အင်္ဂလိပ်အစိုးရအား အကြမ်းမဖက်သည့်နည်းဖြင့် အာဏာဖီဆန် တော်လှန်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် စိန်ရတုပွဲကို ဗိုလ်အောင်ကျော်၏ ဇာတိဖြစ်သည့် ဟင်္သာတမြို့တွင် ယနေ့ကျင်းပခဲ့သည်။
ဟင်္သာတမြို့တွင် ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်သည့် ဗိုလ်အောင်ကျော် ကျဆုံးခြင်း အထိမ်းအမှတ်အပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ဟင်္သာတခရိုင် ကျောင်းသားသမဂ္ဂက တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗိုလ်အောင်ကျော် လွမ်းစေတီတွင် ပန်းခွေချခြင်း၊ ဂုဏ်ပြုကဗျာရှည်များ ရွတ်ဖတ်ခြင်းနှင့် စာပေဟောပြောပွဲများ ကျင်းပခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
“လွန်ခဲ့တဲ့ ၇၅ နှစ်က ကိုလိုနီနယ်ချဲ့စနစ်ရဲ့ ဆိုးဝါးတဲ့ပညာရေးရယ်။ ဆိုးဝါးတဲ့နိုင်ငံရေး အခြေအနေတွေကို ကျနော်တို့ ကျောင်းသား ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်အောင်ကျော်က ရွပ်ရွပ်ချွံချွံ တော်လှန်နိုင်ခဲ့တယ်။ ဒါကို လက်ရှိ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ ပြန်ပြောင်း သတိရဖို့ လိုအပ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ သူ့ရဲ့စိတ်ဓာတ်၊ သူ့ရဲ့ဇွဲသတ္တိဆိုတဲ့ ကောင်းမြတ်တဲ့အရာတွေကို စံနမူနာယူဖို့ သိမ်းဆည်းထားဖို့ လိုအပ်တယ်။ ဒါကြောင့် နောက်မျိုးဆက်တွေသိရှိအောင် လက်ဆင့်ကမ်းတဲ့အနေနဲ့ ကျင်းပတာပါ” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗ.က.သ) ဗဟိုကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ဗိုလ်အောင်ကျော်ရဲ့ မပြီးဆုံးသေးတဲ့ တာဝန်ဖြစ်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု၊ု နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ကျနော်တို့တွေက ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ သနိ္နဌာန်ချတဲ့အနေနဲ့ ပွဲကို ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု ပြောသည်။
ဗိုလ်အောင်ကျော်သည် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ဆန္ဒပြရင်း မြင်းစီးပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်အောင်ကျော်သည် ဗမာ့လွတ်လပ်ရေးအတွက် ပထမဆုံး အသက်စတေးခဲ့သော တက္ကသိုလ်ကျောင်းသား အာဇာနည်တဦး ဖြစ်သည်။
ဗိုလ်အောင်ကျော် စိန်ရတုပွဲ အထိမ်းအမှတ်အဖြစ် င်္ဟသာတမြို့ ဦးအောင်မြတ်ကျော် ခန်းမတွင် စာပေဟောပြောပွဲတရပ် ယမန်နေ့က ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ စာရေးဆရာမ နှင်းပန်းအိမ်နှင့် စာရေးဆရာ ဦးခမ်းဝင်းတို့က ဟောပြောခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ဗိုလ်အောင်ကျော်၏ မွေးရပ်ဇာတိရွာဖြစ်သည့် ဟင်္သာတမြို့ မယ်ဇလီကုန်းကျေးရွာတွင် တည်ထားသည့် ဗိုလ်အောင်ကျော် လွမ်းစေတီတွင် ဗကသ ကျောင်းသားခေါင်းဆောင်များ၊ ခရိုင်ကျောင်းသား သမဂ္ဂများနှင့် ဟင်္သာတမြို့မှ နိုင်ငံရေးအသိုင်းအဝိုင်းများက လွမ်းသူ့ပန်းခွေချခြင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်းနှင့် ကဗျာရှည်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဗိုလ်အောင်ကျော် ကျဆုံးခြင်း စိန်ရတုပွဲသို့ တောင်ငူခရိုင်၊ ဟင်္သာတခရိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် အခြေခံကျောင်းများ ကျောင်းသားသမဂ္ဂတို့က သဝဏ်လွှာများပေးပို့ခဲ့ကြပြီး သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂ တာဝန်ခံများက ဗိုလ်အောင်ကျော်လွမ်းစေတီတွင် ဖတ်ကြားခဲ့ကြသည်။
နောင်တွင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဖြစ်လာမည့် ကိုအောင်ကျော်ကို ၁၉၁၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဖဦးကျော်ထင်နှင့် အမိဒေါ်ရွှေကျော့တို့မှ အင်္ဂပူမြို့နယ် ရုံးဇင်ရွာတွင် မွေးဖွားခဲ့သည်။
အလယ်တန်းပညာကို ဟင်္သာတမြို့နယ် မယ်ဇလီကုန်း အမျိုးသားကျောင်းမှ အောင်မြင်ခဲ့ပြီး၊ အထက်တန်းပညာကို ဟင်္သာတမြို့တွင် သင်ကြားအောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်မြိုရှိ ဂျပ်ဆင်ကောလိပ်တွင် ဥပစာတန်း တက်ရောက်နေစဉ် ကျောင်းသားလှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။
သခင်အောင်ဆန်း၊ သခင်နုတို့နှင့် ခေတ်ပြိုင် ကျောင်းသားဖြစ်သည့် ဗိုလ်အောင်ကျော်သည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူတဦးဖြစ်ပြီး မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုကို လေးစားတန်ဖိုး ထားသူတဦးလည်း ဖြစ်သည်။
၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးတွင် သခင်ဘိုးလှကြီး ဦးဆောင်၍ သပိတ်တပ်သားများက ရန်ကုန်မြို့သို့ ချီတက်လာခဲ့ရာ ဒေါက်တာဘမော်နှင့် ဘုရင်ခံ အလုပ်အမှုဆောင်အဖွဲ့က ယင်းလုပ်ရပ်ကို ရှုတ်ချလိုက်ပြီး အင်္ဂလိပ်အစိုးရက သပိတ်တပ်အာ ဖြိုခွင်းမည်ဟု သတင်းရသည့်အတွက် ဗ.က.သ အဖွဲ့က သပိတ်တပ်ကြီးနှင့် ပူးပေါင်းရန် ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကို မကွေးမြို့သို့ စေလွှတ်ခဲ့သည်။
ဗ.က.သ က စေလွှတ်ခဲ့သည့် ကိုဗဟိန်းနှင့် ကိုဗဆွေတို့အား အင်္ဂလိပ်အစိုးရက ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မကွေးမြို့၌ ဖမ်းဆီးခဲ့ရာ ဗ.က.သ ကျောင်းသားခေါင်းဆောင်များက အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးပင် မနေရာဖြစ်သည့် အတွင်းဝန်ရုံးအား ပိတ်ဆို့ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗိုလ်အောင်ကျော် အပါအဝင် ကျောင်းသားပေါင်း ၇၀၀၀ ကျော်က ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးအား ဝိုင်းဝန်းပိတ်ဆို့ဆန္ဒပြပြီး အပြန်တွင် ဂေါ်ရာမြင်းစီးပုလိပ်များ၏ ရိုက်နှက်မှုကြောင့် ဗိုလ်အောင်ကျော် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့်ပင် တက္ကသိုလ်ဆေးရုံး၌ ကျဆုံးခဲ့သည်။
ဗိုလ်အောင်ကျော် ကျဆုံးမှုသတင်းမှာ တနိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး ယင်းအား အကြောင်းပြု၍ မြန်မာတနိုင်ငံလုံးရှိ ကျောင်းများက အင်္ဂလိပ်အစိုးရအား ဝိုင်းဝန်းသပိတ်မှောက်ခဲ့ကြသည်။
ဗိုလ်အောင်ကျော်၏ ဈာပနကိုလည်း လူထောင်ပေါင်းများစွာ လိုက်လံပို့ဆောင်ခဲ့ပြီး လူအများ၏ ထောက်ခံမှုဖြင့် ဗိုလ်အောင်ကျော်အား “နေမျိုး သီဟသူရ ဗိုလ်အောင်ကျော်” ဟူသောဘွဲ့ ပေးအပ်ဂုဏ်ပြုခဲ့ကြသည်။