Ethnic Issues

KIA ဖမ်းထားသော တိုင်းရင်သား လူငယ်များ လွတ်မြောက်ရေး ဆန္ဒပြမည်

This article has been converted from Zawgyi One to Unicode

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ဖမ်းဆီးထားသည့် တိုင်းရင်းသား လူငယ်များ ပြန်လည် လွတ်မြောက်ရေး အတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိသည့်တိုင် ဒီဇင်ဘာ ၂၀ ရက်တွင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသား အဖွဲ့တဖွဲ့က ပြောသည်။

“ခွင့်ပြုချက်ကတော့ တရားဝင် မကျသေးဘူး၊ ဒါပေမယ့် ဆန္ဒဖော်ထုတ်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ ခွင့်မပြုလည်း လုပ်မယ်”ဟု ရှမ်း မျိုးနွယ်စု ရေးရာအဖွဲ့မှ ဦးစိုင်းခင်မောင်အေးက ပြောဆိုသည်။

မြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ ယခုလ ၁၅ ရက်နေ့က ခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယနေ့တွင် ဆန္ဒဖော်ထုတ်ရန် အတွက် ဒေသခံများ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ကားဖြင့်လာနေပြီ ဖြစ်ကြောင်း ဦးစိုင်းခင်မောင်အေး က ဧရာဝတီသို့ ပြောသည်။

KIA အနေဖြင့် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် ထပ်မံ ဖမ်းဆီးမှုများ မပြုလုပ်ရန် မြစ်ကြီးနားမြို့ရှိ KIA ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့ရုံး အရှေ့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာလဆန်း ၄ ရက်နေ့ မှ စတင်၍ ၁၆ ရက်နေ့ အထိ ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မံဖွ နှင့် မန်ဝင်းလေ ကျေးရွာ အပါ အဝင် ရွာပေါင်း ၁၄ ရွာမှ ဒေသခံလူ ၈၀ ခန့်ကို KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် KIA တပ်ဖွဲ့ဝင်များက လူဦးရေ ၈၀ ခန့် ဖမ်းဆီးထားရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားသူ တဦး၊ အသက် မပြည့် သူ တဦးနှင့် ကျန်းမာရေး ချွတ်ယွင်းသူ ၃ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ဦးစိုင်းခင်မောင်အေးက ဆက်ပြောပြသည်။

ဖမ်းဆီးခံထားရသည့် လူ ၂၀ ကျော်ကို KIA တပ်ဖွဲ့ဝင်များက ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့ကမူ အတည်ပြုချက် မရရှိသေးကြောင်း ပြောဆိုသည်။

KIA တပ်ဖွဲ့ဝင်များက လူငယ်ဒေသခံများကို တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အောက် လူငယ် အများဆုံး ပါဝင်ကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့က နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များထံသို့ ပေးပို့ထားသည့် စာတွင် KIA အဖွဲ့သည် ရှမ်းမျိုးနွယ်စုများအား လက်နက် အားကိုး အနိုင်ကျင့်မှုများ ရပ်တန်းက ရပ်ရန်နှင့် ဖမ်းဆီးခံရသူများကို ပြန်လွှတ် ပေးရန် တိုက်တွန်းထားသည်။

ဆက်လက်ကျူးလွန်သော အနိုင်ကျင့်မှုများကြောင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ကြီးထွားလာပါက အဓိက တရားခံသည် KIA အဖွဲ့သာ ဖြစ်သည်ဟုလည်း စာတွင် ပါရှိသည်။

KIA အဖွဲ့က တပ်သားသစ် စုဆောင်းရန် ဒေသခံလူငယ်များကို ဖမ်းဆီးနေသည်ဟု ပြောဆိုမှုများနှင့် ပတ်သက်ပြီး KIA မဟာဗျူဟာ လေ့လာရေး ဌာနမှ ဦးဒေါင်ခါး ကတော့ တိုက်ပွဲများ ဆက်လက် ဖြစ်နေသည့် အတွက် တပ်သားသစ် စုဆောင်းသွားရမည်ဟု ဘီဘီစီ မြန်မာပိုင်းသို့ ပြောဆိုထားသည်။

Loading