သမ္မတဦးသိန်းစိန် အစိုးရက ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အကောင်အထည်ဖော်ရာတွင် သမဝါယမအသင်းများ အသုံးပြု၍ ချေးငွေများ ထုတ်ပေးလျက်ရှိရာ အောက်ခြေတွင် ခြစားမှုများရှိနေကြောင်း ငွေချေးယူနေသူများက ပြောဆိုပြီး သမဝါယမဝန်ကြီးဌာနက တာဝန်ရှိသူတချို့ကလည်း ငွေချေးရာတွင် ပြဿနာရှိသည်ဟု ဧရာဝတီသို့ ဝန်ခံပြောကြားသည်။
သမအသင်းများ၏ ငွေချေးမှုများတွင် နေရာဒေသတခုနှင့်တခု အတိုးနှုန်း တူညီမှု မရှိခြင်း၊ လယ်ပိုင်ရာပိုင် မရှိသော်လည်း ငွေချေးငှားသူများနှင့် နီးစပ်မှုရှိပါက ငွေချေးယူနိုင်ခြင်းနှင့် အချို့ငွေကြေးများကို ချေးငွေကိုင်ဆောင်သူက အလွဲသုံးစားလုပ်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှပ်နံှမှုများ ရှိနေကြောင်း ဧရာဝတီက တွေ့ဆုံခဲ့သူများက ပြောကြားသည်။ တချို့ဒေသများမှာ တောင်သူများမှာ ချေးငွေပေးသည်ကိုပင် မသိရှိကြပေ။
“ ပြည်သူတွေ ပြောနေတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနကို တိုင်စာတွေလည်း တက်ပါတယ်။ ကိုယ့်အမျိုးတွေကိုပဲ ချေးသွားတယ်။ သူ့လူနဲ့သူပဲ ပေါင်းပြီးထုတ်သွားတယ် ဆိုတာမျိုးတွေလည်း ပါတယ်။ ကျနော်တို့အနေနဲ့ကလည်း ကျေးရွာပေါင်း ခြောက်သောင်းကျော်ကို စီမံခန့်ခွဲနိုင်ဖို့ကလည်း မလွယ်ဘူး။ ပြည်သူ သန်း ၆၀ ကိုပေးချင်ရင် ဘီလျံ ၃၀၀၀ လောက်ကို လိုတာ။ အခုက ကျနော်တို့ တနိုင်ငံလုံးမှာ ၁၀၈ ဘီလျံပဲ ချေးနိုင်သေးတယ်။ ဘီလျံ ၄၀၀ လောက် ထပ်ချေးနိုင်ဖို့ လုပ်နေတယ်”ဟု သမဝါယမဝန်ကြီးဌာန ဒုညွှန်ချုပ် ဦးဇော်မျိုးက ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်မြေရှိသူများကို ပိုက်ဆံထုတ်မချေးဘဲ ၎င်းတို့နှင့် နီးစပ်ပြီး လယ်မြေမရှိသူများကို ပိုက်ဆံထုတ်ချေးခဲ့သောကြောင့် ပြဿနာဖြစ်ကာ တောင်သူများက သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တိုင်ကြားထားကြောင်း တောင်ညိုကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်တင့်က ပြောသည်။
“အုပ်ချုပ်ရေးမှူးနဲ့ အဆင်ပြေရင် အတိုးနည်းတယ်။ ၂ ကျပ်ပဲ ပေးရတယ်။ အဆင်မပြေတဲ့သူဆိုရင် ၄ ကျပ်ပေးရတယ်။ တချို့လူတွေကျတော့ လယ်တွေက သိမ်းတဲ့အထဲပါသွားတော့ ချေးငွေမရတော့ဘူး။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်သူတွေထဲမှာ တချို့ လယ်မရှိတဲ့သူတွေလည်း ချေးငွေရကြတယ် ”ဟု ဦးခင်မောင်တင့်က ပြောသည်။
နေပြည်တော်ဒေသတွင် တောင်သူလယ်သမားများမှာ ချေးယူ၍ ရနိုင်သော ငွေကြေးမှန်သမျှကို ရယူလေ့ရှိပြီး အတိုးမည်မျှပေးရသည်ကိုပင် တိတိကျကျမသိဘဲ ရသည့်နေရာမှ ယူနေကြရာ ငွေကြေးပြန်ဆပ်ရမည့်အချိန်တွင် အခက်အခဲများရှိနိုင်ပြီး ငွေချေးငှားရာတွင်လည်း နေရာဒေသတခုနှင့်တခုမှာ အတိုးနှုန်းများ မတူညီသည်ကို တွေ့ရကြောင်း နေပြည်တော် ကျွဲရှင်းရွာမှ ဦးမောင်ထွေးကလည်း ပြောသည်။
“ ရွာက ဥက္ကဌ(အုပ်ချုပ်ရေးမှူး) ပြောတာတော့ မဆပ်နိုင်လည်း စည်းရုံးရေးသဘောနဲ့ ပေးထားပြီး ဒီဘက်မှာ ကြံခိုင်ရေး မဲပြန်နိုင်ခဲ့ရင် ပြန်မဆပ်နိုင်လည်း ပြဿနာရှာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ၆ လအတွင်း ၅ သောင်း ပြန်ဆပ်နိုင်ရင် တစ်သိန်းချေးမယ်။ နောက်ပိုင်း နှစ်သိန်း၊ သုံးသိန်း အထိချေးမယ်လို့ ကြားတယ်။ ဆပ်နိုင်မဆပ်နိုင်တော့ မသိဘူး။ ရတာယူကြတာပဲ ။ ပြီးတော့ ငွေပြနိုင်ရင် ထပ်ထုတ်ပေးမဲ့ ပုံစံဆိုတော့။ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကို ပေးမှာပဲ” ဟု ဦးမောင်ထွေးကဆိုသည်။
“ အောက်ခြေက တာဝန်ခံတဲ့သူတွေမှာ မသမာမှုတွေ ရှိတယ်။ ဘယ်လိုမသမာမှုတွေလဲဆိုတော့ ချေးမယ့် ပိုက်ဆံကို တကယ်လိုအပ်တဲ့သူဆီကို တိုက်ရိုက်မချေးဘဲ ရာခိုင်နှုန်းတခု ချန်ယူထားတာမျိုး ရှိတယ်။ ဝန်ထမ်းတွေကို ချေးတဲ့ ငွေတွေမှာလည်း ဝန်ထမ်းအကြီးအကဲတွေက ဖြတ်ယူလိုက်တယ်။ ကျနော်တို့ဌာနမှာဆိုရင် တာဝန်ရှိတဲ့သူတယောက်က သိန်း ၃၀ လောက်ကို ဖြတ်ပြီးတော့ သူ့အိတ်ထဲကို ထည့်ထားလိုက်တာမျိုးရှိတယ်။ တာဝန်ခံလုပ်မယ့်သူရဲ့ အပေါ်က တာဝန်ရှိသူတယောက်က အဲဒီပိုက်ဆံကို ဖြတ်ယူထားလိုက်တယ်။ ဖြတ်ယူပြီး သူ့စီးပွားရေးလုပ်ငန်းထဲကို ထည့်ထားလိုက်တာပေါ့” ဟု လှည်းကူးမြို့နယ်တွင် နေထိုင်သူ ဦးညွန့်လှိုင်က ပြောသည်။
အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှုကို ထိရောက်စွာ လျှော့ချနိုင်ရန် လုပ်ငန်းအကောင်အထည်ဖော်ရာ၌ လုပ်ငန်းအဆင့်ဆင့်တွင် တာဝန်ယူ တာဝန်ခံနိုင်မည့် ပုဂ္ဂိုလ်များကို သေချာစွာ ရွှေးချယ်သင့်ကြောင်း၊ တရုတ်နှင့် မွန်ဂိုးလီးယား နိုင်ငံများတွင် ဆင်းရဲမှု အကောင်အထည်ဖော်ရာ၌ လုပ်ငန်းအဆင့်ဆင့် တာဝန်ယူတာဝန်ခံနိုင်မည့် သူများ ရွှေးချယ်ထားသောကြောင့် လုပ်ငန်းထိရောက်မှုရှိကြောင်း တရုတ်နှင့် မွန်ဂိုလီးယားနိုင်ငံများသို့သွားရောက်ပြီး ပြည်သူ့စီမံခန့်ခွဲမှုဘာသာရပ် လေ့လာခဲ့သူ လှည်းကူးမြို့နယ်မှ ဦးညွှန့်လှိုင်က ဆိုသည်။
သမဝါယမဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒု-ညွှန်မှူး ဦးမြင့်အောင်က “သမအသင်းဝင်ပြီးတော့ အစုရှယ်ယာငွေ ၅၀၀၀ ပေးသွင်းတဲ့ သူတိုင်းကို ချေးတာပဲ ။ အတိုးနှုန်း မတူဘူးဆိုတာက လယ်မြေယာမြေမပိုင်ပေမယ့် ဈေးရောင်းတဲ့ လုပ်ငန်းတဲ့ရှိရင်လည်း ချေးပါတယ်။ ချေးယူတဲ့အခါ လုပ်ငန်းအမျိုးအစား မတူလို့ပါ။ အခုတရုတ်က ချေးတဲ့ငွေကိုတော့ လယ်သမားတွေကိုပဲ သီးသန်းချေးမှာပါ။ အခု စချေးနေပါပြီ ” ဟု ပြောသည်။
သမဝါယမဝန်ကြီးဌာနမှ ချေးငွေရယူလိုပါက အနည်းဆုံး လူ ၃၀ ၊ ၅၀ ခန့်ဖြင့် ဒေသအလိုက် သ/မ အသင်းငယ်များ ဖွဲ့စည်းနိုင်ပြီး ငွေချေးယူခွင့်ရှိသောကြောင့် နေပြည်တော်တဝိုက် ဒေသများတွင် ရိုးမစိမ်းလန်း ၊ ဒေါင်းစိတ်ဓါတ် ၊ ရွက်စိမ်း ၊ ပိတောက်စိမ်း အမည်များဖြင့် သမဝါယမအသင်းများ ပေါ်ပေါက်လာပြီး အမျိုးအစားအားဖြင့် လယ်ယာထုတ်ကုန် သမဝါယမအသင်း၊ ဈေးသူဈေးသား သမဝါမယအသင်း နှင့် မွေးမြူရေး သမဝါယမအသင်း တို့ ပေါ်ပေါက်လာကြောင်း သိရသည်။
လယ်ယာထုတ်ကုန် သမဝါယမ အသင်းသို့ အသက် ၁၈ နှစ်နှင့် အထက်မည်သူမဆို ဝင်ရောက်နိုင်ပြီး လူတဦးလျှင် အသင်းဝင်ကြေး ၅၀၀၀ ကျပ်နှုန်းထည့်ဝင်ကာ အသင်းဝင် တဦးလျှင် ကျပ် ၅၀၀၀၀ မှ စတင်ကာ အတိုးနှုန်း နှစ်ကျပ်ခွဲဖြင့် ငွေချေးယူခွင့်ရှိကြောင်း၊ အတိုးနှုန်းထဲမှ တစ်ကျပ် ၂၅ ပြားကို သမဝါယမအသင်းသို့ ပေးသွင်းရပြီး ကျန် တစ်ကျပ် ၂၅ ပြားမှာ တောင်သူများအတွက် အသင့်ရန်ပုံငွေ အဖြစ်ထားရှိကြောင်း တောင်ညိုရွာမှ ဦးဂျာကြီးက ပြောသည်။
“ ပိုက်ဆံချေးလို့ ရတဲ့နေရာက စိုက်/ဘဏ် နဲ့ သမနဲ့ ရှိတယ်။ တရုတ်က ငွေချေးမယ်ပြောပြီး ယူရင်လက်မှတ်ထိုးထားလို့ ပြောတဲ့အတွက် လက်မှတ်ထိုးပေးထားသေးတယ်။ ဘယ်လိုချေးမယ်ဆိုတာတော့ သေသေချာချာ မသိသေးဘူး။ ၂၀၁၃ ၁၀ လပိုင်းက တစ်သိန်းချေးထားတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ ယူထားတာ။ သ/မ အဖွဲ့အစည်းလို့ ပြောတာပဲ”ဟု ဦးဂျာကြီးက ဆိုသည်။
နေပြည်တော်ဒေသခံ ဦးစိုးမြင့်ကလည်း “ ဈေးသူဈေးသား သ/မ အသင်းကျတော့ လူတယောက်ကို ငွေ ၃ သောင်းပဲ ချေးခွင့်ရှိတယ်။ အတိုး နှစ်ကျပ်ခွဲနှုန်းနဲ့ ၃ လအတွင်း ပြန်ဆပ်ရတယ်။ မွေးမြူရေးအတွက်ကတော့ ဝက်နဲ့နွား မွေးချင်ရင် အကောင်လိုက် လာဝယ်ပေးတယ်။ သူက ၁၀ လအတွင်း ပြန်ဆပ်ရတယ်။ နောက်ပိုင်းပြန်မဆပ်နိုင်ရင် ကိုယ်ပိုင်တဲ့ လယ်မြေပိုင်ဆိုင်မှု အထောက်အထားစာအုပ်ကို အပေါင်သဘောမျိုးပေးထားပြီး ဆက်လုပ်လို့ရတယ်” ဟု ပြောသည်။
အတိုးနည်းသော ငွေချေးငှားမှုများ ရှိသကဲ့သို့ အတိုးများသော ငွေချေးငှားမှုများလည်း ရှိကြောင်း ၊ ချေးငှားပေးနေသူများမှာ ကျေးရပ်အုပ်ချုပ်ရေးမှူးနှင့် သမအသင်းများမှ ဖြစ်ကြောင်း နေပြည်တော် အောင်ချမ်းသာကျေးရွာမှ ကိုကျွဲကြီးက ပြောသည်။
“ ပြန်ဆပ်ရင် အတိုးအရင်း ပေါင်းဆပ်ရမှာ။ ဆုကြေးငွေက တစ်သိန်းချေးရင် တစ်သောင်းပေးရတယ်။ ၅၀၀၀ ထောင်က တောင်သူစုငွေ ၊ ကျန်တဲ့ ၅၀၀၀ က ဝန်ဆောင်မှုစရိတ်ပေါ့။ တစ်သိန်းချေးရင် ၉ သောင်းပဲ ရတယ်။ တောင်သူစုငွေက ရတဲ့ ငွေ ၅၀၀၀ ကို စုလိုက်ရင် လူတစ်ရာ ရှိရင် ၅ သိန်းရမယ်။ အဲဒီရတဲ့ ပိုက်ဆံကို စုပြီးပြန်ချေးမှာ ။ စိုက်ပျိုးရေးဘဏ်က ၅ သိန်း ယူထားတယ်။ အတိုးက တစ်သိန်းချေးမှ ၁၅၀၀ ပဲ ပေးရတယ်”ဟု ကိုကျွဲကြီးက ပြောသည်။
ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးကမူ အသေးစားချေးငွေ ထုတ်ပေးခြင်းဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်မည်မဟုတ်ဘဲ အစိုးရတာဝန်ရှိသူများအနေဖြင့် အသေးစား ချေးငွေထုတ်ပေးခြင်းဖြင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်နိုင်လိမ့်မည်ဟု လွဲမှားမယူဆစေလိုကြောင်း၊ အတိုးပါသော ချေးငွေကြောင့် ပိုမိုဆင်းရဲမွဲတေစေနိုင်ကြောင်း ပြောဆိုခဲ့သည်။
“ငွေချေးတယ် ဆိုတိုင်း ဆင်းရဲမှု တိုက်ဖျက်တာ မဟုတ်ဘူး။ ငွေချေးတယ် ဆိုတာက အတိုးပါမယ်။ ငွေချေးစားတဲ့သဘောပဲ။ ဆင်းရဲသားက လိုနေတာက ချေးငွေ (credit) မဟုတ်ဘူး။ ဆင်းရဲသား၊ လယ်သမားတွေ လိုနေတာက အရင်းအနှီး (Capital) လိုနေတာ။ ချေးငွေဆိုတာ အတိုးပေးရမယ်၊ အချိန်တန်ရင် ပြန်မဆပ် လို့မရဘူး။ ဝိုင်းကြီးချုပ် စနစ်နဲ့ ချုပ်ထားတယ်။ တောင်သူက အတိုးပါတဲ့ ချေးငွေကြောင့် ပိုဝန်ပိတယ်။ အရင်းအနှီး ဆိုတာက နှစ် ၃၀၊ နှစ် ၂၀၊ ၁၀ နှစ် တဖြည်းဖြည်း ပြန်ဆပ်ဆိုတဲ့ပုံစံနဲ့ သွားသင့်တယ် ” ဟု ဒေါက်တာမောင်မောင်စိုးက အကြံပြုသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် တရုတ်နိုင်ငံမှ ချေးယူမည့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ တွင် သန်း ၅၀ မှာ ယခုလနောက်ဆုံးပတ်တွင် စတင်ရရှိမည်ဖြစ်ပြီး ယင်းငွေကို ဗဟိုသမဝါယမအသင်းသို့ လွှဲပြောင်းပေးကာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သမဝါယမဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဒုညွှန်ချုပ် ဦးဇော်မျိုးက ပြောသည်။
“တရုတ်က ချေးမယ့် သန်း ၁၀၀ က ပထမ ၂ နှစ်မှာ အတိုးပဲပေးရမယ်။ အရင်းဆပ်စရာမလိုဘူး။ နောက် ၈ နှစ်မှာတော့ အတိုးအရင်း ဆပ်ရမှာပေါ့။ အခုလက်ရှိ ချေးထားတဲ့ ငွေတွေက သမအသင်းက ပိုင်တဲ့ ငွေတွေပါ။ သမအသင်းပိုင် အဆောက်အဦတွေကို သမဝါယမဘဏ်မှာ အပေါင်ထားပြီး အဲဒီပိုက်ဆံတွေနဲ့ လယ်သမားတွေကို ထုတ်ချေးထားနေတာပါ ” ဟု ဦးဇော်မျိုးက ဆိုသည်။
ယခုချေးငှားထားသော ငွေကြေးများသည် ဝန်ကြီးဌာနပိုင် ငွေကြေးမဟုတ်ဘဲ ဗဟိုသမဝါယမအသင်းက ပိုင်ဆိုင်သော ငွေကြေးများဖြစ်ကြောင်း ၊ ဝန်ကြီးဌာနမှာ ငွေချေးရာတွင် လုပ်ငန်းများထိရောက်မှု ရှိစေရန် ကူညီဆောင်ရွက်သော အပိုင်းတွင်သာ တာဝန်ရှိကြောင်း သိရသည်။