သနပ်ခါးပါးကွက်ကြား၊ ဆံပင်ကြက်တောင်စည်းနှင့် အသားညိုညို၊ အသက် ၁၉ နှစ်အရွယ် မိန်းကလေး တယောက် လက်ဝှေ့ရုံထဲတွင် လက်ဝှေ့ ကစားနေသည်။ အားကစား ဘောင်းဘီတိုနှင့် အကျႌလက်တို အပြာရောင်ကို ဝတ်ဆင်ထားပြီး လေ့ကျင့်အိတ်ကို တဖုန်းဖုန်းမြည်အောင် ထိုးနေသည်ကို တွေ့ရသည်။
သူ၏ ပုံစံမှာ ချွေးတစိုစိုနှင့် မောပန်းနေသယောင် ဖြစ်နေသော်လည်း ဝါသနာပါရာ လုပ်ခွင့်ရနေသည့် အတွက် ကျေနပ် နေသည့် မျက်နှာကို မြင်ရသည်။
သူ့အမည်က နွယ်နီဦး၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့က ဖြစ်သည်။ ဖခင်ဖြစ်သူက ယခင်က အပျော်တမ်း လက်ဝှေ့သမားတဦး ဖြစ်သောကြောင့် ဖခင်သွေးပါသူပီပီ လက်ဝှေ့အားကစားကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူ ဖြစ်သည်။ ကန်နေ၊ ချနေ ရလျှင် ကျေနပ်နေသကဲ့သို့ လက်ဝှေ့ကစားနေရလျှင် သူ့ဘဝ ပြည့်စုံပြီဟု ယူဆခဲ့သူဖြစ်ကြောင်း သူက ဆိုသည်။
မနွယ်နီဦးက ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် အမျိုးသမီးဘောက်ဆင် ပြိုင်ပွဲ ၅၇ ကီလို တန်း၌ အင်ဒိုနီးရှားနိုင်ငံကို အကြိုဗိုလ်လုပွဲတွင် အနိုင်ထိုးခဲ့ပြီး ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်နိုင်ငံ ပြိုင်ဘက်ကို အနိုင်ရကာ သူ့ဘဝ အတွက် ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခဲ့သူ ဖြစ်သည်။
နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ လုံးဝမရှိခဲ့သည့် မနွယ်နီဦးက မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသမီး ဘောက်ဆင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရေးအတွက် ကြိုတင် ရင်ခုန်ခဲ့ရသည်ဟု ဧရာဝတီကို ပြောပြသည်။
“အားလုံးအပေါ် တာဝန်ကျေချင်ခဲ့တယ်၊ ယုံကြည်ချက်နဲ့ စင်ပေါ်တက်ပြီးတော့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ ပြိုင်ခဲ့တယ်” ဟု မနွယ်နီဦးက ဆိုသည်။
ပြိုင်ပွဲတလျှောက်လုံး ယှဉ်ပြိုင်ခဲ့စဉ်အတွင်း ပရိသတ်များ၏ အသံနှင့် ဆရာသမားများ၏ ဆက်တိုက် အကြံပေး ပြောပြချက်များကို နားစွင့်ပြီး ပြိုင်ဘက်များအပေါ် အကောင်းဆုံး ထိုးသတ်နိုင်ခဲ့သည် ဟုလည်း သိရသည်။
နိုင်ငံတကာပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင်ရပြီး သူ့ထက် ပိုမိုကောင်းမွန်သည့် ပြိုင်ဘက်များနှင့် ထိုးသတ်ချင်ကြောင်း၊ သို့မှသာ သူ့ အရည်အသွေး ပိုမို တိုးတက်ကောင်းမွန်လာပြီး အတွေ့အကြုံလည်း ပိုရနိုင်မည်ဖြစ်ကြောင်း သူက ဆိုသည်။
မနွယ်နီဦး၏ ဘဝပေး အခြေအနေက ကြမ်းတမ်းခဲ့သည်။ သူ့ အဖေက လက်ဖက်ရည်ဆိုင်မှ အဖျော်ဆရာတဦး ဖြစ်ခဲ့ပြီး ရရှိသည့် ဝင်ငွေက မလောက်ငှ၊ ထို့ကြောင့် မိသားစု စီးပွားရေး မပြေလည်သလို၊ မောင်နှမများထဲတွင် အကြီးဆုံးဖြစ်သည့် မနွယ်နီဦးက မွေးချင်း မောင်ငယ်များကို ညှာတာပြီး ကျောင်းပညာရေး ၄ တန်းအောင်ပြီးပြီးချင်း ကျောင်းထွက်ခဲ့ရကာ မိသားစုအတွက် ပညာရေးကို ရင်းခဲ့ရသည်ဟု သိရသည်။
သူ့အဖေ အလုပ်လုပ်သည့် လက်ဖက်ရည်ဆိုင်တွင် ပန်းကန်ဆေးဖူးသည်၊ စားပွဲထိုး လုပ်ခဲ့ဖူးသည်၊ ကွမ်းယာထုပ်သမ လည်း လုပ်ခဲ့ဖူးသည်။ ထိုအချိန်က သူ့အသက် ၁၀ နှစ် ဝန်းကျင်သာ ရှိသေးသည်ဟု မနွယ်နီဦးက ပြောပြသည်။
သူက လက်ဝှေ့အားကစားကို ဝါသနာပါလွန်းသဖြင့် ငယ်စဉ်ကတည်းက ရပ်ကွက် အပျော်တမ်း လက်ဝှေ့ ပြိုင်ပွဲများတွင် လိုက်ပြီး ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲတိုင်းတွင် ဝင်ပြိုင်ချင်သည့် မနွယ်နီဦးကို သူ အလုပ်လုပ်နေသည့် လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ပုဂ္ဂိုလ်ရေးအရ မကြည်လင်တော့ဘဲ သူတို့ သားအဖ နှစ်ယောက်စလုံးကို အလုပ်မှ ထုတ်ပစ်ခဲ့ဖူးသည် ဟုလည်း မနွယ်နီဦးက သူ့အခြေအနေကို ရှင်းပြသည်။
“မိသားစု အခက်အခဲလည်း ရှိတယ်၊ ကိုယ်က ပညာနဲ့ လုပ်စားလို့ မရဘူးဆိုတော့ ဝါသနာပါတဲ့ လက်ဝှေ့ကစားတာကို ကိုယ့်ဘဝ တိုးတက်မှုအတွက် ကြိုးစားရမယ်လို့ တွေးပြီး လက်ဝှေ့ထိုးတာကို သေချာ လေ့ကျင့်ခဲ့တယ်” ဟု မနွယ်နီဦးက
ဧရာဝတီသို့ ပြောသည်။
မနွယ်နီဦးသည် ၂၀၀၉ ခုနှစ်တွင် နိုင်ငံ လက်ရွေးစင်အဖြစ် စတင် အရွေးချယ်ခံခဲ့ရပြီး ဖြူးမြို့မှ ရန်ကုန်မြို့သို့ ရောက်လာ ခဲ့သည်။ မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်က တလလျှင် လစာ ၃၀၀၀၀ ကျပ် ပေးသည်၊ သူကလက်ဝှေ့ အားကစားကို ဆရာသမားများနှင့် အချိန်မှန် လေ့ကျင့်ရသည်။
သူ ရရှိသည့် လစာငွေထဲက ၂၅၀၀၀ ကျပ်ကို မိသားစုအား ထောက်ပံ့ပြီး ကျန်သည့်ငွေကို စုထားသည်ဟု မနွယ်နီဦးက ဆိုသည်။
ယခုအချိန်တွင်တော့ သူ့ကို ပြည်ထဲရေး ဝန်ကြီးဌာနက ဌာနပိုင် အားကစားသမားအဖြစ် ခန့်ထားပြီး တလလျှင် လစာ ကျပ် ၁ သိန်း ကျော် ပေးထားကာ၊ လက်ဝှေ့အဖွဲ့ချုပ်ကလည်း လစာ ၃၀၀၀၀ ကျပ် ဆက်လက် ပေးထားသည်ဟု သိရသည်။ ထိုလစာငွေများဖြင့် သူ၏ မောင်ငယ် ၁၀ ကျောင်းသားကို ကျောင်းထားပေးနိုင်ပြီး အိမ်အသုံးစရိတ် တချို့အတွက်လည်း ထောက်ပံ့ပေးနိုင်သည့် အတွက် ဝမ်းသာမိသည်ဟု သူက ပြောပြသည်။
“အမျိုးသမီးတွေလည်း ဦးဆောင်လာ နိုင်ပါပြီ၊ လက်ဝှေ့ဆိုတာ မိန်းကလေးနဲ့ မဆိုင်ဘူးလို့ လူအများက ထင်ကြတာ၊ ညီမဆိုရင် ယောကျာ်လေးတွေနဲ့ တန်းတူ လေ့ကျင့်ခန်းလုပ်တယ်၊ အားချင်း မတူနိုင်ပေမယ့် ကိုယ်လည်း တန်းတူ လုပ်နိုင်ပါလား ဆိုတာ ပြချင်တယ်” ဟု မနွယ်နီဦးက ဆိုသည်။
မိန်းကလေး ဖြစ်သော်လည်း တိုက်ခိုက်ရသည့် အားကစားနည်းမျိုး မှန်သမျှ သဘောကျမိကြောင်း သူက ပြောသေးသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီး၌ တက်ကြွ လှုပ်ရှားနေကြသည့် အမျိုးသမီးကြီး များကို အားကျကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော အမျိုးသမီး ခေါင်းဆောင်မျိုးကို လေးစားမိကြောင်း မနွယ်နီဦးက ဆက်ပြောသည်။
“တချို့မိန်းကလေးတွေက လက်ဝှေ့ထိုးရတာ အားကျတယ်၊ ဒါပေမယ့် မထိုးရဲကြဘူး။ တခြား အားကစား နည်းတွေမှာက အတိုက်ကစားရတာ ရှိသလို၊ အလှပြ ကစားရတာရှိပေမယ့် လက်ဝှေ့မှာ အဲဒီလို မရှိဘူးလေ။ လက်ဝှေ့ ကစားနည်းမှာ မိန်းကလေး ရှားတယ်၊ ဝါသနာနဲ့ ဆော့ကြတာလည်း ရှားတယ်” ဟု သူက ရှင်းပြသည်။
လက်ဝှေ့ အားကစားနည်းတွင် ဝါသနာပါသည့် အမျိုးသမီး နည်းနေသေးကြောင်း၊ တနိုင်ငံလုံး ခြုံငုံကြည့်မှ ဆယ်ဂဏန်းမျှသာ ရှိကြောင်း၊ တချို့က ဝါသနာပါသော်လည်း လက်ဝှေ့ကစားပါက ထိခိုက်မှုများသည်ကို စိုးရိမ်ကြကြောင်း၊ မိဘများက ကန့်ကွက်မှု များလည်း ရှိကြကြောင်း၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲများ နည်းနေသေးကြောင်း မနွယ်နီဦးက ပြောပြသည်။
“တီဗီထဲတွေမှာသာ အမျိုးသမီးလက်ဝှေ့ပွဲတွေ ပြလာမယ်ဆိုရင် အမျိုးသမီးတွေလည်း လက်ဝှေ့ကို ပိုကြိုက်လာကြမယ် ထင်တယ်” ဟု သူ၏ အမြင်ကို ဆိုသည်။
နိုင်ငံတော်က ရွှေတံဆိပ်ဆုရရှိသည့် အားကစားသမားများကို တဦးလျှင် ငွေကျပ် သိန်း ၁၀၀ နှင့် ပရိုဘောက် ကားတစီး ဆုချီးမြှင့်မည်ဟုလည်း သိရသည်။
မနွယ်နီဦးက ဆုငွေများ ရရှိပြီးချိန်တွင် သူ့မိဘများ လက်ရှိနေထိုင်နေသည့် အမွေဆိုင်အိမ်ကို ငွေပြန်အမ်းပေးပြီး အပိုင်ဝယ်ချင်ကြောင်း၊ အိမ်ကိုပြန်ပြင်ပြီး အလှူကြီး ပေးချင်သည့်အကြောင်း၊ သူ့အဖေနှင့် အမေတို့ကို အေးအေးချမ်းချမ်း ထားချင်သည့် အကြောင်း ဧရာဝတီကို ပြောပြသည်။