Ethnic Issues

မူးယစ်ဆေး ပူးပေါင်းတိုက်ဖျက်ရေး အကောင်အထည် မပေါ်ဟု ဆို

This article has been converted from Zawgyi One to Unicode

အပစ်အခတ် ရပ်စဲရေ သဘောတူညီချက်အရ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး လုပ်ငန်းများသည် စာရွက်ပေါ်တွင်သာရှိပြီး မြန်မာ အစိုးရက လက်တွေ့ အကောင်အထည် ဖော်ဆောင်မှုများ မရှိကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့က ပြောသည်။

အစိုးရနှင့် မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးအတွက် သဘောတူညီချက် ရယူထားသည်မှာ တနှစ်ကျော်ကြာရှိပြီး တရားဝင် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း ယခုလ ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာထားခြင်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့်အညီ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် အတွက် RCSS/SSA အဖွဲ့က အားကျိုး မာန်တက် ဆောင်ရွက်မှုများကို တင်ပြခြင်း ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

“နိုင်ငံတော် အစိုးရမှ ယခုကဲ့သို့ လျစ်လျူပြုကာ လိုက်နာဆောင်ရွက်မှု မရှိခြင်းသည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက် နိုင်ရန်အတွက် အခက်အခဲနှင့် အဟန့်အတား ဖြစ်စေသည့် စိန်ခေါ်ချက်တွေ ဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရ စစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက် မရရှိသောကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက်ပူးပေါင်း ဆောင်ရွက်ရန် နှောင့်နှေး ကြန့်ကြာနေခြင်း ဖြစ်ကြောင်း RCSS/SSA အဖွဲ့မှ ဒု ဗိုလ်မှူးကြီး စိုင်းဟန်က ဧရာဝတီသို့ ပြောသည်။

“မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) ဆိုတာ ပြည်ထဲရေး (ဝန်ကြီးဌာန) ကလေ။ သူတို့ကလည်း ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) က ခွင့်မပြုနိုင်ရင် ဘာမှ မလုပ်နိုင်ဘူး၊ အဲဒီလို အခြေအနေမှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မူးယစ်းဆေးဝါး တိုက်ဖျက်ရေး ကိစ္စများကို RCSS/SSA အဖွဲ့ နှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီး စိုင်းဟန်က ဆက်ပြောသည်။

“ဒီကိစ္စက အားလုံးနဲ့ သက်ဆိုင်တာကိုး။ အဓိက အစိုးအပေါ်မှာ အများကြီး မူတည်တယ်။ အဲဒါမှ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လျင်လျင် မြန်မြန် ဖြေရှင်းနိုင်မှာ ဖြစ်တယ်၊ ကျနော်တို့ဘက်က အဲဒီလိုမျိုး မြင်တယ်” ဟု ၎င်းက ရှင်းပြသည်။

RCSS/SSA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စကို အရေးကြီး ဆောင်ရွက်ရန် သတ်မှတ်ထားပြီး လာမည့်နှစ်တွင် အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒီကိစ္စတွေကို တတ်နိုင်တဲ့ဖက်က လုပ်မယ်၊ အစိုးရနဲ့ တွေ့တိုင်းလည်း ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးဖို့ ရှိတယ်” ဟု ဒု ဗိုလ်မှူးကြီး စိုင်းဟန်က ပြောသည်။

RCSS/SSA အနေနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ဦးခွန်စိုင်းကမူ RCSS/SSA အဖွဲ့နှင့် အစိုးရတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မဖြစ်နိုင်သေးကြောင်း၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြောသည်။

“CCDAC ကတော့ လုပ်ချင်တယ်လို့ ပြောတယ်၊ ဒါပေမယ့် အခုအထိ တပ်မတော်ဘက်က မီးစိမ်း မပြသေးဘူး။ အဖွဲ့ ခေါင်းဆောင် ဥက္ကဌက စစ်တပ်က ဒု ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်နေတော့ သူ့တယောက်တည်း ဆန္ဒနဲ့ လုပ်နိုင်တာလည်း မဟုတ်ဘူး။ တပ်မတော်က ဦးဆောင်ထားတာကိုး။ အခုလောလောဆယ်ကတော့ RCSS/SSA နဲ့ အစိုးရ ပူးတွဲလုပ်နိုင်ဖို့ ဆိုလိုရှိရင်တော့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲကို အရင်စောင့်ရမယ်” ဟု ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို တဖက်ကနေ လုပ်ကိုင်နေခြင်း သကဲ့သို့ ဖွံ့ဖြိုးရေး လုပ်ငန်းများလည်း လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ကဏ္ဍနှစ်ရပ်စလုံးအတွက် ဆောင်ရွက်ရာတွင် ငွေကြေး မလုံးမလောက်မှုများ ကြုံတွေ့ရသည်ဟု နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၏ ပြောကြားချက်ကို ကိုးကား၍ ဦးခွန်စိုင်းက ပြောသည်။

ယခုနှစ်ကုန်ပိုင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ငွေကြေးအခက်အခဲများကို ဖြေရှင်းနိုင်မည်ဟု ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ပြောပြကြောင်း ၎င်းက ဆိုသည်။

“သူပြောတာကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ အဓိက တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေးဟာ အတူတူ တွဲလုပ်သွားရမှာ ဖြစ်တယ်၊ အခု လောလောဆယ် တိုက်ဖျက်ရေးပဲ လုပ်နိုင်တယ်၊ ဖွံ့ဖြိုးရေး မလုပ်နိုင်ဘူး။ အဲဒီကိစ္စကို အတော်အလေးထား ပြောသွားတယ်” ဟု ဦးခွန်စိုင်းက ရှင်းပြသည်။

၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူညီချက် ၁၂ ချက် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များကို အစိုးရဘက်မှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဝန်ကြီး ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ် ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ပေါင်ခေးတို့က သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။

သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်သည်။

Loading