတို့ တိုင်းပြည်က သဘာ၀ သယံဇာတ ကြွယ်ဝတယ်။ ဒီသဘာ၀ သယံဇာတတွေကို ငွေအလျင် လိုတာနဲ့ အရိုင်းတုံး အတိုင်းပဲ၊ ကျောက်စိမ်းဆိုလည်း အရိုင်းတုံး အတိုင်းပဲ ရောင်းလိုက်တာ။ ဒီကျောက်စိမ်းကို ပန်းပုထုလို့ ရတယ်၊ လက်ကောက်တွေ၊ လက်စွပ်တွေ၊ ပုတီးတွေ လုပ်လို့ရတယ်။ ဒီကျောက်တွေနဲ့၊ စိန်တွေနဲ့ တခြားပစ္စည်းတွေ ခတ်လို့ရတယ်။ ဒီလို တန်ဖိုးမြှင့် ထုတ်လုပ်တာ တွေလည်း အရေးကြီးတယ်။ ဒါမှ တိုင်းပြည်မှာ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အများကြီး ပေါ်ပေါက်မယ်၊ လူတွေ အများကြီးလည်း အလုပ်ရမယ်။ ဒီအရိုင်းတုံးကို ရောင်းလို့ ၁ ထောင်ပဲ ရရင်၊ တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ရောင်းရင် ၁ သောင်းလည်း ဟုတ်တယ်၊ ၁ သိန်းလည်း ဟုတ်တယ်။ လွှတ်တော်ထဲ ရောက်ရောက် မရောက်ရောက် အခုကတည်းက ကျမ ပြောနေချင်တယ်။ ဒါသည် ပြင်လို့ရတဲ့ဟာ ပေါ့နော်။ ပေါ်လစီနဲ့ ပြင်လိုက်တာနဲ့တင် လူတွေအများကြီးမှာ အခွင့်အရေး ရှိပြီးတော့၊ အခွင့်အလမ်းတွေ ပွင့်ပြီးတော့ လူတွေ စီးပွားရေးတွေ ပိုကောင်းလာမယ်လို့ ကျမတော့ ယူဆပါတယ်။
မေး။ ။ မြန်မာနိုင်ငံ ပြည်ထာင်စု အစိုးရ အဖွဲ့ထဲမှာ၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဘက်မှာ အမျိုးသမီး ဝန်ကြီးတွေ လိုအပ်လာပြီလို့ ဒေါ်သက်သက်ခိုင် မြင်ပါသလား။
ဖြေ။ ။ အမျိုးသမီးလား၊ အမျိုးသားလားထက် အရည်အချင်း ရှိတဲ့သူ၊ လူမှန် နေရာမှန် အဲဒါဖြစ်ဖို့ပဲ ပိုအရေးကြီး ပါတယ်။ လူမှန် နေရာမှန် ဖြစ်ဖို့ အရေးကြီးဆုံးပဲလို့ ကျမ ယူဆပါတယ်။ အမျိုးသမီးတွေ တော်ရဲ့သားနဲ့ အမျိုးသမီးမို့ နောက်ချန် ထားတာ၊ ဒါမျိုးတွေ မဖြစ်သင့်ပါဘူး။
မေး။ ။ တကယ်လို့ နိုင်ငံရေးသာ လုပ်ခွင့်ရမယ်ဆိုရင် တသီးပုဂ္ဂလိပဲ ဖြစ်မလား။ ဘယ်နိုင်ငံရေးပါတီကို စိတ်ဝင်စားတာမျိုး ရှိလား။
ဖြေ။ ။ ဒါက ပြောဖို့ စောနေသေးတယ် ပြောရမလား၊ ကျမက စီးပွားရေး လုပ်ငန်းရှင်လည်း ဖြစ်တယ်။ နောက်တော့ ကျမ စီးပွားရေးကို မှီခိုပြီးတော့ ကျမ စီးပွားကောင်းတဲ့ အတွက်ကြောင့် ဝန်ထမ်း ၄၅၀ နဲ့၊ တခြား ပန်းတိမ်တွေကိုလည်း အလုပ် ပေးထားတယ်။ ဒါတွေကိုလည်း ကျမ ငဲ့ညှာတဲ့ အတွက်ကြောင့် အခုများ ပြောဖို့ စောသေးလားလို့ ကျမထင်မိပါတယ်။
မေး။ ။ စိတ်ဝင်စားတာတော့ ရှိမှာပေါ့နော်။
ဖြေ။ ။ စိတ်ဝင်စားတာတော့ ရှိပါတယ်။