မြန်မာ့ တပ်မတော်က အကြီးတန်း အရာရှိ ၃ဝ ကို လုံခြုံရေး စီမံကိုင်တွယ်မှု ဆိုင်ရာ သင်တန်းပေးရန် အတွက် ဗြိတိန် ကာကွယ်ရေး တက္ကသိုလ်က ကိုယ်စားလှယ်တဖွဲ့ လာမည့် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်အစိုးရ၏ လက်နက်ကိုင် တပ်များ ဆိုင်ရာ ဝန်ကြီး Mark Francois က“မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံမှာ အဓိက အခန်း ကဏ္ဍမှာ ရှိနေဆဲ နိုင်ငံရေး အင်အားစုဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ရဲ့ သြ ဇာ နဲ့ ပညာရပ်တွေကနေတဆင့် ထောက်ပံ့ကူညီပေးသွားဖို့ အားပေးတဲ့သဘောနဲ့ နည်းလမ်းရှာကြတာပါ”ဟု The Telegraph သတင်းစာ ကို ပြောဆိုသည်။
မြန်မာ့တပ်မတော်အရာရှိကြီး ၃ဝ အား ယခု ၂ ပတ်ကြာ ပို့ချမည့် သင်တန်းသည် စစ်ဆင်ရေး ဆိုင်ရာ လေ့ကျင့် သင်ကြားမှုမျိုးမဟုတ်ဘဲ လုံခြုံရေးကိစ္စများတွင် လေးစားလိုက်နာရမည့် နိုင်ငံတကာ လူ့အခွင့်အရေး၊ ဥပဒေနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာများကို ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
နောက်ထပ် ဗြိတိန်စစ်ဘက် သတင်းရင်းမြစ်တခုကလည်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွင် မြန်မာစစ်တပ်သည် အဓိ ကဖြစ်နေပြီး အဆိုပါကိစ္စကို လျစ်လျူရှုခဲ့ပါက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အတွက် အလွန်စွန့်စားရမည်ဟု သတိပေး ပြောဆို ထားသည်။
ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချတ်စ် ၏ ဇွန်လက မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ယခု သင်တန်းပေးရေးကိစ္စကို နေပြည်တော်တွင် ဆွေးနွေးခဲ့ကြ သည်။
သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လဆန်းက ဗြိတိန် ခရီးစဉ်အတွင်း မြန်မာ့ တပ်မတော်အား သင်တန်းများပေးရန် အတွက် ၂ နိုင်ငံခေါင်း ဆောင်များ သဘောတူခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းက ဗြိတိန် ဆင်းဟတ် စစ်တက္ကသိုလ်ကို အလည်အပတ် ရောက်ရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကလည်း ယင်း သင်တန်း အတွက် မေတ္တာရပ်ခံခဲ့သေးသည်။
ယခု သင်တန်းကိစ္စ နှင့် ပတ်သက်ပြီး ဗြိတိန် စစ်အရာရှိများက ရက်စက်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား ယင်းကဲ့သို့ သင်တန်းပေးမည့် အငြင်းပွားဖွယ်ရာ ခရီးစဉ်အပေါ် နိုင်ငံတကာက ဝေဖန်ကြသည်မှာ မြန်မာနိုင်ငံအား တစုံတရာ သြဇာရှိစေရေး ကြိုးပမ်းသည့် လုပ်ရပ်ဖြစ်သည်ဟု The Telegraph သတင်းစာ က ရေးသားသည်။
သံတမန် အသိုင်းအဝိုင်း ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ထိလွယ်ရှလွယ်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပြု လုပ်နေသော မြန်မာနိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် မြန်မာစစ်တပ်ပြုပြင်ပြောင်းလဲမှုကိုလည်း အထောက်အပံ့ ဖြစ်နိုင် မည်ဟု မျှော်လင့်ကြောင်း ပြောဆိုကြသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး David Mathieson ကမူ တပ်မတော်သည် ယခု အရပ် သား အစိုးရအပေါ် လွှမ်းမိုးမှု တစုံတရာ ရှိနေသေးပြီး ရက်စက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း ပြောဆိုသည်။
လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများကို မြန်မာစစ်တပ်က တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ကို အကူအညီပေးမှုသည် အလွန်စောနေသေးပြီး မြန်မာ စစ်တပ် အရာရှိများနှင့် စစ်သည်များသည် ယခုအထိ လက်တွေ့အားဖြင့် မည်သည့်ပြောင်းလဲမှုမျှ မရှိသေးကြောင်းလည်း သူက ဆက်ပြောသည်။
မြန်မာ့တပ်မတော်ကို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဗြိတိန်က ဦးစားပေး သင်ကြားလေ့ကျင့် ပေး သင့်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်ဦး က ဧရာဝတီသို့ ပြောဆိုထားသည်။
“အမှန်ကတော့ တိုင်းပြည်မှာ တိုက်ခိုက်ရေးတွေ ဘာတွေထက် အခုနေမှာ အရေးကြီးတာက သဘာ၀ ဘေးအန္တရာယ် ရင်ဆိုင် ရ တဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူ ပြည်သားတွေနဲ့ပတ်သက်လို့၊ ဦးစားပေး လေ့ကျင့် သင်ကြား ပေးစေချင်တယ်”ဟု သူက ဆိုသည်။
ဗြိတိန်တပ်မတော်က မြန်မာ့တပ်မတော်ကို လေ့ကျင့်သင်ကြားပေးမှုသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိန် အစိုးရ ချုပ်ဆိုခဲ့သည့် စာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစက မြန်မာ့ တပ်မတော်ကို နိုင်ငံတကာ အဆင့်မီ ကျောင်းဆင်း အရာရှိငယ် ဖြစ်သည် အထိ အခမဲ့ လေ့ကျင့် သင်ကြားပေးခဲ့ဖူးသည်။
သို့သော် လွတ်လပ်ရေးရပြီး ၃ နှစ်ကျော်လာသည့်အခါ ဗြိတိန် စစ်သင်တန်းများကို မြန်မာစစ်အရာရှိများ လေ့ကျင့်သင် ကြားမှုများအတွက် ငွေကြေး ပေးသွင်းရပြီး ဓနသဟာယ နိုင်ငံမှ နုတ်ထွက်ခဲ့သည့် မြန်မာနိုင်ငံမှ စစ်အရာရှိများကို ပညာကုန် သင်ကြားပေးမှု မရှိတော့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်အား လေ့ကျင့်သင်တန်း ပေးရေး ကိစ္စကို ဗြိတိန်အပြင် အမေရိကန် ပြည်ထောင်စုကလည်း ကမ်းလှမ်း ထား သည်။
ထိုင်းနိုင်ငံတွင် ကျင်းပသည့် အမေရိကန် ဦးစီးသော ပူးတွဲ စစ်ရေး လေ့ကျင့်မှု ရွှေမြွေဟောက် စစ်ဆင်ရေးတွင် မြန်မာ့ တပ်မတော် မှ ကိုယ်စားလှယ်ကို လေ့လာသူအဖြစ် တက်ရောက်ရေး အတွက် အမေရိကန်က ခွင့်ပြုခဲ့သည်။