၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ စစ်ကြောရေး စခန်းများနှင့် အကျဉ်းထောင်များ အတွင်း ကျဆုံးသွားခဲ့ရသော နိုင်ငံရေး အကျဉ်းသား ၅၄ ဦးအား ဂုဏ်ပြုသည့်အခမ်းအနားကို လာမည့်နှစ်ဆန်း ဇန်နဝါရီလ ၂ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံးကျင်းပ မည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများ အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း AAPP တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
“အကျဉ်းထောင်တွေနဲ့ စစ်ကြောရေး စခန်းတွေထဲမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အမေ့ခံလို ဖြစ်နေပါတယ်၊ ဒါကြောင့် သူတို့ကို ကျနော်တို့က မမေ့ဘူး၊ သူတို့ရဲ့ စွန့်လွှတ် စွန့်စားမှုတွေကို ကျနော်တို့က အသိအမှတ် ပြုတယ်၊ ဂုဏ်ပြုတယ် ဆိုတာကို ကျနော်တို့ ပြချင်တယ်”ဟု ၎င်းက ဆိုသည်။
ဦးဘိုကြည်က “နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ပတ်ဝန်းကျင်မှာ ခေါင်းမော့ပြီး နေနိုင်ဖို့ အတွက် စိတ်ဓာတ် ခွန်အားပေးတဲ့ ပုံစံမျိုးနဲ့ ဒီလို ဂုဏ်ပြုတာပါ။ ဒီလိုမျိုး ဒီလူတွေ ကျဆုံးသွားရတာရဲ့ အဓိက တရားခံကို ကျနော်တို့ကလည်း ဖော်ထုတ်ချင် တယ်”ဟု ၎င်းက ဆက်ပြောသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု နောက်ပိုင်း စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင်များ အတွင်း ကွယ်လွန်သူ စုစုပေါင်း ၁၆၂ ဦး ရှိပြီး အဆိုပါ ကျဆုံးသွားသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများစုကို အဓိက ဖမ်းဆီး နှိပ်စက်သူများမှာ တချိန်က တန်ခိုးထွားခဲ့သည့် စစ်ထောက်လှမ်းရေး အဖွဲ့များဖြစ်သည်။ တချို့သည် စစ်ကြောရေးစခန်းများတွင် နှိပ်စက် ညှဉ်းပန်းခံရပြီး သေဆုံးရသူများ ဖြစ်ကြောင်း ဦးဘိုကြည်က ရှင်းပြသည်။
“အထူးသဖြင့် ဒီလူတွေကို ဖမ်းတာ စစ်ထောက်လှမ်းရေးတွေက ဖမ်းတာ ဖြစ်ပါတယ်။ စစ်ကြောရေးမှာ ကျဆုံးတဲ့သူတွေက လည်း ထောက်လှမ်းရေး နှိပ်စက်ရင်းနဲ့ သေဆုံး သွားရတာပါ။ အဲဒီအတွက် ဗိုလ်ချုပ် ခင်ညွှန့်မှာ တာဝန်ရှိတယ် ဆိုတာကိုလည်း ကျနော်တို့က မီးမောင်းထိုး ပြချင်တယ်”ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ် ခင်ညွှန့် အနေဖြင့် တချိန်က စစ်ထောက်လှမ်းရေး၏ နှိပ်စက် ညှဉ်းပန်းမှုများ ခံစားခဲ့ရသူများအား တောင်းပန်ရန် လို အပ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုများ ဘဝပျက်ခဲ့ရသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍လည်း တာဝန်ရှိကြောင်း ပြ သကဲ့သို့ ကျဆုံး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုပွဲကို ကျင်းပခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“လတ်တလောမှာ အစိုးရ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာ တရားဝင် အသိအမှတ် မပြုသေးပါဘူး”ဟု ဦးဘိုကြည်က ဆိုသည်။
ယင်းအတွက် လွှွတ်တော်နှင့် အစိုးရတို့ကပါ နိုင်ငံရေးအကျဉ်းသားများ အဖြစ် တရားဝင် အသိအမှတ်ပြုလာရေး ဆက်လက် တိုက်တွန်း သွားမည်ဟု ၎င်းက ဆက်ပြောသည်။
မြန်မာပြည်သူများက ၎င်းတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုသည့် ဂုဏ်ပြုပွဲတွင် ဘဏ္ဍာရေး အခြေအနေအရ အမေရိကန် အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပံ့ပိုးရေး အဖွဲ့တခု ဖြစ်သော NED ၏ လူ ၅၀ အတွက် ကူညီမှု၊ ပုဂ္ဂလိက အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေများဖြင့် ပထမအသုတ် အနေနှင့် ကျဆုံး နိုင်ငံရေး အကျဉ်းသား ၅၄ ဦး၏ မိသားစုများကို မိသားစု တစုလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ပံ့ပိုးကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွားမည် ဖြစ်သည်ဟု သိရသည်။
ဂုဏ်ပြုခံရမည့် ကျဆုံး နိုင်ငံရေး အကျဉ်းသား ၅၄ ဦးထဲမှ စစ်ထောက်လှမ်းရေးများ၏ နှိပ်စက် ညှဉ်းပန်းမှုဖြင့် ရေကြည်အိုင် ထောက်လှမ်းရေး စစ်ကြောရေး စခန်းတွင် ကျဆုံးသွားခဲ့သူ ဆိပ်ကမ်း အရာရှိတဦးဖြစ်သူ ဦးမောင်ကို၏ သမီးကြီး မဝေဝေက မျှော်လင့် မထားသော်လည်း ယခုကဲ့သို့ တန်ဖိုးထား ဂုဏ်ပြုသည့် အတွက် ဝမ်းသာမှု ဖြစ်သကဲ့သို့ သတိရမှုလည်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီဝင် ဦးမောင်ကိုသည် စစ်ထောက်လှမ်းရေး မဖမ်းဆီးခင်က ကျန်းမာစွာ ရှိခဲ့သော် လည်း စစ်ထောက်လှမ်းရေး၏ စစ်ကြောရေး စခန်း၌ ၁၆ ရက်အကြာ မတရားအနှိပ်စက်ခံရပြီး ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၉ ရက် တွင် သေဆုံးသွားခဲ့သူ တဦး ဖြစ်သည်။
ယခင်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများသည် ဆွေးမျိုး အသိုင်းအဝိုင်း အပါအဝင် ပတ်ဝန်းကျင်၏ ကျဉ်ဖယ်ခြင်း ခံထားရသည့် ခါးသီးမှုများစွာ ရင်ဆိုင်ခဲ့ရကြောင်း၊ တချို့လည်း စာနာမှုများ ရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေး ပွင့်လင်းမှုများ ရှိလာခြင်းသည် အသက်၊ သွေး၊ ချွေး ပေးဆပ်သွားခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားများ၏ အထောက်အပံ့သည် အဓိက ဖြစ် သည် ဟု ယုံကြည်ကြောင်း မဝေဝေက ဆိုသည်။
“ဒီလို လူတွေက အသက် စတေးခံပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ကြလို့ ဒီလိုမျိုး နိုင်ငံရေး ပွင့်လင်းစ ပြုလာတဲ့ အခြေအနေ ရောက်လာ တယ်လို့ ကျမတို့ အနေနဲ့ အပြည့်အ၀ ယုံကြည်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ကွယ်လွန်သွားကြသော နိုင်ငံရေး အကျဉ်းသားဟောင်းများသည် ပွင့်လင်းစ ပြုလာသည့် နိုင်ငံရေး အခင်းအကျင်းကို မြင်ခွင့် မရကြသော်လည်း ၎င်းတို့ အနေဖြင့် မျှော်လင့် ရည်မှန်းထားသော စစ်မှန်သည့် နိုင်ငံရေးပြောင်းလဲမှု ပုံစံသို့ ရောက်ရှိရန် ကျန် ရစ်သူများက အားစိုက် ဖော်ဆောင်ရမည့် တာဝန်ရှိသည်ဟုလည်း ယုံကြည်ကြောင်း မဝေဝေက ပြောသည်။
ယခုကဲ့သို့ ကျဆုံးသွားသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုခြင်းသည် နောင်လာမည့် အမှန်တရား ဖော်ထုတ်ရေး အတွက် အထောက်အပံ့ ဖြစ်မည်ဟု ယုံကြည်ကြောင်း ဦးဘိုကြည်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ယခုထိ နိုင်ငံရေး အကျဉ်းသားပေါင်း ၁ သောင်းကျော် ရှိနိုင်သည်ဟု နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားသူများက ခန့်မှန်းထားကြသည်။
၁၉၈၈ ခုနှစ် နိုင်ငံတဝန်း ဒီမိုကရေစီ ဆန္ဒပြမှုများအတွင်း စစ်တပ်မှ သေနတ်နှင့် ပစ်ခတ်ဖြိုခွင်းသဖြင့် သေဆုံးသူ အနည်းဆုံး ၃ ထောင် ကျော် ရှိနိုင်ကြောင်း နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်သူများက ပြောဆိုကြသည်။