ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး တည်ဆောက်ရန် စီစဉ်နေသည့် ရဲတပ်ရင်းကို လွှတ်တော်၌ တင်သွင်း ကန့်ကွက်သွား မည် ဖြစ်ကြောင်း သိရသည်။
“ရဲတပ်ရင်းဆောက်ဖို့ စီစဉ်နေတဲ့ နေရာဟာ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေ၊ တောတောင်တွေဖြစ်နေ တယ်၊ ဒီနေရာမှာ ရဲတပ်ရင်း ဆောက်ဖို့မလိုအပ်ဘူး၊ ဒေသခံတွေကလည်းပဲ ကန့်ကွက်နေကြတယ်၊ လွှတ်တော်မှာ တင်ပြဖို့ အတွက် တောင်းဆိုထားကြတယ်၊ လာမယ့်လွှတ်တော် အစည်းအဝေးမှာ တင်ဖို့ရှိတယ်”ဟု ကျောက်ဖြူ ဒေသခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ဧရာဝတီ ကို ပြောသည်။
ကျောက်ဖြူဒေသ၌ ခရိုင်၊ မြို့နယ်ရှိ ရဲတပ်ဖွဲ့များကိုသာ အင်အားဖြည့် တိုးချဲ့ရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ ဒေသ၌ ရဲတပ်ဖွဲ့အပြင် အစိုးရ စစ်တပ်၏ တပ်ရင်း အများအပြားနှင့် ဓညဝတီ ရေတပ် စခန်း ဌာနချုပ်တို့ တည်ရှိထားပြီး ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် တည်ဆောက်ရန် လိုအပ်လျှင်လည်း အများပြည်သူ လုပ်ကိုင်စားသောက်မှု မရှိသည့်နေရာတွင်သာ ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဦးဘရှိန် က ပြောဆိုသည်။
ကျောက်ဖြူမြို့အနီး အုန်းတောကျေးရွာ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လယ်မြေများနှင့်တဆက်တည်း တည်ရှိသော နွားစားကျက်မြေများ၊ တောင်ယာလုပ်ငန်းများ စသည့် တောတောင်မြေ ဧက ၂၀၀ ကျော်ကို မြေလွတ် မြေရိုင်းများ ဟု ဆိုကာ ရဲတပ်ရင်း တည်ဆောက်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ရေး လုပ်ငန်း များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူဒေသတွင် နိုင်ငံတကာ စီမံကိန်းကြီးများ တည်ဆောက်နေပြီဖြစ်၍ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ဧည့် သည်များလာရောက်မည် ဖြစ်သောကြောင့် နိုင်ငံခြားသားများ၏ လုံခြုံရေးကို ကာကွယ်ရန် ရဲတပ်ရင်း တည်ဆောက်ရမည် ဖြစ်ကြောင်း၊ အုန်းတောရွာခံများနှင့် ပြီးခဲ့သည့်လအတွင်း တွေ့ဆုံစဉ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူးကြီး ကျော်ထွဋ် က ပြောဆိုခဲ့ ကြောင်း ဒေသခံများ က ပြောသည်။
“နိုင်ငံတကာ စီမံကိန်းတွေနဲ့ဆက်စပ်ပြီး နိုင်ငံခြားသားတွေ လာမယ်၊ ဒီလူတွေကို လုံခြုံရေး ယူပေးဖို့၊ ကာကွယ်ပေးဖို့ ရဲတပ် ရင်းဆောက်ဖို့ လိုအပ်တယ်လို့ ရွာသားတွေနဲ့တွေ့တုန်းက ခရိုင်ရဲမှူး ဦးကျော်ထွဋ် က ပြောတယ်၊ ရဲတပ်ရင်း အတွက် ဧက ၂၀၀ ကျော် သိမ်းထားတာဟာ တကယ်တော့ မြေလွတ်မြေရိုင်း တခုမှ မပါဘူး”ဟု အုန်းတောရွာခံ တဦး က ပြောပြသည်။
ရဲတပ်ရင်း တည်ဆောက်မည့်နေရာများသည် နွားစားကျက်မြေများနှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်စားသောက်နေ သည့် မြေများဖြစ်ကြောင်း၊ ထိုနေရာ၌ တပ်ရင်း တည်ဆောက်ပါက ဆက်စပ်နေသည့် လယ်ယာမြေများကို လုပ်ကိုင်စား သောက် နိုင်တော့မည် မဟုတ်ကြောင်း အုန်းတောရွာခံ ဦးသာဝင်း ကလည်း ပြောသည်။
“သစ်ပင်တွေအားလုံး ခုတ်လိုက်ရင် တောင်အောက်က လယ်တွေက လုံး၀ လုပ်စားလို့ မရတော့ဘူး၊ သိမ်းထားတဲ့တောင်မှာ ရွာသားတွေ တနိုင်တပိုင် လုပ်စားနေတဲ့ ရေနံတွင်း တချို့လည်း ပါဝင်နေတယ်”ဟု ၎င်းက ဆိုသည်။
သိမ်းထားသည့် မြေပေါ်တွင် ရဲတပ်ရင်း တည်ဆောက်ရေး လုပ်ငန်းခွင်များအတွက် မြန်မာ့အလှ ကုမ္ပဏီနှင့် အီးဂဲလ် ကုမ္ပဏီ တို့က အုတ်၊ သဲ၊ ကျောက် စသည့် ပစ္စည်းများကို စုဆောင်းနေပြီ ဖြစ်ကြောင်း သိရသည်။
ဒေသခံများ ကန့်ကွက်သော်လည်း တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ သိမ်းယူထားသည့် မြေများ နှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသခံ နိုင်ငံရေးပါတီများ၊ လွှတ်တော် အသီးသီးတို့ထံ တိုင်ကြားစာများ ပေးပို့ထားကြောင်း၊ ပြည်သူများ၏ ဆန္ဒကို တစုံတရာ ဆောင်ရွက်မပေးပါက ဒေသခံများအနေဖြင့် ဆန္ဒ ထုတ်ဖော် ကန့်ကွက် မည် ဖြစ်ကြောင်း အုန်းတောရွာခံ ဦးမောင်အေးသန်း က ပြောသည်။
ကျောက်ဖြူ၌ တည်ဆောက်မည့် ရဲတပ်ရင်းသည် ဒေသတွင်း စီမံကိန်းများနှင့်ပတ်သက်၍ ကျေနပ်မှု မရှိပါက ဒေသခံများ အနေဖြင့် ဆန္ဒထုတ်ဖော်မှု၊ ကန့်ကွက်မှုများ စသည့် လူစုလူဝေးများ ဖြစ်ပေါ်က အလွယ်တကူ နှိပ်ကွပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ရန် ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများ က ပြောဆိုကြသည်။
ရဲတပ်ရင်း တည်ဆောက်ရေး စီမံကိန်းတွင် ရဲဘက်ဆိုင်ရာ အဆောက်အအုံများ၊ လူနေတိုက်ခန်းများ ဆောက်လုပ်ရေး လုပ် ငန်းများ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် စုစုပေါင်း လူအင်အား ၈၀၀ ကျော်နေထိုင်မည်ဟု သိရသည်။
ထိုစီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ခရိုင်ရဲမှူး ဒု ရဲမှူးကြီး ဦးကျော်ထွဋ် အား ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း မရရှိခဲ့ပေ။