မြန်မာ နိုင်ငံ၌ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အတွင်း လူကုန်ကူး ခံရသူ ၂၄၄ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။
လူကုန်ကူး ခံရသူများမှ ကယ်တင်နိုင်ခဲ့သူ ၂၄၄ ဦးရှိပြီး အသက် ၁၆ နှစ်အောက် ၃၃ ဦး နှင့် အသက် ၁၈ နှစ်အောက် ၂၅ ဦး ပါဝင် ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲမှူး ဒေါ်အေးအေးမြင့်က ပြောသည်။
လူကုန်ကူးခံရသူများတွင် ယောက်ကျားလေး ဦးရေ ၈၀ နှင့် မိန်းကလေး ၁၆၄ ဦး ပါဝင်ပြီး လူကုန်ကူးမှု ကျူးလွန်သည့် အမှုပေါင်း ၉၅ မှုကို အရေးယူခဲ့ကြောင်း၊ ပြစ်မှု ကျူးလွန်သူ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၇၆ ဦး စုစုပေါင်း ၂၅၁ ဦးကို အရေးယူခဲ့ကြောင်း လည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များတွင် မိဘ အုပ်ထိန်းသူများ၏ ယုံကြည်မှု လွန်ကဲခြင်းများကြောင့် ကလေး သူငယ်များ လူကုန်ကူးခံရပြီး ခေါင်းပုံ ဖြတ်ခံရခြင်းများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များသည် မိသားစုအတွင်း စားဝတ်နေရေး မပြေလည်မှုကြောင့် လုပ် ငန်းခွင်ထဲသို့စောစီးစွာ ဝင်ရောက်နေရပြီး မိဘများအနေဖြင့် ပွဲစားများမှ တဆင့် မိမိတို့၏ ကလေးများကို လုပ်ငန်းခွင်သို့စေလွှတ်ခြင်းများသည်ကိုလည်း တွေ့ရှိရသည်။
“ပွဲစား ပြောတာကို ယုံပြီးထည့်ပေးရင် လူကုန်ကူးခံရတာ များပါတယ်။ မိဘ အုပ်ထိန်းသူတွေ အနေနဲ့ အလုပ်အကိုင် အကြောင်း ကို သေသေချာချာ စုံစမ်းပြီးမှ ထည့်ပေးသင့်ပါတယ်”ဟု ကလေးသူငယ် အရေး ဆောင်ရွက်နေသည့် Anti Child Trafficking Networking Group ၏ စည်းရုံးလှုံ့ဆော်မှု တာဝန်ခံ ဦးအောင်ဇော်ထွေး က ပြောသည်။
ရဲမှူး ဒေါ်အေးအေးမြင့်က“၁၆ နှစ်အောက် ကလေးသူငယ်တွေကို ခေါင်းပုံဖြတ်တာမှာ ကလေးရဲ့ သဘောတူညီချက် ရှိသည်ဖြစ် စေ၊ ငွေကြေး သဘောတူညီမှုကို အုပ်ထိန်းသူနဲ့ လူကုန်ကူးသူတို့ ပူးပေါင်းရယူတာမျိုးတွေကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ ပုဒ်မ ၃/က နဲ့ အရေးယူပါတယ်”ဟု ပြောဆိုသည်။
ပြစ်မှု ထင်ရှားပါက လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ ချမှတ်ပြီး ကျူးလွန်သူ တဦး သို့မဟုတ် သုံးဦး အထက်ပါရှိလျှင် အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့ ပြစ်ဒဏ်အရ နှစ်ဆတိုးပြီး ပုဒ်မ ၂၈ ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ စတင်ပြီး ချမှတ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကလေးတွေက အယုံသွင်းရတာလွယ်တယ်၊ တခုခုနဲ့ မက်လုံးလေးတွေ ပေးလိုက်ရင် ကလေးတွေက ခေါ်ဆောင်ရလွယ်တယ်၊ အနိုင့်အထက်ကျင့်ပြီး ခေါ်ရင်တောင် ပိုလွယ်တော့ ကလေးတွေက အဓိက သားကောင်အဖြစ် ပိုပြီး လူကုန်ကူးခံနေရတာများတာကို တွေ့ရတယ်”ဟု ဦးအောင်ဇော်ထွေးက ပြောသည်။
မြန်မာနိုင်ငံ၏ ဥပဒေအရ ၁၆ နှစ်အောက်သည် ကလေးသူငယ်ဖြစ်ပြီး ၁၈ နှစ်အောက်ငယ်သူကို အရွယ်မရောက်သေးသည့် လူငယ်ဟု သတ်မှတ်ထားကြောင်း၊ ကုလသမဂ္ဂ က အသက် ၁၈ နှစ်အောက် ကျား၊မနှစ်မျိုးလုံးကို ကလေးသူငယ်ဟု သတ်မှတ် ထားကြောင်း တွေရှိရသည်။
ကလေးသူငယ်များမှာ တစုံတယောက်၏ အန္တရာယ်ပေးလာမှုကို ကာကွယ်ခုခံနိုင်သည့် ရုပ်ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရင့်သန်မှု မရှိသေးသည့်အတွက် မမွေးဖွားမီနှင့် မွေးဖွားပြီးအချိန်အထိ ဥပဒေအရ ကာကွယ် စောင့်ရှောက်ပေးခြင်းကို ခံယူနိုင် သူများဟု သတ်မှတ်ထားကြောင်းလည်း သိရသည်။
လူ့ အခွင့်အရေး ပညာပေးရေး အဖွဲ့ Equality Myanmar ၏ တာဝန်ခံ ဖြစ်သူ ကိုအောင်ကလည်း“ကျနော်တို့ ကလေးအခွင့်အရေး နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ပေးတယ်၊ မိဘတွေအနေနဲ့ စာအုပ်တွေဖတ်ပြီးရင် အရင်ကထက် ကလေးတွေကို ပိုဂရုစိုက်လာမယ်၊ ပညာရေးမှာ အားပေးလာမယ်၊ ကလေး လူကုန်ကူးမှု အန္တရာယ်တွေကိုလည်း မဖြစ်ခင် ကာကွယ် လာနိုင်မယ်”ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က“ကလေးသူငယ် လူကုန်ကူးမှု ပပျောက်ရေးနေ့ အထိမ်းအမှတ်နှင့် လူထုပညာပေး” အစီအစဉ်ကို မြန်မာနိုင်ငံ ကလေး ကူးသန်း ရောင်းဝယ်မှု ဆန့်ကျင်ရေး ကွန်ရက် Anti Child Trafficking Networking Group က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စက်မှုရိပ်သာ ဝန်းအတွင်း ကျင်းပရာ ဆွေးနွေး တင်ပြခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး United ACT, LCRWG, Bumar Art, TDH, Equality Myanmar အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများက အဓိက လှုပ်ရှား ဆောင်ရွက်နေသည်။
ကမ္ဘာပေါ်တွင် နှစ်စဉ် လူကုန်ကူးခံရနိုင်ဖွယ် သားကောင်အဖြစ် ကလေး ခုနှစ်သိန်း ခန့်ရှိပြီး ၄၄ ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုနှင့် အဓမ္မ ခိုင်းစေခြင်း ခံနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP) ၏ အစီရင်ခံစာ အရ သိရသည်။
ကလေးသူငယ် များစွာ၏ နေအိမ်ဆုံးရှုံးမှု ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုများနှင့် သဘာ၀ ဘေးအန္တရာယ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသည့် ကလေး အမြောက်အမြားရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွင် ပါရှိသည်။