ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က တိုင်းပြည်၏ အနောက်ဘက် တံခါးကို ကာကွယ်ရန် ဆိုသော ရည်ရွယ်ချက်ဖြင့် “၉၆၉” တရားပွဲများ ကျင်းပနေကြောင်း သိရသည်။
စစ်တွေမြို့တွင် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက် အထိ ၉၆၉ တရားပွဲများ ကျင်းပနေပြီး ပေါက်တော ၊ ရမ်းဗြဲ ၊ မာန်အောင် ၊ သံတွဲ ၊ တောင်ကုတ် ၊ ဘူးသီးတောင် ၊ မောင်တော ၊ မြေပုံ နှင့် ပုဏ္ဍားကျွန်း မြို့များတွင် ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် ဆရာတော် တပါး ဖြစ်သော မြနန်း ဆရာတော် ဦးသဒ္ဓမ္မက ဧရာဝတီသို့ မိန့်ကြားသည်။
“ရခိုင်ပြည်ကို လှည့်ဟော နေတာ ၁၀ ရက်လောက် ရှိသွားပြီ။ မင်းပြားမှာ မရမာကြီး လူမျိုးတွေကို ရှင်(၁၀၀)ပြုပွဲ လုပ်ပေးခဲ့ တယ်။ ၃ ရက် တရားစခန်းနဲ့ တွဲလုပ် ပေးခဲ့တာ။ မင်းပြား ပြီးတော့ အမ်း ၊ မြောက်ဦး ၊ ကျောက်တော်မှာ ဟောတယ်။ အခု စစ်တွေမှာ ဟောမယ် ။ ပြီးရင် ပေါက်တော ၊ ရမ်းဗြဲ ၊ မာန်အောင် ၊ သံတွဲ ၊ တောင်ကုတ် ၊ ဘူးသီးတောင် ၊ မောင်တော ၊ မြေပုံ ၊ ပုဏ္ဍားကျွန်း မြို့တွေမှာပါ အကုန်လိုက်ဟောမှာ”ဟု မုတ္တမမြို့ မြစေတီ ကျောင်းတိုက်မှ မြနန်းဆရာတော် ဦးသဒ္ဓမ္မက မိန့်သည်။
၉၆၉ အမည်ဖြင့် ဘာသာရေး ဆိုင်ရာ တရားပွဲများ ပြုလုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း ၂၀၁၂ ခုနှစ် အတွင်းက စစ်တွေမြို့၌ ပြုလုပ်ခဲ့သော တရားပွဲများတွင် ဘာသာခြားများကို လက်မခံရန် ၊ အစ္စလမ်များသည် ပြဿနာကို ဖန်တီးနေသည် ဆိုသော ဟောကြားချက်များ ပါဝင်ခဲ့သည့်အတွက် ယင်းဟောပြောမှုမျိုးကို လက်မခံနိုင်ကြောင်း စစ်တွေမြို့အနီး ဒုက္ခသည်စခန်း တခုတွင် နေထိုင်သူ အစ္စလမ် ဘာသာဝင် ကိုအောင်ဝင်း က ပြောသည်။
“တရားကတော့ ဟောလို့ ရတာပဲလေ။ သူတို့ အမျိုးဘာသာ သာသနာကိုပဲ စောင့်ထိန်းဖို့ ပြောမယ်ဆိုရင် ကျနော်တို့ကို ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် မနှစ်က လုပ်ခဲ့သလို ဒီဘင်္ဂါလီ လူမျိုးတွေကို လက်မခံဖို့ ။ အစ္စလမ်တွေက လူမျိုးရေးကို ဖန်တီးနေတယ်။ အစ္စလမ်တွေက ပြဿနာ လုပ်နေတယ်လို့ ထပ်ဟောရင်တော့ မကောင်းဘူး။ တဖက်ကို ထိခိုက် ဟောပြောမယ် ဆိုရင်တော့ ကျနော် တို့ လက်ခံလို့ ဘယ်ရမလဲ”ဟုလည်း ကိုအောင်ဝင်းက ဆိုသည်။
၉၆၉ တရားပွဲများကို အစ္စလမ် ဘာသာဝင် တချို့က စိုးရိမ်မှုရှိသော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အဆိုပါ တရားပွဲများကြောင့် မည်သည့် ပြဿနာမှ မရှိနိုင်ကြောင်း ၊ ယခု တရားပွဲများသည် နှစ်စဉ် ပြုလုပ်နေကျ တရားပွဲများ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သတင်း ထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
“တရားပွဲကတော့ သူ့ဘာသာ ဟောတာပဲ။ သတင်း ထုတ်ပေးတာမျိုး မလုပ်ပါဘူး။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးတွေ ဘာတွေလဲ ကျနော် မသိဘူး။ တရားဟောမယ် ဆိုတာပဲ သိတယ်။ ဒီမှာလဲ အမြဲတန်းလည်း လုပ်နေကြတာပဲလေ။ အခုက ဗုဒ္ဓဘာ သာရှိတဲ့နေရာမှာ လုပ်တာ။ မွတ်စလင်တွေ ရှိတဲ့နေရာမှာ လုပ်တာမဟုတ်ဘူး။ တရားပွဲ ရှိလို့လဲ ဒီမှာ ဘာပြဿနာမှမရှိဘူး”ဟု လည်း ဦးဝင်းမြိုင်က ဆိုသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့အနေဖြင့် “၉၆၉”တရားပွဲများ ကျင်းပရခြင်းမှာ ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း ငြိမ်းချမ်းရေး ရရှိရန်၊ နှလုံးသားထဲသို့ ဓမ္မအသိဉာဏ် ထည့်ပေးပြီး ကိုယ့်လူကိုယ် လာရောက် ဆုံးမခြင်း ဖြစ်ကြောင်း ၊ ဘာသာခြားများ အနေဖြင့် လည်း ကိုယ့်လူ့ကိုယ် အသိဉာဏ် ပေးဝေရန် လိုအပ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များက
မိန့်ကြားသည်။
“နှလုံးသားထဲကို ဓမ္မ အသိဉာဏ် ထည့်ပေးပြီး ကိုယ့်လူကို ဆုံးမတာ ကာကွယ်တာပေါ့။ တခြား ကာကွယ်နည်း တွေကတော့ အစိုးရပိုင်းက လုပ်လိမ့်မယ်။ အဲလိုဖြစ်ဖို့ ကိုယ့်ဘက်ကလူပဲ ကိုယ်တတ်နိုင်တယ်လေ။ တဖက်လူတွေကိုလည်း အဲလို အသိ ဉာဏ်တွေ ရှိအောင် ထည့်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ သူတို့ဘက်မှာကျတော့ အသိဉာဏ်ပေးဝေမှု အား အရမ်းနည်းတယ်”ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော ဆရာတော်တပါးက မိန့်ကြားသည်။
စစ်တွေမြို့သို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ အရှင် ဉာဏိသာရ ၊ လမ်းပြကြယ် ဆရာတော် ၊ ဘီးလင်းမြို့မှ ငြိမ်းချမ်းရိပ်မြုံ ဆရာတော် ၊ မြနန်းဆရာတော် ဦးသဒ္ဓမ္မက ၊ မြစေတီ ဆရာတော် အပါအဝင် ဆရာတော် ၇ ပါးခန့် ရောက်ရှိနေကြောင်း သိရသည်။ အများစုမှာ မော်လမြိုင်မြို့တွင် သီတင်းသုံးလျက် ရှိသော ဆရာတော်များ ဖြစ်သည်။
“အချင်းချင်း ကူညီစောင့်ရှောက်ဖို့ရယ်။ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ဟောတာ။ အဲဒီလို ဟောတာဟာ လူမျိုးရေး ခွဲခြားတာ မဟုတ် ဘူး။ တချို့က ကျုပ်တို့ကို လူမျိုးရေး ခွဲခြားတယ်လို့ မြင်တာ။ ပြီးတော့ ၉၆၉ ကို အတင်း တရားခံ လုပ်တယ်။ ၉၆၉ ဆို တာက တလုံးချင်းလည်း အဓိပ္ပာယ် ရှိတယ်။ ပေါင်းရင်လည်း အဓိပ္ပာယ်ရှိတယ်။ တလုံးချင်းက ဘုရား၊ တရား၊ သံဃာဂုဏ် ဖြစ် သလို ပေါင်းချင်း ဆိုရင်လည်း ၂၄ ပစ္စည်း ပဌာန်း ဖြစ်တယ်။ သူတို့လည်း သူတို့ဆိုင်မှာ ဝယ်ဖို့ ။ သူတို့ စည်းကမ်းရှိဖို့ လုပ်တာပဲ။ သူတို့ အချင်းချင်း သိဖို့ ဒီ(၇၈၆) ဂဏန်းကို ရည်ရွယ်ချက် ရှိရှိ လုပ်နေတာပဲ။ ဘယ်ဗုဒ္ဓဘာသာကမှ သူ့တို့ ဂဏန်းကို ဆန့်ကျင်တာ မလုပ်ဘူး။ ဘာလို့ ဘုန်းကြီးတို့ ၉၆၉ ကိုကျမှ အတင်း တရားခံ လုပ်ချင်နေကြလဲ မသိဘူး”ဟု မြနန်း ဆရာတော် ဦးသဒ္ဓမ္မက မိန့်သည်။
မြန်မာပြည် အနောက်တံခါးကို ကာကွယ် နေကြသော ရခိုင် တိုင်းရင်းသားများနှင့် ရခိုင် သံဃာတော်များကို အသိအမှတ် ပြုသည့် အနေဖြင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ဒကာ၊ ဒကာမများနှင့်တွေ့ဆုံကာ လိုက်လံ တရားဟောခြင်း၊ သံဃာတော်များကို ကန်တော့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၉၆၉ ဦးဆောင် ဆရာတော်များက မိန့်သည်။
“မြန်မာပြည်ရဲ့ အနောက် တံခါးကို သာသနာနဲ့ ကာမှ ရမယ်။ ရခိုင် ပြည်သူပြည်သားတွေကို ဘာသာရေး အသိတရားတွေလည်း ပေးဝေချင်တယ်။ သူတို့ရဲ့ ချစ်ခင် ရင်းနှီးမှုကိုလည်း ရချင်တယ်။ ပြည်မက သူတို့ကို ပစ်ထားတယ်လို့ ခံစားနေကြရတာ။ သူတို့ကို ပစ် မထားဘူး။ လှိုက်လှိုက်လှဲလှဲ ရှိပါတယ် ဆိုတာကို လာပြတာ။ သူတို့ဟာ နိုင်ငံအတွက် ၊ အမျိုးဘာသာအတွက် တံခါးမှူးနဲ့ တူ တယ်ဆိုတဲ့ အကြောင်း ၊ ခံတပ်ဖြစ်တယ် ဆိုတဲ့ အကြောင်း ၊ တံခါးမှူးကောင်းမှ အိမ်အတွင်းက လူတွေ ချမ်းသာရမယ်ဆိုတဲ့ အကြောင်း လာဟောတာ။ ရခိုင်တွေဟာ တံခါးမှူးကောင်းတွေ ဖြစ်တယ်။ တကယ်လည်း ရခိုင်မို့လို့ ကျန်တဲ့ လူမျိုးသာဆိုရင် ကြာပြီ ကုန်တာ”ဟု မြနန်းဆရာတော်က မိန့်ကြားသည်။
ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများကြောင့် လူပေါင်း ၁၉၂ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။