ရန်ကုန် စက်မှုဇုန်များရှိ ဓာတုအညစ် အကြေး ပါဝင်သော ရေဆိုး ရေညစ်များ စွန့်ပစ်သည့် စက်ရုံ ၄၀ ကျော်အား စံချိန်မီရေ ပြန် လည် ထွက်ရှိပြီးမှ စွန့်ပစ်ရန် သက်ဆိုင်ရာက ညွှန်ကြားချက်များ ပေးပို့ထားကြောင်း သိရသည်။
“စက်ရုံတွေက ထွက်လာတဲ့ Chemical(ဓာတု)ပါဝင်တဲ့ စွန့်ပစ် ရေဆိုး၊ ရေညစ်တွေက ချောင်းတွေ မြောင်းတွေကတဆင့် မြစ်ထဲ ကို ရောက်သွားပြီး မြစ်ထဲမှာရှိတဲ့ငါးတွေကိုပါ သေစေနိုင်တယ်။ ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့လူတွေက ဒီရေကိုပြန် သုံးမိရင်၊ အဲ့ဒီ သီးနှံတွေကို စားမိခဲ့ရင် လူတွေအတွက်ပါ ဒုက္ခ ရောက်နိုင်တယ်။ အဲ့ဒါကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေရတယ်”ဟု ရန်ကုန် မြို့တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အဆင့်မြင့် တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြော သည်။
အဆိုပါ ဌာနသည် စက်ရုံ အလုပ်ရုံများမှ ထွက်ရှိသော ရေဆိုး၊ ရေညစ်များအား စစ်ဆေးရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ် ကော်မတီ တခု ဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ် အတွင်းက စတင်၍ စစ်ဆေးမှုများကို စီမံချက်ချ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယင်းသို့ စီမံချက်များ ချမှတ် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်ပေါင်း ၂၄ ဇုံမှ စက်ရုံပေါင်း ၃၄၀၀ ကျော်အား ခွဲခြား စစ်ဆေးရာ ရေဆိုး၊ ရေညစ် ထွက်ရှိသည့် စက်ရုံ ၂၀၀ ကျော်အား ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် က ပြောသည်။
အဆိုပါ စက်ရုံများထဲမှ စက်ရုံ ၄၀ ကျော်သည် သတ်မှတ် စံညွှန်းအတိုင်း ရေဆိုးစွန့်ပစ်မှု မရှိခြင်းကြောင့် သတ်မှတ် ညွှန်ကြားချက် အတိုင်း ပြန်လည် လုပ်ဆောင်သွားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
“စက္ကူ၊ စားသောက်ကုန်၊ ရေထွက်ပစ္စည်း ငါး၊ ပုစွန်လို အအေးခန်းတွေကို အဓိကထားပြီး ခွဲခြား စစ်ဆေးတယ်၊ စီမံချက်အရ အဖွဲ့ ဖွဲ့ပြီး စစ်ဆေးတယ်။ လိုအပ်တဲ့ နည်းပညာ အကူအညီကို ဌာနကပေးတယ်။ ရေဆိုး၊ ရေညစ် ထွက်ရှိတဲ့ စက်ရုံကို ပြုပြင်ရမယ့် နည်းပညာတွေ ပေးတယ်။ ဒါမှ ဆောင်ရွက်မှု မရှိဘူး၊ မထူးခြားဘူး ဆိုရင် စီမံဌာနကို တင်ပြ အကြောင်းကြားပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပါတယ်”ဟု အထက်ပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အဆင့်မြင့် တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
စက်ရုံများမှ ထွက်ရှိလာသော ရေဆိုး ရေညစ်များသည် ချောင်း၊ မြောင်းမှ တဆင့် မြစ်ချောင်း၊ အင်းအိုင်များသို့ စီးဆင်းရောက်ရှိရာ ယင်းရေတွင် ပါဝင်သည့် ဓာတု အညစ်အကြေးများကြောင့် ရေနေ သတ္တဝါများ အတွက် သေကြေပျက်စီးပြီး ထို ရေအား ပြန်လည် သုံးဆွဲမိသူများ အတွက်ပါ ထိခိုက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေနိုင်ကြောင်း ၎င်းက ဆိုသည်။
“စက်ရုံတိုင်းကတော့ ရေဆိုး မထွက်ပေမယ့်၊ ရေဆိုးထွက်တဲ့ စက်ရုံတွေကို စာရင်းပြုစုပြီး အမြဲ စစ်ဆေးနေရတယ်။ နောက်ပိုင်း သက်ဆိုင်ရာ ဌာနတွေမှာ စစ်ဆေးမှုပြုပြီး ကျနော်တို့ဆီကို Report(အစီရင်ခံစာ)တင်ပေးတဲ့ စနစ်နဲ့ ဆောင်ရွက်သွားမယ်”ဟု လည်း အဆိုပါ အဆင့်မြင့် တာဝန်ရှိသူက ပြောပြသည်။
ယခင်နှစ်က စစ်ဆေးမှုများ ပြုလုပ်ရာတွင် တိုင်ကြားမှုများ ရှိမှသာ လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း ယခုနှစ် အောက် တိုဘာ လမှစတင်ပြီး စီမံချက်များချမှတ်၍ ရေဆိုး၊ ရေညစ် ထွက်ရှိနိုင်သော စက်ရုံများအား စာရင်းပြုစုကာ စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
အနံ့ဆိုး ပြဿနာများ၊ ပတ်ဝန်းကျင် ဆူညံမှု ပြဿနာများနှင့် ရေးဆိုး၊ ရေညစ်ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည် ကို တွေ့ရှိပါက ရန်ကုန် မြို့တော် စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ တိုင်ကြားပါက အရေးယူဆောင်ရွက် ပေးကြောင်း သိရသည်။