ကချင် လွတ်လပ်ရေး တပ်မတော်(KIA)က ဖမ်းဆီးထားသည့် ရှမ်း တိုင်းရင်းသား လူငယ်များ ပြန်လည် လွတ်မြောက်ရေးအတွက် ယနေ့ လမ်းလျှောက် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို မြစ်ကြီးနားမြို့ရှိ ဝန်းသို ဘုန်းကြီးကျောင်းအတွင်း ပြောင်းရွှေ့ပြုလုပ်ကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIA ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့ရုံး ရှေ့တွင် ဆန္ဒဖော်ထုတ်ရန် မူလက စီစဉ်ထားခြင်း ဖြစ် သည်။
KIA ရုံးရှေ့သို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို အစိုးရ အာဏာပိုင်များက ဆီးဂိမ်း ကျင်းပနေသော အချိန်တွင် တနိုင်ငံလုံး အရေးပေါ်ကာလ သတ်မှတ်ထားသည့် အတွက် ခွင့်မပြုကြောင်း တရားဝင် စာပို့ထား၍ အစီအစဉ်ပြောင်းရခြင်း ဖြစ်သည် ဟု ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့မှ နာယက ဦးစိုင်းသာဇုံ က ဧရာဝတီသို့ ပြောသည်။
“ဒါကြောင့် လမ်းမကြီး တလျှောက် ဆန္ဒဖော်ထုတ်ဖို့ မလုပ်တော့ဘူး၊ ဝန်သို ကျောင်းတိုက်ထဲမှာပဲ လူထုညီလာခံ ဟောပြောပွဲနဲ့ အစည်းအဝေး တရပ်ပြုလုပ် လိုက်တယ်”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် အနှံ့ရှိ တခြားသော တိုင်းရင်းသားများကို KIA တပ်ဖွဲ့များက အဓမ္မ တပ်သားစုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း စသည့် လူအခွင့်အရေး ချိုးဖောက်ခြင်းတို့ကို ဆန့်ကျင်သည့် အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ဦးစိုင်းသာဇုံ က ဆက်ပြောသည်။
“ရသင့်ရထိုက် လုပ်သင့် လုပ်ထိုက်တဲ့ အခွင့်အရေးကို ဥပဒေ ဘောင်အတွင်းကနေ လုပ်တာပါ၊ ဥပဒေကို ဆန့်ကျင် ပြီးတော့မလုပ် ချင်လို့၊ ဥပေဒကိုဆန့်ကျင်ပြီး လုပ်တယ်ဆိုတာ ယဉ်ကျေးမှုမရှိတဲ့ လူတွေရဲ့ အလုပ်ဖြစ်တယ်လို့ ကျနော်တို့ခံယူထားတာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ မလုပ်လိုက်ပါဘူး၊ ဥပေဒေ ဘောင်အတွင်းကပဲ လုပ်လိုက်တာပါ”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။
ဆန္ဒဖော်ထုတ်သူများက ၎င်းတို့၏ ခံစားချက်များ အပါအဝင် ဖမ်းဆီးထားသည့် လူငယ်များကို အမြန်ဆုံး ပြန်လွှတ်ပေးရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကျောင်းဝင်းအတွင်း၌ပင် ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ် ပွဲသို့ တက်ရောက်လာသူဦးရေ ထောင်ချီ ရှိကြောင်း ဦးစိုင်းသာဇုံက ဆိုသည်။
“လူထုကို နှိပ်စက်နေတဲ့ KIA ရဲ့ အကြောင်းအရာတွေကို ရှုတ်ချတဲ့ပွဲကို တောင်းဆိုထားတဲ့ ကျနော်တို့ကို ခွင့်မပြုဘူးဆိုတော့ ကျနော် တို့ ရှမ်းလူမျိုးတွေရဲ့ ရင်ထဲမှာ ခံစားလိုက်ရတယ်”ဟုလည်း ၎င်းက ပြောသည်။
ဒီဇင်ဘာလဆန်း ၄ ရက်နေ့ မှ စတင်၍ ၁၆ ရက်နေ့အထိ ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မံဖွ နှင့် မန်ဝင်းလေ ကျေးရွာ အပါ အဝင် ရွာပေါင်း ၁၄ ရွာမှ ဒေသခံလူ ၈၀ ခန့်ကို KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ KIA တပ်ဖွဲ့ဝင်များက လူငယ်ဒေသခံများကို တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် ဖမ်းဆီးခြင်း ဖြစ်ပြီး အသက် ၁၈ နှစ်အောက် လူငယ် အများဆုံး ပါဝင်ကြောင်း သိရသည်။
နောက်ဆုံးရရှိထားသည့် သတင်းများအရ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသည့် ဒေသခံ ၃၂ ဦး မံစီမြို့နယ်သို့ ပြန်ရောက်နေပြီ ဖြစ် ကြောင်း၊ ပြန်လည် လွတ်မြောက်လာသူများ အနေနှင့် ပိုက်ဆံပေးဆောင်ရခြင်း ရှိမရှိ မသိရသေးကြောင်း ဦးစိုင်းသာဇုံက ပြော သည်။
“ကျနော်တို့ မတောင်းဆိုဘဲနဲ့ ပြန်လွှတ်ပေးခြင်း မရှိပါဘူး၊ တချို့ကလည်း ပိုက်ဆံ ၁၅ သိန်း ပေးခဲ့ရတယ်၊ တချို့မပေးခဲ့ရဘူးလို့ ကြားပါတယ်”ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့က နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များ ထံ ပေးပို့ထားသည့်စာတွင် KIA အဖွဲ့သည် ရှမ်းမျိုးနွယ်စုများအား လက်နက် အားကိုး အနိုင်ကျင့်မှုများ ရပ်တန်းက ရပ်ရန်နှင့် ဖမ်းဆီးခံ ရသူများကို ပြန်လွှတ်ပေးရန် တိုက်တွန်းထားသည်။ ဆက်လက်ကျူးလွန်သော အနိုင်ကျင့်မှုများကြောင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်ကြီးထွားလာပါက အဓိက တရားခံသည် KIAအဖွဲ့သာ ဖြစ်သည်ဟုလည်း ၎င်းစာတွင် ပါရှိသည်။