ထိုင်းနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်ပြချက်ကို လက်ရှိ အာဏာရထားတဲ့ အစိုးရက လက်မခံဘူးလို့ မနေ့တုန်းက ရုပ်သံကနေ တဆင့် ထုတ် ပြန် ပြောဆို လိုက်ပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ထိုင်းနိုင်ငံ ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ အခြေခံဥပဒေအရ အတည်ပြုထားပြီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် ပေါင်ထက်ပ် ထက်ပ်ကန်ချနာ (Pongthep Thepkanjana) က ထိုင်း ရုပ်သံလိုင်း အားလုံးမှာ အရေးပေါ် ကြေညာချက် တရပ် အနေနဲ့ ပြောသွားတာပါ။
“လွှတ်တော်ကို ဖျက်သိမ်းထားပြီဆိုတော့ ထိုင်း အခြေခံ ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရ မယ်၊ ဒါမှ အစိုးရသစ်တရပ် တက်လာပြီး နိုင်ငံအတွက် ပြည်သူတွေလိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လို့ရမယ်”လို့လည်း သူက ပြောဆို ပါတယ်။
ရွေးကောက်ပွဲကို ရွှေ့ဆိုင်း လိုက်မယ်ဆိုရင် အကြမ်းဖက်မှုတွေ ပိုမိုကြီးထွားလာနိုင်တဲ့ အကြောင်းလည်း ပေါင်ထက်ပ် ထက်ပ် ကန်ချနာက ဆက်ပြောပါတယ်။
ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စားပွဲဝိုင်းပေါ်မှာ အတိုက်အခံပါတီ ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောကြားခဲ့ပေမယ့် ဖြစ်မလာဘဲ လွှတ်တော်ကို ဖျက်သိမ်းပေးပြီး ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်သူတွေ စာရင်းသွားပေးတဲ့ရုံးအနီးမှာ ဆန္ဒပြသူတွေက ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုရေး၊ မှတ်ပုံမတင်ရေး လှုံ့ဆော် ဟောပြောရာကနေပြီးတော့ လုံခြုံရေးယူထားတဲ့ တာဝန်ရှိသူတွေနဲ့ ပြဿနာ စဖြစ် တယ်လို့ သိရပါတယ်။
ပြဿနာ ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူတဦးနဲ့ လုံခြုံရေး ဝန်ထမ်းတဦး သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြထားတယ်။
ဆန္ဒပြ ခေါင်းဆောင် ဆူထေ့ပ် သပ်ဆူဗန်ကတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ယင့် လပ် ရှင်နာဝပ်ကို ထောက်ခံတဲ့ သူနဲ့ ဆန္ဒပြသူတွေကို အပစ်တင်နေကြသူတွေက အကြမ်းဖက်မှုတွေ အပေါ်မှာ တာဝန်ရှိ တယ်လို့ ပြောဆိုမှုကိုတော့ သူ့အနေနဲ့ လက်မခံဘူးလို့ ဆိုကြောင်း ထိုင်းနိုင်ငံ Daily News သတင်းမှာလည်း ပါရှိပါတယ်။
ထိုင်းလုံခြုံရေး တာဝန်ရှိသူ တဦး ပြောပြချက်အရ အတိုက်အခံ ဒီမိုကရက်ပါတီ အနေနဲ့ ရွေးကောက်ပွဲ မဝင်ဘူးဆိုတော့ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန်အထိ အတိုက်အခံ လုပ်သွားနိုင်တယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဒါပေမယ့် မနက်ဖြန် နယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့်သူတွေ စာရင်း ပေသွင်းကြတော့မယ်လို့ သူက ဆက်ပြောတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့နယ်မှာ လက်ရှိ အစိုးရ ပါတီက ၁၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ အခုလဆန်းပိုင်းက စတင်ပြီးတော့ လက်ရှိအစိုးရ နုတ်ထွက်ပေးရေး အတွက် ဆန္ဒပြမှုတွေဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်တက်လာပြီး လက်ရှိအချိန်အထိ နိုင်ငံရေးပြေလည်မူရရှိရေး လမ်းစမပေါ်သေးပေ။
အခုလို ပဋိပက္ခတွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်းကတော့ ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက် ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လပ် က လွှတ်တော်ထဲမှာ အတည်ပြုခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။