မြန်မာနိုင်ငံတွင် ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော တိုင်းရင်းသား ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အားထုတ်ရာတွင် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များက လူအများ ပြောစရာ ဖြစ်လာခဲ့သည်။ လက်ခံရရှိသူများက အစိုးရက လိုင်စင်ထုတ်ပေးမည်ဟု အာမခံခြင်းသာ ဖြစ်ကြောင်း ကာကွယ်ကြသည်။ ဝေဖန်သူများကတော့ “ငြိမ်းချမ်းရေးလက်ဆောင်” ပါမစ်များ ဆိုသည်မှာ လာဘ်ပေးခြင်းထက် အနည်း ငယ်မျှသာ ပိုသည့်အရာဖြစ်သည်ဟု ယူဆကြသည်။
အစိုးရဘက်မှ အဓိက ငြိမ်းချမ်းရေးအတွက် စေ့စပ်သူ ဝန်ကြီး ဦးအောင်မင်း လက်မှတ်ရေးထိုးထားသည့် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ် စာရွက်များကို စာအိတ်များ အတွင်း ထည့်၍ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားအဖွဲ့ အသီးသီးသို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောကြသည်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရန် ကြိုးစားနေသည့် အချိန်တွင် ငွေအမြောက်အများ ရှာဖွေနိုင်သည့် ရာနှင့်ချီသော မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကြီးငယ် အစုံ လက်ခံရရှိခဲ့သည်။ ဇိမ်ခံကား ပါမစ်များကို အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ ခန့်ဖြင့် ပြန်လည်ရောင်းချနိုင်သည်။
အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် ကားပါမစ် ၁၂၀ စီ သို့မဟုတ် ထိုထက်ပို၍ ရရှိ ကြသည်ဟု အဆိုကိစ္စနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။
ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ကို အနည်းဆုံး ကားပါမစ် ၁၀၀ခု ချထားပေးခဲ့သည် ဟုသိရသည်။ တိုင်းရင်းသား အဖွဲ့ငယ်များဖြစ်သည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်( DKBA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က ကားပါမစ် ၆၀ စီ ရရှိခဲ့သည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး စောကွယ်ထူးဝင်း က ၎င်းတို့အဖွဲ့အတွက် ကားစီး ရေ ၁၂၀ တင်သွင်းခွင့်လိုင်စင် ရရှိခဲ့ကြောင်း အတည်ပြုပြောကြားလိုက်ပြီး ကားပါမစ်များကို အဖွဲ့၏ လိုအပ်ချက်များအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့် ခေါင်းဆောင်များ၏ ကိုယ်ရေးကိုယ်တာ အတွက်အသုံးပြုမည် မဟုတ်ကြောင်း ပြောသည်။ အစိုးရ၏ လက်ဆောင်ကို အဖွဲ့ အစည်း၏ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးအဖြစ်အသွင်ပြောင်းသည့် အနေဖြင့် ပါမစ်များကို ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။
KNU သည် မကြာသေးခင်က တည်ထောင်ခဲ့သော ခရီးသွားနှင့် ပို့ဆောင်ရေးဆိုင်ရာ စီးပွားရေး လုပ်ငန်းတခုဖြစ်သည့် Moe Ko San Travel and Tour Co.Ltd မှလည်း ဝင်ငွေရရှိနေသလို ထုတ်ကုန်သွင်းကုန် လုပ်ငန်းများလည်း လုပ်ကိုင်နေ သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်းမှ သတင်းရင်းမြစ်များနှင့် ဧရာဝတီမှ တွေ့ဆုံမေးမြန်းခဲ့သော မော်တော်ကား ရောင်းချသည့် ကိုယ်စားလှယ်များ၏ အဆိုအရ တိုင်းရင်းသားခေါင်းဆောင်များသည် ထိုင်း-မြန်မာနယ်စပ်ဒေသမှ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ငွေကြေးရရှိနိုင်ရန် ၎င်းတို့ရရှိသော ပါမစ်အားလုံးနီးပါးကို ရောင်းချခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ရှမ်း ကဲ့သို့သော အခြားတိုင်းရင်းသား ခေါင်းဆောင်များက ၎င်းတို့ တင်သွင်း ထားပြီး ဖြစ်သည့် လိုင်စင်မဲ့ကားများကို မှတ်ပုံတင်နိုင်ရန် အတွက် ပါမစ်များကို အသုံးချခဲ့ကြသည် ဟု ဆိုသည်။
“ကားအရောင်းကိုယ်စားလှယ်တွေကတော့ ဇိမ်ခံကားပါမစ်တွေ ဝယ်ခွင့်ရလို့ ပျော်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားတွေက အခွန်မပေးရတော့ သူတို့ အတွက် အများကြီး မြတ်တယ်လေ။ တိုင်းရင်းသား အဖွဲ့တွေ အားလုံးနီးပါးက ကား ပါမစ်တွေကို ရောင်းကြတယ်။ သူတို့က စီးပွားရေးလုပ်ဖို့ ပိုက်ဆံလိုချင်ကြတယ်” ဟု ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ သတင်းရင်းမြစ်က ဆိုသည်။
“ကားပါမစ်တွေထဲမှာ Mercedes၊ BMW နဲ့ ကျည်ဆံလုံ Hummer ကားတွေလို ဇိမ်ခံကားတွေပါတယ်။ ဒီဇိမ်ခံကား ပါမစ် တွေကြောင့် စီးပွားရေးသမားတွေ အကြီးအကျယ် အမြတ်ထွက်ကြတယ်” ဟု သူက ထပ်ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အခွန်ကင်းလွတ်ခွင့်နှင့် အခွန်နှုန်းထားကို ၆၀ရာခိုင်နှုန်းသို့လျှော့ချပေးခြင်းများ ရရှိခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များအတွက် တင်သွင်းသည့် ကားများကို အခွန်ကင်းလွတ်သည့်ပြုခဲ့ပြီး ခေါင်း ဆောင်ငယ်များအတွက် တင်သွင်းသည့် ကားများကို အခွန် ၆၀ရာခိုင်နှုန်းသာ ပေးဆောင်ခွင့်ပေးခဲ့သည်။ တင်သွင်းသော ကားများကို အဓိကအားဖြင့် ထိုင်း မြန်မာနယ်စပ်မှ တဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမှ တွေ့ဆုံခဲ့သော တိုင်းရင်းသားခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရန်အတွက် အစိုးရက ဖွဲ့စည်းပေးထားသော မြန်မာငြိမ်းချမ်းရေး စန်တာ (MPC )တို့ နှစ်ဖက်လုံးက ကားပါမစ်များကို တိုင်းရင်းသားအဖွဲ့များ၏ လိုအပ်ချက်များအတွက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် သူ၏ကိုယ်ပိုင်ငွေထဲမှပင် ကျခံသုံးစွဲနေရသည်ဟု ဝန်ကြီးဦးအောင်မင်းက MPC ရုံးခန်းတွင် စာနယ်ဇင်းများသို့ စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။
“ကျနော် ငြိမ်းချမ်းရေးကို အရမ်းလိုချင်ပါတယ်။ ဒါကြောင့် ကျနော့် အိမ်တွေ၊ ကားတွေကို ရောင်းခဲ့ပြီးပြီ။ တကယ်လို့ ဘယ် အိမ်တွေ ကျနော်ရောင်းခဲ့သလဲဆိုတာသိချင်ရင် သွားကြည့်နိုင်ပါတယ်။ ကျနော်လိပ်စာတွေ ပေးလိုက်ပါမယ်” ဟု သူက ပြောကြောင်း သတင်းများတွင်ဖော်ပြခဲ့ကြသည်။
သို့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များက ကားပါမစ်ကို လက်ခံရန်ဆုံးဖြတ်လိုက်ခြင်း အတွက် အပြစ်တင်ဝေဖန် လိုက်ကြသည်။ လိုင်စင်များကြောင့် တိုင်းရင်းသား အဖွဲ့များကြားတွင် ကွဲပြားမှုများပေါ်ပေါက်လာနိုင်သည် ဟုလည်း သူတို့ ကပြောသည်။
တိုင်းရင်းသားအဖွဲ့များက မိမိတို့ အဖွဲ့များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ဆောင်ပါမစ်များကို ယူခဲ့ရခြင်းဖြစ်သည် ဟု ဆိုသည်။
သြဂုတ်လအတွင်းက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က အနာဂတ်တွင် လုပ်ဆောင်ရန် ရှိသည်များအတွက် ကားတင်သွင်းခွင့် ပါမစ်များကို အသုံးပြုသွားမည် ဖြစ်သည်ဟုဆိုသည်။
“ကျနော်တို့ရဲ့ အနာဂတ်နိုင်ငံရေး အစီအစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရံပုံငွေလိုပါတယ်။ ဒါကြောင့် အစိုးရရဲ့ ကမ်းလှမ်းမှုကို ကျနော်တို့ လက်ခံခဲ့တာပါ” ဟု ABSDF အဖွဲ့၏ ဒုတိယဥက္ကဌ ဦးမျိုးဝင်း က ဧရာဝတီသို့ပြော သည်။
“အဖွဲ့ဝင်တွေ ဒါမှမဟုတ် အဖွဲ့အစည်း တခုလုံးရဲ့ သက်သာချောင်ချိမှုအတွက် ကျနော်တို့ ယူခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမယ့် နိုင်ငံရေး အစီအစဉ်တွေကို ဒီရံပုံငွေတွေနဲ့ အကောင်အထည် ဖော်သွားမှာပါ” ဟု သူကထပ်ပြောသည်။
သို့သော်လည်း လေ့လာစောင့်ကြည့်သူအချို့က ငြိမ်းချမ်းရေးအတွက် ကားပေးသည့် အစီအစဉ်သည် အစိုးရ၏ “အကျိုးလို၍ ညောင်ရေလောင်း” သည့် နည်းဗျူဟာသာဖြစ်သည်ဟု ပြောကြသည်။
“ဒါ လာဘ်ထိုးတာ သက်သက်ပါပဲ။ တခြားမဖြစ်နိုင်ပါဘူး” ဟု မြန်မာ နိုင်ငံနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြောင်း စာအုပ်အများအပြား ရေးသားထုတ်ဝေခဲ့သော မြန်မာ့အရေးကျွမ်းကျင်သူ ှဆွီဒင်နိုင်ငံသား ဝါရင့် စာနယ်ဇင်းသမားတဦး ဖြစ်သည့် Bertil Lintner ကပြောသည်။
“နောက်ပြီး ဒါက မြန်မာနိုင်ငံရဲ့ လူမျိုးစုပြဿနာတွေအတွက်လည်း ဘာမှလုပ်မပေးနိုင်ပါဘူး။ ဒီလို လာဘ်ပေးလာဘ်ယူ ကိစ္စမျိုး တိုင်းရင်းသားအုပ်စုတွေရဲ့ ပြိုင်ဖက်ခေါင်းဆောင်တွေကြားမှာ၊ ခေါင်းဆောင်တွေနဲ့ စိတ်ပျက်ဝမ်းနည်းသွားတဲ့ နောက်လိုက်တွေကြားမှာ အကွဲအပြဲတွေ ပေါ်ပေါက်လာပြီးတော့ အခြေအနေပိုဆိုးလာစေပါလိမ့်မယ်” ဟု သူက ထပ်ပြော သည်။
KNU ခေါင်းဆောင် တဦးကို ဧရာဝတီမှ မေးမြန်းကြည့်သည့်အခါ အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ သည်။ ကားပါမစ်များ အတွက် အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ ကွဲပြားမှုများဖြစ်ခဲ့ရကြောင်း ပြောသည်။
“ကားအကြောင်း ကျနော်မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုတလောမှာ ဒီကားပါမစ်တွေကြောင့် ကျနော်တို့ စကားတွေ များနေခဲ့ရတယ်” ဟု အဆိုပါ KNU ခေါင်းဆောင်ကပြောသည်။
KNU အဖွဲ့နှင့် နီးစပ်သော ကရင်သတင်းရင်းမြစ်များ၏ အဆိုအရ KNU အဖွဲ့က ကားပါမစ်အားလုံးကို ရောင်းချပြီး ရရှိသည့် ငွေများကို Moe Ko San ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။
ABSDF အဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်များကလည်း ကားပါမစ်နှင့် ပတ်သက်၍ ABSDF ခေါင်းဆောင်များကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဆိုသည်။ အဖွဲ့၏ ခေါင်းဆောင်များက အစိုးရ၏ လက်ဆောင်ကို လက်ခံ လိုက်ခြင်းအတွက် ABSDF ၏ အမာခံထောက်ခံသူများ စိတ်မသက်မသာဖြစ်ရသည့်အကြောင်း နိုင်ငံရပ်ခြားမှ ABSDF ကို ထောက်ခံသူ အချို့ကပြောကြသည်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုအတွင်းမှ အဆက်အသွယ်ကောင်းသည့် သတင်းရင်းမြစ်တခု၏ အဆိုအရ ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် ကားပါမစ်အစစ်များ ရရှိပြီး အချို့ အဖွဲ့ များရရှိသည့် လိုင်စင်များက အတုဖြစ်နေသည့်အတွက် လက်နက်ကိုင် အဖွဲ့ငယ်များအတွင်းတွင် ဇဝေဇဝါဖြင့် နားလည်ရခက်နေကြကြောင်း ပြောသည်။
“ကားအရောင်း ကိုယ်စားလှယ်တွေက ကျနော်တို့ဆီပြန်လာပြီး ကျနော်တို့လိုင်စင်က အတုဖြစ်နေတယ်လို့ ပြောလာ တာတွေ ရှိနေတယ်။ ဒီ စာရွက်စာတမ်းအတုတွေ ဘယ်က လာတယ်ဆိုတာ ကျနော်တို့လဲ မသိဘူး။ ပထမတော့ ကား အရောင်းကိုယ်စားလှယ်တွေက ကျနော်တို့ကို ပါမစ်အတုရောင်းတဲ့ အတွက် တရားစွဲချင်ကြတယ်။ ဒါပေမယ့် ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် မလုပ်ဘဲထားတာက ပိုကောင်းတယ်လို့ သူတို့ သိသွားကြပြီးတဲ့ နောက်မှာတော့ အရှုံးကို ကာမိအောင်လို့ ကျနော်တို့သူတို့ဆီက ဝယ်ထားတဲ့ ကားတွေထဲက တချို့ကို ပြန်ပေးဖို့ တောင်းဆိုကြတယ်” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
ပါမစ်အတုများကို ကောင်းစွာမြင်တွေ့ဖူးသည့် သတင်းရင်းမြစ်များက စာရွက်စာတမ်းများသည် မိတ္တူကူးထားသည့် အသွင်ရှိပြီး လက်မှတ်အတုများထိုးထားသည်ဟု ဆိုသည်။
မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ကားပါမစ်ပေးခြင်းသည် လာဘ်ထိုးခြင်း သဘောမျိုး မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ အစပထမတွင် အမည်မဖော်ပြလိုသော ကရင်တိုင်းရင်းသားအဖွဲ့အချို့က ၎င်းတို့ ၏ လိုင်စင်မဲ့ကား များကို တရားဝင်သုံးစွဲခွင့်ရလိုကြောင်း အစိုးရကို ပြောကြားခဲ့သည့်အတွက် စီစဉ်ပေးခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်းမှ မော်တော်ယာဉ် အမြောက်အများ၊ အထူးသဖြင့် နယ်စပ်ဒေသများမှ မော်တော်ယာဉ်များ သည် လိုင် စင်မဲ့များဖြစ်ကြပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တရားမဝင်တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
အစိုးရက ကရင်အဖွဲ့၏ တောင်းဆိုချက်ကိုလိုက်လျောရန် ကတိပြုခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုပါတိုးချဲ့ ကမ်းလှမ်းခဲ့ရာတွင် မညီမျှမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု ဦးလှမောင်ရွှေက ဆိုသည်။ လက်နက်ကိုင်အဖွဲ့ငယ်များသည် ပါမစ်အနည်းငယ်သာရရှိပြီး အင်အားကြီးသည့် အဖွဲ့များက အချိုးအဆ ပို၍ ကြီးမားစွာ ရရှိသွားသည်ဟုလည်း သူကထပ်ပြောသည်။
“ကျနော်နားလည်တာကတော့ ကားအရေအတွက်က အရမ်းနည်းတယ်။ ဥပမာ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဆိုရင် သူတို့ ခေါင်းဆောင်တွေအတွက် အကောက်ခွန်လွတ်ကား ၅ စီးပဲရတယ်။ တချို့ အဖွဲ့ကြီးတွေကျတော့ ကားအစီးရေ ၂၀ ကနေ ၂၅ စီး အထိရကြတယ်။ ကျနော်သိသလောက်ဆိုရင် အကောက်ခွန်လွတ်ကား ၂၇၀ ထက်မကျော်ပါဘူး” ဟု ဦး လှမောင်ရွှေက ဆိုသည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များက ကားစီးရေ ၃၀၀၀ ခန့် တင်သွင်းရန် စီစဉ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ အစောပိုင်း အစီရင်ခံစာများအရ သိရသည်။ ကားအစီးပေါင်း ၃၀၀၀ ၏ ဈေးကွက်တန်ဖိုး စုစုပေါင်းသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ ၃၀၀ အတွင်းရှိမည်ဟု ယူဆရသည်။ အဆိုပါ ၃၀၀၀ အနက်မှ ၁၀၀၀ ခန့်ကို တင်သွင်းခဲ့ပြီး ဖြစ်ပြီး ကျန်ပါမစ် ၂၀၀၀ ၏ အနေအထားက မသေမချာဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုများ စတင်ခဲ့သည့် ၂၀၁၁ခုနှစ် နှောင်းပိုင်းမှ စ၍ အစိုးရက ကျောထောက် နောက်ခံပေးထားသည့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) သို့ ရံပုံငွေများ ဝင်ရောက်လာခဲ့သည်။ MPC သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် ဗဟိုအစိုးရကို နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြန်လည်သင့်မြတ်ရေး အားထုတ်မှုများကို ငွေကြေးထောက်ပံ့လိုသည့် နိုင်ငံတကာ အလှူရှင်များ အတွက် ဆက်သွယ်ရန် နေရာတခု အဖြစ်ရပ်တည်နေသည့် အသွင်ရှိနေသည်။
နော်ဝေနှင့် ဥရောပသမဂ္ဂအပါ အဝင် နိုင်ငံတကာ အလှူရှင်များက Peace Donor Support Group မှ တဆင့် ထိရောက် သည့် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။
နိုဝင်ဘာလအစောပိုင်းက ရန်ကုန်မြို့ ရှိ MPC ရုံးတွင် ကျင်းပခဲ့သော အခန်းအနားတခုတွင် ဥရောပကော်မရှင် ဥက္ကဌ Jose Manuel Barroso က ယခုနှစ်ကုန်အထိ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး အစီအစဉ်များအတွက် ငွေကြေးထောက်ပံ့မှု မြောက်များစွာရှိနေသော်လည်း အဆိုပါငွေများကို မည်သို့သုံးစွဲ နေသည့်ဆိုခြင်းနှင့် ပတ်သက်သည့် အချက်အလက်များက သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိုနှိုင်းမှုများ ပြုလုပ်နေသည့်ကြားတွင် ကားပါမစ် အပေးအယူကိစ္စများ ထုတ်ဖော်ပြောကြားလာနေခြင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ မေးခွန်းများဖြစ်လာစေခဲ့သည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးကို ပွင့်လင်းမြင်သာမှုရှိစွာဘယ်လို လုပ်ဆောင်ရမယ်ဆိုတာနဲ့ ဒါဟာ တိုင်းပြည်တံခါး ဖွင့်လိုက်တဲ့ အချိန်မှာ လက်ဝါးကြီးအုပ်ရတာကို သာယာနေတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ လေ့လာရမယ့် ဖြစ်စဉ်တခုဆိုတာကို သလောပေါက်နားလည်ခြင်း မရှိကြဘူး။ နားလည်ခဲ့တဲ့ အစဉ်အလာလဲ မရှိခဲ့ဘူးလို့ ကျနော်ထင်တယ်” ဟု နိုင်ငံတကာ အကြံပေးကုမ္ပဏီတခုတွင် တာဝန်ထမ်းဆောင်နေသော မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ကားပါမစ်များ လက်ခံရယူခြင်းကို ကန့်ကွက်မည် မဟုတ်ကြောင်းပြောသည်။ သို့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများတွင် မိမိ၏ ရပ်တည်ချက်အပေါ်၌ အစိုးရ၏ လက်ဆောင်များက သက်ရောက်မှု မရှိစေရန် သတိပေးလိုက်သည်။
“ငွေကြေး အခက်အခဲ ကိုယ်စီ ရှိနေကြတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကားပါမစ်ကို လက်ခံ သင့်ပါတယ်။ ကျနော်တို့ အလုပ်မှာ ရံပုံငွေက အရေးကြီးပါတယ်။ ကျနော်တို့ကို ကမ်းလှမ်းလာတဲ့ အခွင့်အရေးကိူ ရယူ သင့်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ယုံကြည်မှုတွေ၊ တာဝန်တွေကိုတော့ အဝယ်မခံသင့်ပါဘူး။ ကျနော်တို့အားလုံးဟာ နုံအ မိုက်မဲသူတွေ မဖြစ်သင့်ပါဘူး” ဟု နိုင်ဟံသာကဆိုသည်။ သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) သည်လည်း ကားပါမစ်များကို လက်ခံခဲ့သည်ဟု သူကထပ်ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိပ်တန်းခေါင်းဆောင် တယောက် ဖြစ်သော ဖဒို မန်းငြိမ်းမောင် ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကားတင်သွင်းခွင့် ပါမစ်များလက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ပြော ကြားခဲ့သည်။
“ငြိမ်းချမ်းရေးကို ကားပါမစ်နဲ့ လဲလှယ်တယ်လို့ ကျနော်တို့ကို ဝေဖန်နေကြတယ်။ ဒါပေမယ့် ဒီမှတ်ချက်တွေက ကျနော် တို့ ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားစရာတွေ ဖန်တီးဖို့ ပြောနေ ကြတာ ဖြစ်ပါတယ်။ KNU က ပါမစ်တွေကို လက်ခံခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဖွဲ့အစည်းရပ်တည်နေနိုင်ဖို့ အတွက် ကျနော်တို့မှာ အခက်အခဲတွေရှိနေလို့ပါ” ဟု သူကဆိုသည်။
(ဇာနည်မာန် ပါဝင် ရေးသား သတင်းပို့သည်)