ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဒေသခံတွေရဲ့ INGO (အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း) တွေအပေါ် တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၇ ရက်မှာ တွေ့ဆုံညှိနှိုင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဒေသခံ လူထု ကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC)တို့ တွေ့ဆုံကြဖို့ ဖြစ်ပါတယ်။
“ကျနော်တို့နဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ မနက်ဖြန် မနက် ၁၀ နာရီ ချိန်းထားပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ တဆင့် အကြောင်းကြား တာပါ။ ကျနော်တို့ကတော့ သူတို့ဘက်က ဘယ်လိုညှိနှိုင်းမယ် ဆိိုတာတော့ မသိသေးဘူး။ ဒါပေမယ့် ကျနော်တို့ တောင်းဆို ထား တဲ့ အချက် ၉ ချက် မရရင်တော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ရည်ရွယ်ချက် အတိုင်း ဆက်လက် ဆောင်ရွက်မှာပဲ”လို့ မြို့ဒေသခံ ကိုယ်စားလှယ် တဦး ဖြစ်သူ ကိုနှင်းထွန်းတိုးက ပြောပါတယ်။
မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ နောက်ပိုင်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ ICRC နဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF)တို့က ဒုက္ခသည် ရခိုင်လူမျိုးတွေနဲ့ ဘာသာခြား လူမျိုးမတူသူတွေကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက် မှုတွေ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
အဲဒီလို ကူညီမှုတွေမှာ နှစ်ဘက် မျှတမှုမရှိဘဲ ရခိုင် လူမျိုးတွေထက် လူမျိုးခြားတွေအပေါ် ပိုပြီး အရေးယူ ဆောင်ရွက်မှုတွေရှိတဲ့ အပြင် ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုပြီး မြောက်ဦးမြို့ ဒေသခံတွေ စုပေါင်းပြီး တောင်းဆိုချက် ၉ ချက်ပါတဲ့ သဘောထား ထုတ်ပြန်ချက် တစောင်ထုတ်ပြီး ပါဝင်တဲ့ အချက်တွေကို မလိုက်နာတဲ့မည်သည့် INGO အဖွဲ့အစည်းတွေကို မဆို ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထားပြီး မြို့တွင်းက ထွက်ခွာပေးဖို့ အသိပေး အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ထုတ်ပြန် အသိပေးခဲ့တဲ့ အပြင် မြောက်ဦးမြို့မှာရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေ တည်းခိုနေထိုင်နေတဲ့ ဟိုတယ်တွေ အပါအဝင် ဟိုတယ်၊ တည်းခိုခန်း ၁၀ ခု ကျော်ကိုလည်း ခေါ်ယူ တွေ့ဆုံခဲ့ပြီး သူတို့ သတ်မှတ်ထားတဲ့ အချက် ၉ ချက်ကို မလိုက်နာတဲ့ ဘယ်အဖွဲ့အစည်းတွေကိုမှ ပေးမတည်းဖို့ အတွက် အသိပေး တိုက်တွန်းခဲ့တယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကိုနှင်း ထွန်းတိုး က ပြောပါတယ်။
ဒီနေ့မှာ ဆိုရင် ဒေသခံတွေက ဟိုတယ်တွေကို သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်နေပြီး ဖြစ်တဲ့အတွက် တချို့ဟိုတယ်တွေမှာ တည်းနေတဲ့ ကိုယ်စားလှယ်တွေကတော့ ပြောင်းရွှေ့နေကြပြီလို့ ကြားသိရကြောင်း ကိုနှင်းထွန်းတိုးက ဆိုပါတယ်။
“ကျနော်တို့ မြို့ပေါ်မှာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တည်းနေတဲ့ဟိုတယ် သုံးခု ရှိတယ်။ အဲဒီသုံးခုကိုလည်း ပြောထားတယ်။ ဒီဇင်ဘာလ ၂၄ ရက် နောက်ဆုံးထားပြီး သူတို့တွေကို ထွက်သွားခိုင်းဖို့၊ တကယ်လို့ ဟိုတယ်တွေက မလုပ်ရင် အဲဒီဟိုတယ်ကို ဒေ သခံတွေ သဘောအတိုင်း ပိတ်ပေးဖို့ တောင်းဆို ထားပါတယ်။ တချို့ဟိုတယ်တွေဘက်ကလည်း ကိုယ်စားလှယ်တွေ မတည်းခင် ကတည်းက ဒေသခံတွေ သဘောမတူရင် ပြန်လည် ထွက်ခွာပါမယ်ဆိုပြီး ကတိ တောင်းခံထားတာတွေ ရှိတယ်”လို့ သူက ဆက်ပြော ပါတယ်။
ဒေသခံတွေ အနေနဲ့ မနက်ဖြန် တွေ့ဆုံ ဆွေးနွေးမှုမှာ သူတို့ တောင်းဆိုထားတဲ့အချက်တွေ အတိုင်း အပြည့်အ၀ မရရှိဘူး ဆိုရင် ဆန္ဒပြ တောင်းဆိုမှုတွေ ဆက်လက် လုပ်ဆောင်ရမယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ICRC ရန်ကုန်ရုံးချူပ်မှာ ရှိတဲ့ ပြန်ကြားဆက်သွယ်ရေးနဲ့ ပူးပေါင်း ညှိနှိုင်းရေးမှူး မိုက်ကယ် ဘရိုင်ရယ် (Michel Obrien) က သူတို့ လုပ်ငန်းတွေကို ဒေသခံတွေ အနေနဲ့ သဘောမကျသူတွေ ရှိတယ်ဆိုတာ သိရပါကြောင်း၊ သူတို့အနေ နဲ့လည်း ရှင်းပြဖို့ ကြိုးစားနေသလို လုပ်ငန်း ဆောင်ရွက်တဲ့ အခါမှာလည်း ဟိုဘက် ဒီဘက် မျှတတဲ့ နည်းလမ်းတွေ သာမက ဒေသ ခံ ရခိုင်တွေဘက်ကို ပိုမိုပြီး ဆောင်ရွက် ပေးနေကြောင်း ဧရာဝတီကို ပြောပါတယ်။
မိုက်ကယ် ဘရိုင်ရယ်က“အထူးသဖြင့် ကျနော်တို့ရဲ့ ရခိုင် ဒေသခံတွေအပေါ် ဆောင်ရွက်မှုတွေကို သူတို့တွေသတိမပြုမိလို့ ဖြစ်မှာပါ။ မသိလို့လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ တခု ပြောရရင် နိုဝင်ဘာ ၂ ရက်နေ့က ပေါက်တောက ရွာတရွာမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ စွပ်စွဲ ပြောဆိုတာနဲ့ ပတ်သက်ပြီးတော့ ICRC ရဲ့ အရေးပေါ်လူနာ ကယ်တင်ရေးနဲ့ အရေးပေါ် လူနာ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး အဲဒီရွာမှာ ဖြစ်ပျက်ခဲ့တာတွေကို ဆက်သွယ် ပြောကြားမှု မရှိခဲ့ပါဘူး။ တကယ်လို့ ဆက်သွယ် ပြောကြားခဲ့တယ်ဆိုရင် ICRC အနေနဲ့လည်း ဘယ်သူ့ကို မဆို ဆေးရုံကို အရေးပေါ် သယ်ဆောင်ပေးမှာ ဖြစ်ပါတယ်”လို့ ဖြေကြား ပါတယ်။
ICRC အနေနဲ့ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၈၀ ကျော်မှာ လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး အဲဒီလုပ်ဆောင်မှုတွေဟာ နိုင်ငံ တကာမှာ ကျင့်သုံးနေတဲ့ အခြေခံမူတွေ အတိုင်း ကျင့်သုံးနေတာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ICRC အနေနဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာ အောင်မြင်မှုမရရင် ရှေ့ဆက်လက် ဆောင်ရွက်ရမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မိုက်ကယ် ဘရိုင်ရယ်က“ဒါပေမယ့်လည်း တခြား ထည့်သွင်း စဉ်းစားရမယ့် အချက်ကတော့ ICRC အနေနဲ့ အကူအညီပေးရေး လုပ်ငန်း ရပ်လိုက်မယ် ဆိုရင် အကူအညီ မရရှိသေးတဲ့သူတွေ အတွက်လည်း ထည့်သွင်း စဉ်းစားရမှာပါ။ လက်ရှိကတော့ အာဏာ ပိုင်တွေရဲ့ ယုံကြည်မှုကို ရရှိထားပါတယ်။ အာဏာပိုင်တွေ အနေနဲ့လည်း အရိပ်အမြွက် ပြသချင်းမရှိပါဘူး။ အထူးသဖြင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်တဲ့ အတွက်လည်း ICRC ရဲ့ လုပ်ငန်းတွေအပေါ်မှာ ယုံကြည်မှုလည်း ရှိနေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
မြောက်ဦးမြို့ဒေသခံတွေရဲ့ တောင်းဆိုချက် ၉ ချက်ထဲမှာ နှစ်ဘက်ကို တန်းတူညီမျှ အကူအညီပေးရေး၊ ကူညီ ဆောင်ရွက်ဖို့ သွားတဲ့ ခရီးလမ်းကြောင်းတွေမှာ မြို့ဒေသခံ ကိုယ်စားလှယ်တွေ လိုက်ပါနိုင်ရေး၊ ရခိုင် လူမျိုးတွေ အတွက် ကူညီ ထောက်ပံ့တဲ့ ပစ္စည်း တွေကို ဒေသခံတွေ အတွက် စီမံခန့်ခွဲခွင့် ပေးရေး၊ သတ်မှတ်ထားတဲ့ နယ်မြေထက် ကျော်လွန်ပြီး လုပ်ငန်း မဆောင်ရွက်ရေး၊ ထောက်ပံ့ရေး ပစ္စည်းတိုင်းကို အသိပေး ပြောကြားပေးရေး စတဲ့ အချက်တွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။