ရန်ကုန်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်း အာဏာပိုင်များက Ice မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ယမန်နေ့က ထိုင်းနယ်စပ် မယ်ဆိုင်မြို့၌ ဖမ်းဆီးထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့ ချစ်ကြည်ရေး တံတားအနီးတွင် ထိုင်းရဲများက သတင်းအရ ဝင် ရောက်ဖမ်းဆီးခဲ့ပြီး သက်သေခံ ပစ္စည်းများအဖြစ် ဖိနပ်အတွင်း လျှို့ဝှက် သယ်ဆောင်လာသည့် Ice မူးယစ်ဆေးဝါး ၁၃၉၄ ကီလို ဂရမ်တို့ကို သိမ်းဆည်းရမိခြင်း ဖြစ်သည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ ဖမ်းမိသည့် မူးယစ်ဆေးများ၏ တန်ဖိုးမှာ ဘတ်ငွေ သိန်း ၃၀ ခန့်(ကျပ် သိန်း ၉၀၀ ခန့်) ရှိနိုင်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများကို ဦးယင်းဆေး အဖွဲ့ဝင်များထံမှ သယ်ဆောင်လာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပို့ဆောင်းပေးရန် အခကြေး ငွေ ဘတ် ၃ သောင်းခန့် ရမည်ဖြစ်သည်ဟု အဖမ်းခံရသူများက ထွက်ဆိုကြောင်း ထိုင်းရတ် သတင်း အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးများမှာ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသားနှင့် ထိုင်းနိုင်ငံသားများကို ၂၀၁၄ နှစ်သစ်ကူး၌ ရောင်းချရန် အတွက် ဖြစ်နိုင်သည်ဟု ထိုင်း ရဲ တာဝန်ရှိသူ အကြီးအကဲတဦးက မှတ်ချက်ပေးကြောင်း ၎င်းသတင်းက ဆိုသည်။
“လတ်တလော မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ တားဆီးဖို့ အတွက် အာဏာပိုင်တွေ အလုပ်ပိုလုပ်ရမယ်”ဟု ၎င်းက ပြော သည်။
အဖမ်းခံရသူများသည် အသက် ၂၀ ဝန်းကျင် အရွယ်များ ဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်သူများ ဖြစ်ကြောင်း၊ ထိုင်းဥပဒေအရ မူး ယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ချိမှုနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် လာရောက်သည့် အမှုတို့ဖြင့် ထိုင်း ဥပဒေအရ အရေးယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ဦးယင်းဆေးသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် တဦးဖြစ်ပြီး စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များက အလိုရှိသူလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဧပြီလ ၂၀ ရက်နေ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများကို ဆုငွေ ထုတ်ထားသည့် ၂၅ ဦးထဲတွင် ဦးယင်ဆေး လည်း ပါဝင်သည်။
ဒီဇင်ဘာလ ၁၇ ရက်ကလည်း အသက် ၄၀ အရွယ် မြန်မာအမျိုးသား ၂ ဦးတို့ကို မယ်ဆိုင်မြို့တွင် ရာဘ (ခေါ်) စိတ်ကြွဆေးပြား အလုံး ၁၄၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိမှု ဖြစ်ပွား ခဲ့သေးသည်။
မူးယစ်ဆေးဝါးများကို ရွှေတြိဂံဟု ထင်ရှားသော ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ် ဒေသနှင့် ရှမ်းပြည်နယ်ရှိ တချို့ သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်း နိုင်ငံအတွင်းသို့ သယ်ဆောင် ရောင်းချကြောင်း သတင်း ဖော်ပြ ချက်များ အရ သိရှိရသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး(UNODC)က မကြာသေးခင်က နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း တိုးလာပြီး မက်ထရစ် တန်ချိန် ၈၇၀ အထိ ရှိလာကြောင်း ဖော်ပြထားသည်။
ဘိန်းစိုက်ပျိုးမှု၏ ၉၂ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ဖြစ်ပြီး ကျန် ၈ ရာခိုင်နှုန်းသည် ကချင်ပြည်နယ်တွင် ဖြစ်ကြောင်း၊ ဘိန်း စိုက် ဧရိယာသည် ၂၀၁၂ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း အထိ တိုးလာကြောင်း၊ ဒေသတွင်း မက်သာအဖက်တမင်း စိတ်ကြွဆေး ထုတ် လုပ်ရာ အဓိက နိုင်ငံတခု ဖြစ်သကဲ့သို့ အိမ်နီးချင်း နိုင်ငံများ၌လည်း မြန်မာနိုင်ငံက ထုတ်လုပ်သည့် စိတ်ကြွဆေး ဖမ်းဆီးရမိမှု ပိုမို များပြားလာကြောင်းလည်း သိရသည်။