၁၉၉၇ ခုနှစ် နွေရာသီတွင် အထင်ကရ ဂျပန်သတင်းစာကြီးတစောင်က ကျနော့်ကို မေးခွန်းတခု မေးသည်။ “၂၀ ရာစုတွင် ဖြစ်ပျက်ခဲ့သော မည်သည့်ဖြစ်ရပ်ကို ကျနော့်အနေဖြင့် အရေးအကြီးဆုံးဟု သဘောရသနည်း” ဆိုသော မေးခွန်းဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်းမှာ ကြီးကျယ် လေးနက်သောဖြစ်ရပ်များ အမြောက်အမြား ဖြစ်ပျက်ခဲ့သောကြောင့် ယခုအမေးသည် ထူးထူးခြားခြား အတွေးကို လှုံ့ဆွပေးသည့် မေးခွန်းတပုဒ်ပဲဟု ကျနော် နားလည်လိုက်သည်။
ဥရောပ အင်ပါယာကြီးတွေ နိဂုံးချုပ်သွားခဲ့သည်။ အထူးသဖြင့် ၁၉ ရာစုတွင် လွှမ်းမိုးကြီးစိုးခဲ့သော အင်္ဂလိပ်နှင့် ပြင်သစ် အင်ပါယာကြီးများ ဖြစ်သည်။ ကမ္ဘာစစ်ကြီး နှစ်ခုကို ကျနော် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒတို့၏ နေထွက်ချိန်ကိုရော၊ နေဝင်ချိန်ကိုပါ ကျနော်တို့ မြင်ခဲ့ရသည်။ ဒီရာစုအနေဖြင့် ကွန်မြူနစ်ဝါဒ ပေါ်ထွန်းလာမှု၊ (ယခင် ဆိုဗီယက်အုပ်စုတွင်) ၎င်း၏ ကျဆုံးခန်းနှင့် (တရုတ်နိုင်ငံတွင်) ဤဝါဒအပေါ် အရင်းအမြစ်ကျကျ ပြုပြင်ပြောင်းလဲခဲ့ပုံများကိုလည်း မြင်တွေ့ခဲ့ကြရသည်။
အနောက်အုပ်စု ကြီးစိုးသော စီးပွားရေးကနေ ဂျပန်၊ အရှေ့နှင့် အရှေ့အာရှ နိုင်ငံများက ပိုမို ကြီးစိုး ခြယ်လှယ်လာနိုင်သော စီးပွာရေးချိန်ခွင်သစ်ဆီ အရွေ့ကိုလည်း ကျနော်တို့ မြင်ခဲ့ရသည်။ ယခုအချိန်တွင် အဆိုပါဒေသများအနေဖြင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာတချို့ကို ပြန်လည် တည့်မတ်ဖြေရှင်း နေရသည့်တိုင်၊ ဆယ်စုနှစ်များစွာနှင့်ချီ၍ (ဂျပန်နိုင်ငံ အနေဖြင့် ဆိုပါက ရာစုနှစ်တစ်ခုလုံး နီးပါး) ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ စီးပွားရေးချိန်ခွင်လျှာ အရွေ့ကိုတော့ ဤအရာများက ချေဖျက်နိုင်လိမ့်မည် မဟုတ်ပေ။
ဤသို့ဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ သည် အရေးကြီးသော အဖြစ်အပျက်များနှင့် ကင်းကွာနေခဲ့သည်ဟူ၍ မရှိပေ။
သို့နှင့်တိုင် ၂၀ ရာစုတွင် ပေါ်ပေါက်ခဲ့သော များပြားလှသည့် အသစ်ဖြစ်ထွန်းတိုးတက်မှု အမျိုးမျိုးထဲမှ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာခြင်းကို ဤကာလ၏ ပြိုင်ဘက်ကင်းသော အသစ်ဖြစ်ထွန်းတိုးတက်လာမှု တခုအဖြစ် အဆုံးသတ် ရွေးချယ်ရာတွင် ကျနော့်အနေဖြင့် အခက်အခဲ တစုံတရာ မရှိခဲ့ပေ။ ဤသို့ဆို၍ တခြားသော ကြုံကြိုက်ဖြစ်ပျက် ခဲ့ရမှုများသည်လည်း အရေးကြီးပါသည်ဟု ဆိုခြင်းအပေါ် ငြင်းပယ်ခြင်း မဟုတ်ပေ။ သို့တိုင်အောင် အလှမ်းကွာလှသော အနာဂတ်ကာလတခု၌ ဤရာစုတွင် ဖြစ်ပျက်ခဲ့သည်များကို လူသားတို့အနေဖြင့် ပြန်လည် တွေးတောကြည့်သည့်အခါ ထူးထူးခြားခြား လက်ခံနိုင်ဖွယ်ရာ အုပ်စိုးမှုပုံစံတရပ်အဖြစ် ဒီမိုကရေစီစနစ် ပေါ်ထွက်လာခြင်းကို ထိပ်ဆုံးက နေရာမပေးရေးအတွက် သဘောတူညီမှု ရဖို့တော့ အခက်အခဲ တွေ့လိမ့်မည်ဆိုသည်ကို ကျနော့်အနေဖြင့် စောဒကတက်ရပါလိမ့်မည်။
တကယ်တော့ ဒီမိုကရေစီဟူသည့် သဘောတရားသည် လွန်ခဲ့သော ထောင်စုနှစ်ခု ကျော်လောက်က ရှေးခေတ်ဟောင်း ဂရိတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယအပါအဝင် တခြားသော နေရာများတွင်လည်း ဒီမိုကရေစီ ထွန်းကားလာစေရေးအတွက် ဟိုတစဒီတစ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့ပါသည်။ သို့နှင့်တိုင် ဒီမိုကရေစီ သဘောတရားများ ယိမ်းယိုင်ပြိုကျသွားက၊ ပို၍အာဏာရှင်ဆန်သော အချိုးမညီသည့် အစိုးရပုံစံများနှင့် အစားထိုးမလာခင်အထိ ဒီမိုကရေစီ သဘောတရားများ ရုပ်လုံးပေါ်လာပြီး လေးလေးနက်နက် ခံယူကျင့်သုံးခဲ့ကြသည်မှာ ရှေးခေတ်ဟောင်း ဂရိနိုင်ငံတွင်သာ ဖြစ်သည် (သို့သော်ငြားလည်း အကန့်အသတ် အတိုင်းအတာအတွင်းမှာသာ ဖြစ်ပါသည်)။ နောက်ထပ် မည်သည့်နေရာတွင်မှ တခြားပုံစံအမျိုးအစားများ မရှိခဲ့ပေ။
ထို့နောက်တွင်မူ သိကြသည့်အတိုင်း ဒီမိုကရေစီ ပေါ်ထွန်းလာရန် ကာလရှည်ကြာ အချိန်ယူခဲ့ကြရပါသည်။ လက်တွေ့ ကျင့်သုံးနိုင်သော အုပ်ချုပ်မှုစနစ် ပုံစံတရပ်အနေဖြင့် တဖြည်းဖြည်း အဆုံးတိုင် အောင်ပွဲခံ ပေါ်ထွန်းလာမှုအပေါ် အသစ် ဖြစ်ထွန်းတိုးတက်မှု အမြောက်အမြားက အထောက်အပံ့ပြုခဲ့ကြပါသည်။ အဆိုပါ အသစ်ဖြစ်ထွန်း တိုးတက်မှုများတွင် ၁၂၁၅ ခုနှစ် မဂ္ဂနာကာတာစာချုပ် လက်မှတ်ရေးထိုးခြင်းမှသည် ၁၈ ရာစုတွင် ဖြစ်ပွားခဲ့သည့် ပြင်သစ်နှင့် အမေရိကန်မှ တော်လှန်ရေးများ၊ ၁၉ ရာစုမှာ ဥရောပနှင့် မြောက်အမေရိကတွင် မဲဆန္ဒပေးပိုင်ခွင့်ကို ချဲ့ထွင်နိုင်ခဲ့ခြင်းများအထိ ပါဝင်သည်။ သို့သော် ၂၀ ရာစုတွင်မူ ဥရောပ၊ အမေရိက၊ အာရှ၊ အာဖရိက ဘယ်ဒေသမှ မည်သည့်နိုင်ငံတွင်မဆို ကျင့်သုံးပိုင်ခွင့်ရှိသည့် ပုံမှန် အုပ်ချုပ်မှုပုံစံတခုအနေဖြင့် ဒီမိုကရေစီသဘောတရားသည် နေသားတကျ ဖြစ်လာခဲ့သည်။
လောကလုံးဆိုင်ရာ ကတိကဝတ် တခုအနေဖြင့် ဒီမိုကရေစီ သဘောတရားသည် အတော်လေး အသစ်အဆန်းဖြစ်နေပြီး ၂၀ ရာစု၏ အနှစ်သာရရှိရှိ ပေါ်ထွက်လာခဲ့သော ထွက်ကုန်တခု ဖြစ်ပါသည်။ မဂ္ဂနာကာတာစာချုပ် မှတဆင့် အင်္ဂလန်ပြည့်ရှင်ဘုရင်ကို ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည့် အာဏာဖီဆန်သူများသည် ဒေသတခုလုံးအနေဖြင့် လိုအပ်ချက်ကို သိမြင်ခဲ့သည်။ မတူကွဲပြားသည်မှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူ အမေရိကန်များနှင့် ပြင်သစ် တော်လှန်ရေးသမားများ အနေဖြင့် အများနှင့်ဆိုင်သော စနစ်တစ်ရပ်အဖြစ် ဒီမိုကရေစီ သဘောတရားလိုအပ်မှုကို သိမြင်နားလည်လာရေးတွင် ကြီးကြီးမားမား ပါဝင် ဖြည့်ဆည်းခဲ့ကြခြင်းဖြစ်သည်။ သို့နှင့်တိုင် ၎င်းတို့၏ လက်တွေ့တောင်းဆိုမှုများသည် ဒေသတွင်းအနေဖြင့်သာ ရှိနေခဲ့ခြင်းဖြစ်သည်။ တကယ့်လက်တွေ့အားဖြင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၏ ဟိုဘက်သည်ဘက် နယ်နိမိတ် အကန့်အသတ်အတွင်းမှာသာ ရှိနေခဲ့ပြီး အဆိုပါဒေသ၏ ထူးခြားသော လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ သမိုင်းအပေါ်တွင်သာ အခြေခံခဲ့ခြင်းဖြစ်သည်။
၁၉ ရာစုတလျှောက်လုံးတွင် ဒီမိုကရေစီ သဘောတရားပညာရှင်များအဖို့ နိုင်ငံတနိုင်ငံ (သို့မဟုတ်) တခြားတနိုင်ငံသည် ဒီမိုကရေစီနှင့် သင့်လျော်ခြင်း ရှိ/မရှိအပေါ် ဆွေးနွေးခဲ့ကြခြင်းကို အတော်လေး သဘာ၀ ကျသည်ဟု သိမြင်နားလည်ခဲ့ကြသည်။ ၂၀ ရာစုရောက်မှသာ ထိုသို့ မေးခွန်းထုတ်ခြင်း ကိုယ်နှိုက်က မှားယွင်းနေကြောင်း သိမှတ် လက်ခံလာကြပြီး ယင်းသို့ စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲသွားစေခဲ့သည်။ နိုင်ငံတနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိသည်ဆိုတာမျိုး အဆုံးအဖြတ်ပေးရန် မလိုဘဲ ဒီမိုကရေစီစနစ်မှတဆင့် တည့်မတ် ကောင်းမွန်လာစေရမည်သာ ဖြစ်သည်။ တကယ်စင်စစ် ဤသို့ စဉ်းစားတွေးခေါ်လာခြင်းမှာ အလွန်အရေးပါသော အပြောင်းအလဲတရပ် ဖြစ်ခဲ့ပြီး မတူညီသော ချမ်းသာကြွယ်ဝမှု အဆင့်အတန်းများ၊ ပြောင်းလဲနေသော ၎င်းတို့၏ သမိုင်းအဖြစ်အပျက်များ၊ ယဉ်ကျေးမှုများနှင့် သန်းထောင်ချီသော လူသားတို့အပေါ် လွှမ်းခြုံနိုင်စေရေး၊ ဒီမိုကရေစီ လက်တံကို ရှည်နိုင်သမျှ ရှည်ရှည်ဆန့်ထုတ်နိုင်ခဲ့သည်။
“အရွယ်ရောက်သူအားလုံး မဲပေးပိုင်ခွင့်” ဟုဆိုခြင်းမှာ အမျိုးသားများ သက်သက်သာမက၊ အမျိုးသမီးများ အပါအဝင် အားလုံးကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နောက်ဆုံးတွင် လက်ခံခဲ့ကြရသည်မှာလည်း ဤရာစုတွင် ဖြစ်သည်။ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလတွင် ထူးချွန်ထက်မြက်သော အာဂ အမျိုးသမီးတဦးဖြစ်သည့် ဆွစ်ဇာလန် သမ္မတ ရုသ် ဒရိုင်းဖက်စ် နှင့် ဆုံတွေ့ခွင့်ရသည့်အခါ လွန်ခဲ့သော ၂၅ နှစ်ခန့်က ဆွစ်အမျိုးသမီးများအဖို့ မဲပေးခွင့်ပင် မရသေးသည်ကို ကျနော့်အနေဖြင့် ပြန်လည် အမှတ်ရမိခဲ့ပါသည်။ လူသားအားလုံး မဲပေးခွင့်ဆိုသည်မှာ ဘာမျှ အဆန်းတကြယ် ဖြစ်မနေဘဲ နေရာတိုင်းတွင် ကျင့်သုံး၍ရသည်ကို နောက်ဆုံးတွင် ကျနော်တို့ သဘောပေါက်လာခဲ့ပါသည်။ ကရုဏာတရား ကဲ့သို့ လူသားအားလုံးနှင့် သက်ဆိုင်သည့် သဘောပင် ဖြစ်သည်။
ဒီမိုကရေစီ သဘောတရားများ တလောကလုံး ပျံ့နှံ့စေရေး အဆိုအပေါ် စိန်ခေါ်မှုများရှိသည်ကို ကျနော့်အနေဖြင့် မငြင်းလိုပါ။ အဆိုပါ စိန်ခေါ်မှုများသည် အနေအထားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြစ်လာပြီး လားရာအမျိုးမျိုးမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ တကယ်စင်စစ် ၎င်းသည်ပင် စာတမ်း၏ ဆွေးနွေးဖွယ်ရာ တစိတ်တဒေသ ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် အကြွင်းမဲ့ တန်ဖိုးစံတရပ်ဖြစ်သည်ဟူသော အဆိုနှင့် ယင်းအဆိုနှင့် စပ်လျဉ်းသော အငြင်းပွားမှုများကို ကျနော့်အနေဖြင့် ဆန်းစစ်ရမည်ဖြစ်သည်။ သို့နှင့်တိုင် ထိုဆန်းစစ်မှုကို မစတင်ခင်တွင် ဒီမိုကရေစီ သဘောတရားသည် ခေတ်ပြိုင်ကမ္ဘာကြီးတွင် သြဇာကြီးမားသော ယုံကြည်မှုတရပ် ဖြစ်နေခဲ့ပြီဆိုသည့် အသိကိုမူ ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားနိုင်ရန် လိုသည်။
မည်သည့်ခေတ်၊ မည်သည့် အခြေအနေတွင်မဆို ကွန်ပြူတာ ပရိုဂရမ်တခု၏ မူလကနဦး အခင်းအကျင်း တရပ်ကဲ့သို့ပင်၊ ယေဘုယျ ထုံးစံတရပ်အနေဖြင့် အလေးထားစရာဟု ထင်ရသော ကျယ်ပြန့်သည့် ယုံကြည်မှုများရှိသည် ယင်းအဆိုများအပေါ် မည်သည့်နည်းဖြင့်မဆို ပျက်ပြယ်စေရန် တိတိကျကျ ငြင်းဆိုနိုင်ခြင်း မရှိပါက ယင်းအဆိုများကို မှန်ကန်သည်ဟုပင် ဆင်ခြင်သုံးသပ်ကြပါသည်။ ဒီမိုကရေစီ သဘောတရားကို တလောကလုံးက ခံယူကျင့်သုံးနေသည်လည်း မဟုတ်သေး၊ အားလုံး တညီတညွတ်တည်း လက်ခံထားကြခြင်းလည်း မရှိသေးသော်လည်း တကမ္ဘာလုံး၏ ယေဘုယျသဘောထား အမြင်တွင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုကို ယေဘုယျအားဖြင့် မှန်ကန်ကောင်းမွန်သည်ဟု လက်ခံနိုင်လောက်သော အဆင့်တစ်ခုသို့ ယခုအချိန်တွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဒီမိုကရေစီ သဘောတရားများကို မြောင်းထဲလွှင့်ပစ်လိုသူများ အနေဖြင့် အဆိုပါငြင်းပယ်မှုအပေါ် အကျိုးသင့် အကြောင်းသင့် ရှင်းပြဆွေးနွေးရမည့် အချိန် ရောက်လာခဲ့ပြီဖြစ်သည်။
ဤသည်ပင် သိပ်မကြာခင်ကာလက ပေါ်ထွက်လာခဲ့သော သမိုင်းဝင် အပြောင်းအလဲတရပ် ဖြစ်သည်။ ယခင်က အာရှ သို့မဟုတ် အာဖရိကအတွက် ဒီမိုကရေစီအရေး ထောက်ခံအားပေးသူများ အနေဖြင့် ဒီမိုကရေစီအရေးအတွက် ရွေးချယ်စရာမရှိဘဲ မျက်စိစုံမှိတ် လုပ်ခဲ့ကြရသည်။ ဒီမိုကရေစီ သဘောတရားများ လိုအပ်မှုအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ငြင်းပယ်လိုသူများကို ရင်ဆိုင်ငြင်းခုံဆွေးနွေးရန် လုံလောက်သော အကြောင်းပြချက်များ ကျနော်တို့တွင် ရှိနေသေးသည့်တိုင၊ ဒီမိုကရေစီနှင့် ပတ်သက်သော ယေဘုယျ သဘောထားအမြင်သည် ပြီးခဲ့သည့် ရာစုနှစ်များတွင် ရှိနေခဲ့သော အခြေအနေမှ မည်သို့မည်ပုံ ရွေ့လျားလာပြီဆိုသည်ကို ကျနော်တို့အနေဖြင့် ရှင်းရှင်းလင်းလင်း မှတ်သားထားရမည်ဖြစ်သည်။ (တောင်အာဖရိက၊ သို့မဟုတ် ကမ္ဘောဒီးယား၊ သို့မဟုတ် ချီလီ) စသည့်စသည့် နိုင်ငံတနိုင်ငံကို ဒီမိုကရေစီနှင့် ကိုက်ညီမှုရှိ၊ မရှိဆိုသည်ကို အကြိမ်တိုင်းတွင် အမြင်သစ်ဖြင့် အသစ်တဖန် ပြန်လည်တည်ဆောက်ပြနေရန် မလိုပေ။ (၎င်းမှာ ၁၉ ရာစု ရေးသားပို့ချချက်များထဲမှ ထင်ရှားသော မေးခွန်းတခုသာ ဖြစ်ပြီး) ကျနော်တို့အနေဖြင့် ယခုအချိန်တွင် ထိုမေးခွန်းအပေါ် အလေးထားရန် မလိုတော့ပေ။ အကြွင်းမဲ့ တန်ဖိုးစံ တရပ်အဖြစ် လက်ခံထားသည့်လမ်းကြောင်းအတိုင်း ဝင်ဆံ့လာခဲ့ပြီး ကမ္ဘာတလွှား သင့်လျှော်သော စနစ်တစ်ရပ်အဖြစ် ဒီမိုကရေစီအပေါ် ဤကဲ့သို့ အသိအမှတ်ပြု လက်ခံလာခြင်းသည် အတွေးအခေါ် အရာတွင် အရေးပါသော တော်လှန်ပြောင်းလဲမှု တခု ဖြစ်ပေသည်။ ဤသည်ပင် ဒီမိုကရေစီ သဘောတရားသည် အကြွင်းမဲ့တန်ဖိုး စံတစ်ရပ်ဖြစ်သလားဟူသော မေးခွန်းအပေါ် ကျနော်တို့ ဆန်းစစ်ရမည် လက်တွေ့အနေအထား ဖြစ်ပေသည်။
အိန္ဒိယအတွေ့အကြုံ
ဒီမိုကရေစီစနစ် ဘယ်လောက်ကောင်းကောင်း အလုပ်ဖြစ်နေပြီလဲ။ အမေရိကန် သို့မဟုတ် ဗြိတိန် သို့မဟုတ် ပြင်သစ်နိုင်ငံရှိ ဒီမိုကရေစီ၏ အခန်းကဏ္ဍအပေါ် မည်သူကမှ မေးခွန်းထုတ်နေခြင်း မရှိပေ။ သို့တိုင်အောင် ဆင်းရဲသော ကမ္ဘာ့နိုင်ငံ အမြောက်အမြားအတွက်မူ အငြင်းပွားစရာ အကြောင်းတရပ်အဖြစ် ရှိနေပါသေးသည်။ ဤအချိန်သည် သမိုင်းမှတ်တမ်းများကို အသေးစိတ် စစ်ဆေးနေရမည့် အချိန်မဟုတ်တော့သည့်တိုင်၊ ကျနော့်အနေဖြင့် ဒီမိုကရေစီ သဘောတရားများ ကျကျနနအလုပ်ဖြစ်နေပြီဆိုခြင်းကိုမူ ပြောဆိုဆွေးနွေးရပါလိမ့်မည်။
အိန္ဒိယသည် ဤငြင်းခုံမှု၏ အဓိက အရေးပါသော နေရာများထဲက တခုဖြစ်သည်။ အိန္ဒိယနိုင်ငံသားများ၏ လွတ်လပ်ရေးကို ငြင်းပယ်ရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံသားများ၏ သူတို့ကိုယ်သူတို့ အုပ်ချုပ်နိုင်မှု စွမ်းရည်အပေါ်တွင် စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ထုတ်ပြောဆိုခဲ့သည်။ တကယ်စင်စစ်၊ လွတ်လပ်ရေးရခဲ့သော ၁၉၄၇ ခုနှစ်မှာပင် အိန္ဒိယနိုင်ငံသည် ကစဉ့်ကလျားဖြစ်မှု တချို့နှင့် ကြုံခဲ့ရသည်။ ပွဲမတိုးဖူးသေးသည့် အစမ်းသပ်ခံအစိုးရ၊မကျေလည်သေးသော နယ်မြေပိုင်းခြားမှုပြဿနာ၊ ကျယ်ပြန့်သော အုပ်စုဖွဲ့အကြမ်းဖက်မှုများ၊ လူမှုရေး မတည်ငြိမ်မှုများနှင့် ရောယှက်နေသည့် ရှင်းလင်းပြတ် သားမှုမရှိသော နိုင်ငံရေးပေါင်းစည်းမှုများ အိန္ဒိယတွင် ရှိနေခဲ့သည်။ စည်းလုံးညီညွတ်ပြီး၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် အိန္ဒိယ၏ အနာဂတ်အပေါ် ယုံကြည်မှုရဖို့ဆိုသည်မှာ အတော်ပင်ခက်ခဲသည်။
သို့နှင့်တိုင် နောင်ရာစု တဝက်ကျော်ကာလတွင် ထောင်ကျကျ ပြားကျကျနှင့်ပင် အံ့အားသင့်ဖွယ်ရာ ကောင်းကောင်း အလုပ်ဖြစ်နေသော ဒီမိုကရေစီကို အိန္ဒိယမှာ ကျနော်တို့ တွေ့လိုက်ရတော့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူများ အတွင်းမှာ နိုင်ငံရေးဆိုင်ရာ မတူကွဲပြားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ ရွေးကောက်တင်မြှောက်ခြင်းနှင့် ပါလီမန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အစိုးရအဖွဲ့များ အနေဖြင့်လည်း ဆင်းလိုက်၊တက်လိုက် ဖြစ်နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကိုးရို့ကားရား နိုင်ပြီး ဖြစ်နိုင်ခြေရှိလှသော မတူညီမှုများကို ဖြစ်သလို ပေါင်းစည်းထားသည့် အိန္ဒိယသည် ဒီမိုကရေစီစနစ်နှင့် အံ့သြဖွယ်ရာ ကောင်းလောက်အောင် လည်ပတ် အလုပ်ဖြစ်နေပြီး ရပ်တည်ရှင်သန်နေနိုင်ခဲ့သည်။ တကယ်စင်စစ် ၎င်း၏အားကောင်းသော ဒီမိုကရေစီစနစ်ကပင် အားလုံးကို တစည်းတလုံး ဖြစ်စေခဲ့သည်။
အိန္ဒိယသည် မတူညီသော ဘာသာရေး ယုံကြည်မှုများ၊ ကွဲပြားခြားနားသော ဘာသာစကားများနှင့် ဆက်နွှယ်သည့် ကြီးကြီးမားမား စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းတွင် ဘာသာရေးနှင့် လူမျိုးစုမတူ ကွဲပြားမှုများက ဂိုဏ်းဂဏစွဲရှိသော နိုင်ငံရေးသမားများအဖို့ အမြတ်ထုတ်စရာ ပျော့ကွက်တခု ဖြစ်နေပြီး ယင်းတို့ကို (မကြာသေးမီ လပိုင်းများအပါအဝင်) ကြီးကြီးမားမား အံ့သြတုန်လှုပ်ဖွယ်ရာ အခြေအနေ အမျိုးမျိုးတွင် အသုံးချခဲ့ကြပါသည်။ သို့နှင့်တိုင် ဂိုဏ်းဂဏစွဲ အကြမ်းဖက်မှုများကို စိုးရိမ်ပူပန်မှု များနှင့်ကြိုဆိုခဲ့ပြီး တိုင်းပြည်၏ ဂိုဏ်းဂဏအားလုံးက ဆင်းသက်လာသည့် အဆိုပါ အကြမ်းဖက်မှုများကို ဝေဖန် ရှုတ်ချကြပါသည်။
ထို့ကြောင့်ပင် နောက်ဆုံးတွင် ဂိုဏ်းဂဏစွဲဝါဒ၏ ကျဉ်းမြောင်းသေးသိမ်စွာ အုပ်စုဖွဲ့အကျိုး အမြတ်ရှာလိုခြင်းကို ဆန့်ကျင်သည့် ဒီမိုကရေစီနည်းကျသော တာဝန်ယူ အာမခံမှုကို ဖန်တီးပေးနိုင်ခဲ့သည်။ အိန္ဒိယကဲ့သို့ ထူးထူးခြားခြား ကွဲပြားခြားနားမှု အမျိုးစုံသော နိုင်ငံတနိုင်ငံ၏ ကြွယ်ဝပြည့်စုံမှုနှင့် ရှင်သန် ရပ်တည်နိုင်မှုအတွက် ဤသည်ပင် မရှိမဖြစ် လိုအပ်သော အရာတခုဖြစ်ပေသည်။ တကယ်တမ်းတွင် အိန္ဒိယသည် ဟိန္ဒူအများစု အခြေချ နေထိုင်ရုံသာမက၊ ကမ္ဘာတွင် တတိယမြောက် မွတ်ဆလင်အများဆုံးရှိသည့် နိုင်ငံတနိုင်ငံလည်းဖြစ်သည်။ ထို့အပြင် သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန် ဘာသာဝင်များလည်း ရှိပြီ၊ ဆစ်ခ်၊ ဖာရစီနှင့် ဂျိန်းဘာသာဝင်များ အများဆုံး နေထိုင်ရာ နိုင်ငံတနိုင်ငံလည်း ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
(အမတြာ ဆင်း (Amartya Sen) ၏ ဆောင်းပါး “Democracy as a Universal Value” ကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဒေါက်တာ အမတြာ ဆင်းသည် နိုဗဲလ်ဆုရ စီးပွားရေးပညာရှင်ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)